နွားခြံသာ အမိ၊ နွားခြံသာ အဖဆိုတဲ့ နွားပုတကောင်ရဲ့ ဖွင့်ဟဝန်ခံချက်
အခါတစ်ပါး၌ ပုရိသရှားပါးလှသည့် အရပ်ဒေသတွင် အမျိုးသမီးတစ်ဦးသည် ရှိ၏။ သူသည် အချိန်တန် အရွယ်ရောက်လေလျှင် သွေးသားဆန္ဒတောင့်တလျက်ရှိရကား လူသူတိတ်ဆိတ်သည့်အခါတွင် နွားခြံတွင်းသို့ ဝင်ပြီး နွားပုတစ်ကောင်ဖြင့် မေထုန်အမှုကို ပြုမိလေသည်။
သူ၏ စိတ်အထင်ကား နွားအား လူအမှတ်ဖြင့်စွဲယူနေသည်။ ဤအစွဲကြောင့်ပင် အကြင်မိန်းမ၌ ပဋိသန္ဓေတည်ပြီး သားယောကျ်ားလူပုကလေးအား ဖွားလေ၏။
နွားဖြင့်စပ်သော ဤသူငယ်သည် အသွင်အပြင်အရ လူဖြင့်တူသော်ငြား နွားကဲ့သို့ သွားလာပြီး နွားအသိသာရှိကာ၊ ယခင်က လူတို့ဖြင့် စည်ကားနေတတ်သော ခြံကျယ်ကြီးကို သိမ်းကာနွားခြံဆောက်ပြီး ထိုခြံအတွင်း၌သာ နေလေသည်။
သူနှင့် ကစားဖော် ကစားဖက်အပေါင်းအပါများသည်လည်း တံငါနားနီး တံငါဆိုသကဲ့သို့ နွားစိတ်များဝင်ကြကုန်၏။ ပြီးလျှင် ဤသို့ဆို၏။
ဤနွားခြံတွင်းသို့ ဝင်လေလျှင် စိုပြေစိမ်းလတ်သော မြက်တို့ကို စားရလတ္တံ့၊ နေရာ အိပ်စရာလည်း ပေး၏။ အဖိုးအခလည်း ချီးမြှင့်သေး၏။ ပြီးလျှင် နွားဟူသည် လူတို့၏ ကျေးဇူးရှင်ဖြစ်၏။ နွားမရှိလျှင် လူတို့ အဆင်မပြေနိုင်၊ ငါတို့ နွားများရှိ၍သာ အကြင်လူသားတို့ ခေါင်းပြားအောင် အိပ်နိုင်ကြ၏။
ငါတို့ နွားများသည် လူများ၏ ကယ်တင်ရှင်ဖြစ်လေသည်။ လူတို့အား အလုပ်အကျွေးပြုရန် လယ်ထွန်နည်း၊ ထမ်း/ပိုးနည်းများကိုလည်း ဤနွားခြံမှ သင်ပေးမည်။ ဤနွားခြံမှ သင့်အား အလိုရှိသည်။ ငါ့သားများ ကြီးလာရင်ပြောပြလိုက်စမ်းပါ၊ ဟောဒီနွားခြံထဲရောက်ရင် နွားကောင်းတစ်ကောင် ဖြစ်လာလိမ့်မည် ဟု ဂုဏ်ယူကြွေးကြော်ကြလေသည်။
အနှီနွားဝါဒမှိုင်းသည် အောင်မြင်သည်ဟု ဆိုရပေမည်။ အချို့သည် နွားခြံသို့ရောက်လျှင် အရာရာတတ်သိသောနွား၊ ဘယ်ထမ်းပိုးပဲ ထမ်းထမ်း ထမ်းတတ်သည်။ ငါတို့နွားတွေသည် အရာရာကို ဦးဆောင်ရမည်ဟု မှတ်ယူကြကုန်၏။
လူ့လောက၌ နွားတို့သည် အရေးပါသော နွားမျိုးစိတ်အခန်းကဏ္ဍအရ လူလောက၌ ပါဝင်နေရမည်ဟု ခံယူကြကုန်၏။ အသိပညာ နုံနဲ့သူအချို့သည်လည်း နွားကြီးစကား နွားငယ်ကြားဆိုသကဲ့သို့ ဝါဒမှိုင်းများမိပြီး နွားခြံသို့ ဝင်ကြလေ၏။
နွားဖြင့်စပ်သောခေါင်းဆောင် နွားပုလေးသည် အသစ်ဝင်လာသော နွားများအား အကြောက်တရားဖြင့် နွားဇာတ် သွင်းလေ၏။ နဖားကြိုးထိုးကာ ဘူးဘဲ အော်ခိုင်း၏။ ခြေကိုမြှောက်စေ၊ လက်ကို မြှောက်စေလျက် ဤကား နွားဥပဒေဟု သတ်မှတ်ပြီး အုပ်ချုပ်၏။ ရှေ့ဦးစွာ ဝင်လာသည့် နွားအား စီနီယာနွား အဖြစ် သတ်မှတ်ပြီး နောက်မှ ဝင်လာသောနွားအား နိုင်စားစေသည်။
