လွမ်းမောဖွယ်ကောင်းလှတဲ့ ကရင်ပြည်နယ်ရဲ့ တချိန်တခါက ဒူးရင်းသီး စတုဒီသာပွဲတော်

ယခုလို ဒူးရင်းသီးတွေ လှိုင်လှိုင်ပေါ်တဲ့ ရာသီရောက်ရင် ချစ်စရာကောင်းတဲ့ ကရင်ပြည်နယ်က ပွဲတော်တခုကို သတိရပါတယ်။ စာဖတ်သူအနေနဲ့ ၂၀၁၈ ဝန်းကျင်ကတည်းက ဖေ့ဘုတ်သုံးခဲ့မယ်ဆိုရင် အွန်လိုင်းပေါ်မှာ ဟိုးလေးတကျော်ကျော် ဖြစ်သွားတဲ့ ကိစ္စကို မှတ်မိဦးမှာပါ။

၂၀၁၈ ခုနှစ် မေလ ၁၂ ရက်နေ့မှာ ဒူးရင်းသီး စတုဒီသာ လုပ်မယ့်သတင်းက ဒူးရင်းသီးကြိုက်တဲ့ အွန်လိုင်း အသုံးပြုသူတိုင်းရဲ့ စကားဝိုင်းမှာ မပါမဖြစ် ဖြစ်ခဲ့ပါတယ်။

အဆိုပါ ဒူးရင်းသီး စတုဒီသာပွဲတော်ကို ကရင်ပြည်နယ် ကော့ကရိတ်မြို့ လောင်းကိုင် ကြာအင်း ကျေးရွာမှာ ဒူးရင်းသီး ပေါ်တဲ့ မေလရောက်တိုင်း နှစ်စဉ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လောင်းကိုင် ကြာအင်းကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံမှာ ကျင်းပ ပြုလုပ်တာ ဖြစ်ပြီး မည်သူမဆို အခမဲ့ စိတ်ကြိုက် စားသောက်နိုင်တဲ့ စတုဒီသာပွဲ ဖြစ်ပါတယ်။

အလှူရှင်များ ဖြစ်တဲ့ ဒူးရင်းခြံပိုင်ရှင်တွေက အကောင်းဆုံး အပင်က အသီးတွေကို သံဃာများကို ကပ်လှူတာဖြစ်ပြီး လာသမျှ လူတိုင်းကိုလည်း ခြံထွက် ဒူးရင်းသီးတွေနဲ့ ဧည့်ခံကြတာ ဖြစ်ပါတယ်။

ရိုးသားဖြူစင်တဲ့ တိုင်းရင်းသားတွေရဲ့ စေတနာပါတဲ့ ကျွေးမွေး ဧည့်ခံမှုကြောင့် ဒူးရင်းသီးကြိုက်သူများအကြား နာမည်ကြီးခဲ့ပြီး ရန်ကုန်ကနေ တကူးတက သွားစားခဲ့ကြတဲ့သူတွေ ရှိတယ်လို့ သိရပါတယ်။

တနေ့က သတင်းတပုဒ်မှာ ဖော်ပြထားတဲ့ ထိုင်းနိုင်ငံရဲ့ ဒူးရင်းသီးဘူဖေးလောက်ကတော့ ကရင်ပြည်နယ်ရဲ့ ဒူးရင်းသီး စတုဒီသာက အိပ်နေသလောက်ပဲ ရှိပါလိမ့်မယ်။ ကျွေးသူတွေက စေတနာ ပါပါနဲ့ ကျွေးသလို စားသူတွေကလည်း အားရပါးရ စားနေကြတဲ့ မြင်ကွင်းက ကြည်နူးစရာပါပဲ။

ယခုနှစ်မှာ မတည်ငြိမ်တဲ့ နိုင်ငံရေးတွေကြောင့် ဒူးရင်းသီး စတုဒီသာပွဲကို မပြုလုပ်နိုင်ခဲ့ပေမယ့် ပြည်သူတွေ အောင်ပွဲ ရလို့ တိုင်းပြည် ငြိမ်သက်သွားရင်တော့ စေတနာရှင်တွေက ဒီပွဲတော်ကို ပြန်လည် ကျင်းပသွားမယ်လို့ သိရပါတယ်။ သဒ္ဓါတရားမှာ ဘယ်သူမှ ယှဉ်လို့ မရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အလှူအတန်း ရက်ရောမှုကတော့ လက်ဖျား ခါလောက်ပါတယ်။ အလှူရှင်တွေရဲ့ စေတနာကို ဂုဏ်ပြုရင်း ဒူးရင်းသီး ချစ်သူတွေလည်း အလွမ်းပြေသွားစေဖို့အတွက် ဒူးရင်းသီး စတုဒီသာပွဲတော်က ပုံရိပ်အချို့ကို ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page