ဖတ်တဲ့သူတွေ ကြက်သီးမွေးညှင်းထသွားစေမယ့် မိုင်းဖုန်းဆရာတော်ရဲ့ ဂူထဲက အတွေ့အကြုံ

မိုင်းဖုန်းဆရာတော်ဘုရားဂူထွက်တော်မူခါနီးပါပြီ။ ဘာသာပြန်သူတောင် ကြက်သီးထတဲ့ ဂူထဲကအတွေ့အကြုံရေးလာတဲ့ မိုင်းဖုန်းဆရာတော်ရဲ့စာ။ သာသနာတော်နှစ် ၂၅၆၆ ခု နယုန်လဆန်း ၁၅ ရက် (13.6.2022) မဟာမုနိဓမ္မဟိန်းမိုင်းကျက်ဂူမှ သားတပည့်အပေါင်း၊ အနယ်နယ်အရပ်မှ ဒကာဒကာမအပေါင်းတို့ထံ ပေးပို့သော မိုင်းဖုန်းဆရာတော်ဘုရား၏ မေတ္တာစာ။

ဆရာတော်လည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် သဘာဝဓမ္မနဲ့အတူ တရားဘာဝနာ မေတ္တာဘာဝနာ ပွားများကာ လွန်စွာတိုးတက်မှု ရှိလာပါတယ်။ မသိရှိသေးတဲ့အရာတွေ သိရှိလာသလို မမြင်ဖူးသေးတဲ့အရာတွေလည်း မြင်လာတယ်။ သဘောပေါက်လာတယ်။ ကာယလဟုတာ စိတ္တလဟုတာ ခန္ဓာကိုယ်ပေါ့ပါးမှု စိတ်ပေါ့ပါးမှုတွေဖြစ်ကာ ဗျာပါဒမှ ကင်းစင်ပါတယ်။ လိုလားတောင့်တမှုတွေ ကင်းစင်ပါတယ်။ သေမှာလည်း မကြောက်သလို သေတာကိုလည်း မလိုလားသေးဘဲ စိတ်ကို မဇ္ဈိမပဋိပဒါအဖြစ် ထားရှိပါတယ်။

သေခြင်းတရားဆိုတာ သေနေ့စေ့ရင် လူတိုင်းထံ ရောက်လာမှာပါပဲ။ ရုပ်နာမ်ရယ်လို့ မွေးဖွားလာကတည်းက သေခြင်းတရားကလည်း အနာဂတ်မှာ အဆင်သင့်စောင့်ဆိုင်းနေပါတယ်။ ဘယ်သူမှ မလွှတ်နိုင်ပါဘူး။ ဒါကြောင့် အသက်ရှင်စဉ်၊ ပထဝီ အာပေါ တေဇော ဝါယော ဓါတ်ကြီးလေးပါး မဖောက်ပြားမီ၊ ဝင်လေထွက်လေ မရပ်သေးခင် ကောင်းမှုကုသိုလ်တွေကို ပြုလုပ်ဆည်းပူးကြပါ။ ဒါနအစရှိတဲ့ ကောင်းမှုကုသိုလ်ပြုဖို့အတွက် စောစောစီစီး ရဲရဲရင့်ရင့် စိတ်ကို ပိုင်းဖြတ်ကြပါ။ အချိန်ကို အလဟသ မဖြုန်းတီးပါနဲ့။ မရဏရှင်သေမင်းကတော့ အချိန်ကို မစောင့်ဘူး။ နေ့စဉ်နဲ့အမျှ ငါတို့နဲ့ နီးနီးကပ်လာပါပြီ။ ဒါကြောင့် ကောင်းမှုကုသိုလ်အတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ကြပါ။ ဒါန သိလ သမထ ဝိပဿနာ သတိပဋ္ဌာန်တရားလေးပါးနဲ့အညီ မမေ့မလျှော့ဘဲ ကျင့်ကြံကြပါ။ သစ္စာတရားဟာ မိမိတို့ရဲ့ ခန္ဓာကိုယ်တွင်းမှာ တည်ရှိပါတယ်။