ဂျူနီယာနွားများ မြက်စားနေခိုက် စီနီယာနွားများ ရောက်လာလျှင် ထိုမြက်ခင်းမှ နေရာဖယ်ပေးရ၏။ စီနီယာနွားသည်ကား ဂျူနီယာနွားများကို နိုင်စားခွင့် ရှိကြ၏။ ဂျိုဖြင့် ခတ်ခွင့်ရှိ၏။ ခွာဖြင့် ကန်ကျောက်ခွင့်ရှိ၏။ ဝမ်းဘဲဟု အော်ပြီး ဆဲခွင့်ရှိ၏။ ဤတွင်မကသေး။
နွားခြံထဲရောက်လျှင် နွားများကို သွေးမခွဲရ။ နွားအချင်းချင်း သွေးခွဲလျှင် ကြိမ်ဒဏ်အပါအဝင်/ နှစ်ရှည် ခြံခတ်ခံရမည်။ နွားခြံအား မကောင်းသတင်းမပြောရ။ နွားခြံအား မပုန်ကန်စေရ။ ပုန်ကန်ပါက နွား-တ်ရုံ ပို့မည်ဟူသော အကြောက်တရားကိုလည်း နွားဥပဒေ အဖြစ်ပြဌာန်းထားသေး၏။
နွားခြံအင်အားရှိမှ လူသားများ အင်အားရှိမည်ဟု အော်ပြီး နွားသစ်များ စုဆောင်းရှာဖွေစေ၏။ နွားတစ်ကောင်ရလျှင် မြက်နှစ်ထုံးပေးမည်ဟု နွားဆွယ်တရားဟောလေ၏။ အလိမ်အညာများဖြင့် နွားဖြစ်လာရသော နွားများအား နွားရိုင်း-တ်ကွင်းများသို့ ပို့ကြ၏။ လူသည် အနီရောင်ပါသော အဝတ်စပြလျှင် နွားသည် ဂျိုဖြင့်ခတ်ချင်လာအောင် လေ့ကျင့်ပေး၏။
ကြံ့ခိုင်စေရန်အလို့ငှာ နွားသတ်ကွင်း သွားရလေလျှင် ခြင်းကြားကြီးများ လွယ်စေ၏။ ငှက်ပြောတုံးများ စားကြရလေ၏။ သို့တိုင် နွားစိတ်ဝင်နေပြီဖြစ်သော နွား များသည် နွားခြံအား စိတ်မနာကြဘဲ ငါတို့လို ငှက်ပြောတုံးစားနိုင်လားဟုပင် ဂုဏ်ယူကြသေး၏။
လူဗီဇပါသောလူအချို့သည်ကား နွားခြံကို မုန်းတီးပြီး နွားခြံမှထွက်ရန်ကြံကြလေသည်။ ဤသို့ နွားခြံအား ပုန်ကန်လျှင် နွားခေါင်းဆောင်သည် ဓာတ်တိုင်များတွင် ထိုပုန်ကန်သူ၏ အမည်ကို ခွာဖြင့်ခတ်၍ ဤသူကား နွားခြံအား ပုန်ကန်သူအဖြစ် တံဆိပ်ခတ်ကြ၏။
နွားအချို့သည်ကား နွားဖြစ်ရသည်ကိုပင် ဂုဏ်ဟူမဆုံးဖြစ်ပြီး ခွာဖြင့်ကန်ခွင့်၊ ဂျိုဖြင့် ခတ်ခွင့်အပေါ် သာယာပြီး နွားဘဝကိုသာ ပို၍ မက်မောကြပြန်၏။ နွားခြံသာ အမိ၊ နွားခြံသာ အဖဟု မှတ်ယူကြ၏။အထက်နွားက ခိုင်းစေလျှင် ကိုယ့်မိဘကိုပင် သံဝါသပြန်ပြုကြမည်အထိ ရိုကျိုးကြကုန်၏။
ခြင်းကြားကိုလွယ်စေ၍ လည်းကောင်း၊ မသေမြက်/မသေရုံတမယ် ငှက်ပြောတုံးစားနေရသော်ငြား နွားတရား၌သာ သက်ဝင်ယုံကြည်လေရာ နွားများကိုသာ ကိုးကွယ်၏။ နွားခြံကိုသာ ကာကွယ်၏။ နွားတရားကိုသာ နာခံ၏။ အထက်မှ စီနီယာနွားများအား နွားအဘ ဟုခေါ်ဝေါ်ကာ နွားအဖြစ် ကိုသာ ခုံမင်ကြလေ၏။
ထိုထိုသော နွားများသည် လူတို့၏ တံတွေးခွက်/ သေးခွက်၌ ဘူးဘဲအော်ပြီး ပက်လက်မျောကြမည်သာတည်း။
(ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ နွားဋီကာတွင် မပါသောစာ)
ဝါ နု သော်