လောကအတွင်းမှာ ရှိတဲ့သဘာဝဓမ္မ သင်္ခါရဓမ္မတွေအားလုံးဟာ ဒို့တွေကို ညွှန်ကြားနေတဲ့ တရားတွေချည်းပါပဲ။ အချိန်တိုင်း နေရာတိုင်းမှာ ဒို့တတွေကို သွန်သင်ညွှန်ပြဆုံးနေကြတယ်။ ရုပ်နာမ်သဘောဟာ အမှန်တရားဖြစ်တဲ့ အနိစ္ဒ မမြဲခြင်း၊ ဒုက္ခ ဆင်းရဲခြင်း၊ အနတ္တ အစိုးမရခြင်း ဖြစ်ခြင်းပျက်ခြင်း၊ အနှစ်သာရကင်းမဲ့ခြင်းတွေပဲဖြစ်တယ်။ မွေးဖွားလာတာဟာလည်း သေနေ့ကို စောင့်နေရတာပါပဲ။ နေရင်းထိုင်ရင်း စားရင်းသောက်ရင်းနဲ့လည်း သေနေ့ကို စောင့်နေရတာပါပဲ။ မွေးဖွားလာပြီးတော့ အို၊ အိုပြီးတော့ နာ၊ နာပြီးတော့ သေဖြစ်နေတဲ့ ဘဝမှာ အချိန်ကို အလဟသမဖြုန်းပစ်ပါနဲ့။ သတိသံဝေဂတွေ ထားရှိကာ မိမိခန္ဓာကိုယ်အတွင်းမှာ သစ္စာတရားကို ဖွေရှာကြပါ။ ခန္ဓာကိုယ်အတွင်းမှာ ငြိမ်းချမ်းတဲ့ အသင်္ခတ နိဗ္ဗာန်ကို ရှာကြပါ သူတော်ကောင်းအပေါင်းတို့။ တရားသည်သာလည်း ငြိမ်းချမ်းပြီး ဘေးရန်အပေါင်းမှ လွှတ်မြှောက်စေနိုင်ပါတယ်။

အချိန်တွေ ကုန်ဆုံးသွားလေလေ အိုခြင်း နာခြင်းတွေ ထင်ရှားလာလေလေ။ ကိုယ့်‌ေ-တွင်းကို ကိုယ်မတူးမိစေနဲ့။ ဒေါသနဲ့တူတဲ့ မြွေဟောက်ကို စိတ်ထဲမွေးမထားနဲ့။ လောဘ ဒေါသ မောဟ တဏှာ မာန ဒိဋ္ဌိ အဝိဇ္ဇာတွေနဲ့ကင်းဝေးကာ ငြိမ်းချမ်းတဲ့ သစ္စာတရားကို ရှာပါ။ စိတ်ထားတတ်ရင် နိဗ္ဗာန်ခရီးဟာ အနီးလေးပါ။

အချိန်ဆိုတာ လူကိုမစောင့်ဘဲ နမ့်ဆင်မ်ချောင်းလို တသွင်သွင်စီးဆင်းနေပါတယ်။ မကြာခင် သုံးနှစ်ပြည့်ပါတော့မယ်။ နောက်ထပ် တစ်လနဲ့ သုံးရက်ပဲ ကျန်ပါတော့တယ်။ အချိန်တွေ ကုန်ဆုံးတာလဲ မြန်လိုက်တာနော်။ အဓိဋ္ဌာန်ဝင်တဲ့ ဂူကြီးကို ခွဲခွာရတော့မှာ နှမျှောမိပါတယ်။ ဆရာတော်ကို အမှီလာပြုတဲ့ ကျေးငှက် တောတိရစ္ဆာန်လေးတွေ ကြွက် ငှက် မြွေကြီး ငန်းတော်ကြားစတာတွေလည်း သူတို့ဖာသာ သူတို့ ရှာစားရတော့မယ်။ အားလုံးလဲ သီလနဲ့အတူ ရှင်သန်ကြပါ။ သီလရှိရင် နိဗ္ဗာန်တိုင်အောင် မဆင်းရဲ ရတော့ပါဘူး တိရစ္ဆာန်လေးတို့ရေ။ အားလုံး လိမ္မာကြပါ။ လူလိုဆုံးမ မခက်ကြပါနဲ့။

တန်ဖိုးအနဂ္ဃ သဘာဝအလျှောက် သာယာလှပ အေးမြလန်းဆန်း စိမ်းလန်းစိုပြေတဲ့ တောတောင်ရေမြေ သဘာဝအလှနဲ့ ခြံရံထားတဲ့ မိုင်းကျက်ဂူထဲမှာ ဆရာတော် တရားလာရောက်ဘာဝနာအားထုတ်ရတာ နေ့စဉ်နဲ့အမျှ လွန်စွာ စိတ်ချမ်းသာလှပါတယ်။ တောငှက် တောကြက် တောကျီး ဥဒေါင်း ကိုတုတ်ငှက် မျောက်လွှဲကျော် မြွေကြီးမြွေငယ် အသွယ်သွယ်အပြင် ဝက်ဝံကြီး ဝက်ဝံနီစတာတွေလည်း ဆရာတော်ရဲ့ မေတ္တာဓါတ်ကို ခံယူကြပါတယ်။

မြင်အပ်မမြင်အပ် ဂူစောင့်နတ်နဲ့ ဂူစောင့်ဇော်ဂျီအပြင် တောစောင့်နတ် တောင်စောင့်နတ်တွေကိုလည်း ဆရာတော် မေတ္တာပို့ပါတယ်။ နေ့စဉ်နေ့တိုင်း သူတို့ကို ရေစက်ချ ကုသိုလ်အမျှဝေပေးပါတယ်။ ယခုအခါ ဆရာတော် အဓိဋ္ဌာန်ဝင်လာတာ သုံးနှစ်ပြည့်ပါပြီ။ ဂူအနီးမှာ ဆရာတော်ရဲ့ မေတ္တာကို လာခံယူကြတဲ့ တောငှက်တိရစ္ဆာန်လေးတွေနဲ့ ခွဲခွာရတော့မှာပါ၊ နေ့နေ့ညည မနက် အချိန်မှန် တွန်ကြူးတဲ့ တောကြက်၊ မမေ့မလျှော့အောင် အိုးဝေလို့ အော်ခေါ်သတိပေးတဲ့ ဥဒေါင်းငှက်၊ ရဲရင့်ဖို့ တိုက်တွန်းတဲ့ ကျားသစ်အော်သံတွေ၊ အမြဲတမ်း နှိုးကြားစေတဲ့ ဂျီဟောက်သံတွေအကြား တဖွဲဖွဲကျနေတဲ့ နံနက်ခင်းနှင်းပွင့်တွေနဲ့အတူ မေတ္တာတရားတွေ ဆရာတော်မှ အားလုံးကို ဖြန်းပေးလျက်ပါ။ ဂူထွက်အမှတ်တရ ဗုဒ္ဓါနုဿတိ လက်ဆောင်အဖြစ် ဘုရားပုံတွေ၊ စေတီတော်ပုံတွေရေးဆွဲပူဇော်ဖြစ်ပါတယ်။

ဒီမိုင်းကျက်ဂူထဲမှာ ဆရာတော် အဓိဋ္ဌာန်ဝင် တရားလာရောက်အားထုတ်လာခဲ့တာ သဘာဝဓမ္မသဘောတရားတွေ၊ မသိသေးတဲ့အရာတွေ မမြင်သေးတဲ့ အရာတွေ တချို့ သိမြင်ရပါတယ်။ မြင်တွေ့ရတဲ့ နိမိတ်တွေက များလွန်းတာကြောင့် နောင်လာနောက်သားတွေအတွက် အချိန်ရမှပဲ ရာဇဝင်တွင်အောင် စာပေနဲ့ ရေးသားပေးပါ့မယ်။ ကြီးမားတဲ့ ကုသိုလ်ထူးမရှိရင်၊ ကြီးမားတဲ့ သဒ္ဓါတရား မထားနိုင်ရင်၊ ပြည့်ဝတဲ့ ဝီရိယမရှိရင်၊ ကြီးကျယ်တဲ့ မေတ္တာမရှိရင်၊ မြင့်မြတ်တဲ့ ခန္တီတရားမရှိရင် ဒီမိုင်းကျက်ဂူထဲမှာ တစ်ပါးတည်း နေလို့မရနိုင်ဘူး။ နတ်တွေလည်း အမျိုးမျိုးလားစမ်းသပ်ကြတယ်။ ဖြာလိပ်လောက်ရှိတဲ့ မြွေကြီးတွေ၊ အိမ်တိုင်လောက် ကြီးတဲ့ မြွေကြီးတွေအပြင် အမျိုးအမည်မသိတဲ့ အကောင်တွေနဲ့လည်း ဂူအတွင်းမှာ တစ်မိသားစုတည်းလို နေခဲ့ရတယ်။

ဒီ သုံးနှစ်ပြည့်တဲ့ ဒီနှစ်က ပိုပြီးတော့ ထူးဆန်းတယ်။ လပြည့်ည သန်းခေါင်အချိန် ငန်းတော်ကြားကြီး တစ်ကောင် ဆရာတော်ရဲ့ ဂူပေါက်ဝမှာ ရောက်လာသေးတယ်။ သန်းခေါင်ကျော်ချိန်မှာတော့ ဆရာတော်ရဲ့ (မရိတ်ဘဲထားတဲ့) ဆံတော်တွေ အလိုလို လိပ်ပြီးတော့ ထုံးသွားတယ်။ နတ်တွေ ဆံပင်ကို လာထုံးပေးသလိုပါ။

အိမ်မက်ထဲမှာလည်း နတ်တွေ အကြိမ်ကြိမ် ဆွမ်းလာကပ်တာ မြင်မက်တယ်။ အိမ်မက်ထဲမှာ ဘုရားရှင်တို့ ရဟန္တာအရှင်တို့ အကြိမ်ကြိမ် တရားလာဟောပေးတာ မြင်မက်တယ်။ ဆရာတော်ရဲ့ 58 နှစ်ပြည့် မွေးနေ့မှာ ဆရာတော် အထက်စံကျောင်းပေါ်မှာ နံနက်ပိုင်း သီတင်းသုံးနေစဉ် ဝါ စိမ်း နီ နက် ဖြူ ညို ကြောင် အရောင်ခုနစ်မျိုးရှိတဲ့ငှက် အကောင် ၃၀ ဆရာတော်ရဲ့ အနီးအနားမှာ ခပ်ကြာကြာနားနေကြပြီး ပျံသွားကြတယ်။ နောက်ပြီး နယုန်လဆန်း ၈ ရက်နေ့တုံးကလည်း ထူးထူးဆန်းဆန်း မျောက်ကြီးတစ်ကောင် ဂူအပေါက်ဝနားမှာ လာထိုင်နေတာ တွေ့ရတယ်။

နယုန်လဆန်း ၃ ရက် နံနက် ၃ နာရီ ဆရာတော် ထပြီး စင်္ကြန်လျှောက်ရင်း ကြွက်တွေ တောကြောင်တွေကို အစာကြွေးနေစဉ် ဖြာလိပ်လောက် (အိမ်ဝါးလုံးတိုင်လောက်) စပါးအုံးကြီးတစ်ကောင် ကျောက်ဂူပေါက်ကနေ ထွက်လာတယ်။ ဆရာတော်ရဲ့ ကျောင်းအနားမှာ လားခွေနေပြီး သူရဲ့ အရေခွံလည်း အရောင်အသွေး စုံလှတယ်။ လှလည်းလှတယ် ကြောက်လည်း ကြောက်စရာပါပဲ။ တောဝက်တို့ ဂျီတို့ကို အကောင်လုံးလိုက် မျိုစားနိုင်တာမို့ ဆရာတော်ကိုလည်း သူမျိုစားနိုင်ပါတယ်။ သူက ဆရာတော်ကို အကြာကြီး စိုက်ကြည့်တယ်။ သူ့မျက်လုံးက နီပြီး တောက်နေတယ်။ သူ့ရဲ့ မှေးနဲ့ ဦးခေါင်းက အဝါရောင်အပြင် အမောက်ပါ ပါရှိသေးတယ်။ တစ်သက်မှတစ်ကိုယ် ဒီလိုကြီးတဲ့မြွေမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး။ စိတ်ထဲကတော့ သိပ်မကြောက်လှပါဘူး။ နဲနဲတော့ လန့်ပါတယ်။ ဒါပေမယ့် ဆရာတော်က သူ့ကို ရေစက်ချ အမျှဝေပေးလိုက်တယ်။

မကြာခင် မြွေကြီးလည်း ကျောက်ဂူထဲ ပြန်ဝင်သွားတော့တယ်။ နတ်ဖန်ဆင်းလာတာလား မပြောတတ်ဘူး။ ဆရာတော်လည်း ဂူရှေ့ရှိ စံကျောင်းမှာ မေတ္တာဘာဝနာပွားပေးပါတယ်။ ဒါကတော့ ထူးဆန်းမှု တစ်ခုလို့ ဆိုရမှာပါ။ တစ်ခါမှ မကြုံဖူး မမြင်ဖူးခဲ့ဖူး။ ကြောက်စိတ်အားကြီးတဲ့သူဆိုရင်တော့ အိပ်ယာလိပ်ထမ်းပြီး ဂူကနေ ထွက်ပြေးမှာပါ။ ဆရာတော်ကတော့ သူ့ကို မေတ္တာပို့ပေးတယ်။ တရားဟောပေးတယ်။ အကယ်၍ သူက ဆရာတော်ကို မျိုစားမယ်ဆိုရင်လည်း ဆရာတော်က မကြောက်မရွံ့ အသက်စွန့်ဖို့ပါပဲ။ အဲဒီည ဆရာတော်က အဲဒီမြွေတွေ့တဲ့ နေရာမှာပဲ ကျိန်းခဲ့တယ်။

အားလုံး ကျန်းမာချမ်းသာကြပါစေ။ အောင်မြင်တိုးတက်ကြပါစေ။ အေးချမ်းကြပါစေ။ လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာနှင့် ပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ အရညဝါသီမိုင်းဖုန်းဆရာတော်၏ မေတ္တာစာကို မူဆယ်မြို့ လွယ်တိန်ခမ်းကျောင်း တောင်တန်းသာသနာပြု ဦးသုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း)မှ တာဝန်ယူ တာဝန်ခံ ဆီလျှော်အောင် ဘာသာပြန်ပေးပါတယ်။

(မိုင်းဖုန်းဆရာတော် အဓိဋ္ဌာန်အောင် ဂူထွက်မည့်နေ့က (31.7.2022) ဖြစ်ကြောင်း အသိပေးပါတယ်။ ဂူထွက်ပြီး မိုင်းကျက်အောက်ဂူတွင် ၅ ရက် အပူဇော်ခံကာ တာချီလိတ် မိုင်းဖုန်းကိုကြွပါမယ်။ ဒုတိယဝါဆိုမည့် နေရာကို ဆရာတော် ထပ်မိန့်ပါမယ်။) ဘာသာပြန်ဆရာတော် #စဝ်စုခမ်း

Leave a Reply

Your email address will not be published.

x

You cannot copy content of this page