ထင်းခိုးကောင်လို့ ခေါ်ကြတဲ့ ထူးဆန်းတဲ့ ပိုးဖလံလေးတွေ အကြောင်း (သဘာဝတရားရဲ့ ဆန်းကြယ်မှုများ)

ပုံထဲကအကောင်လေးတွေဟာ bagworm moth ပိုးဖလံရဲ့ ပေါက်ဖတ်လေးတွေပါ။

ဒီကောင်လေးတွေဟာ သစ်ကိုင်းလေးတွေကို ကိုက်ဖြတ်ပြီးကိုယ်လုံးပေါ်မှာ အစီအရီတင်ကာ သစ်လုံးအိမ်လေးတွေဆောက်ထားတတ်ကြပါတယ်။

ပုံမှာမြင်ရတဲ့အတိုင်း သစ်ကိုင်းစိမ်းလေးကို ချိုးထားတာတွေ့ပါလိမ့်မယ်။ အကောင်အမျိုးအစားပေါ်မူတည်ပြီး သစ်ကိုင်းအမာအပျော့ကို ဖြတ်နိုင်မှု ကွာပါတယ်။

တစ်ချို့အမျိုးအစားက လက်ရာသေသေသပ်သပ်နဲ့ သစ်လုံးအိမ်လေးတွေ ဆောက်တတ်သလို အချို့ကအချွန်အတက်တွေနဲ့ ဖြစ်သလိုဆောက်ထားတာလည်းရှိပါတယ်။

မနေ့ကကိုထွန်းထွန်းရေးထားတာ မန္တလေးနဲ့ရှမ်းပြည်နယ်မှာ တွေ့ရလေ့ရှိပြီး ထင်းခိုးကောင်လို့ ခေါ်ကြတယ်လို့ ဆိုပါတယ်။

တနေရာနဲ့တနေရာဝေးဝေးသွားမှ သစ်လုံးအိမ်ထဲက ကိုယ်လုံးလေးတွေရှည်ထွက်လာကာ ပေါက်ဖတ်ရဲ့ ခေါင်းထိပ်ပိုင်းကို မြင်ရတတ်ပါတယ်။

Psychidae အမျိုးပေါင်း ၁၃၅၀ လောက်ရှိတာမို့ ပုံသဏ္ဍန်အမျိုးမျိုးရှိပါတယ်။ တကယ်တော့ bagworms ကိုလူတိုင်းမြင်ဖူးကြပါတယ်။ bagworm မှန်းမသိကြလို့ပါ။

ထင်ရှုးပင်လိုအပင်ကိုင်းတွေမှာ အသီးခြောက်ပုံလိုတွေ့ရသလို ငှက်မွေးအစုလိုမျိုးလည်းတွေ့ရပါတယ်။ ငှက်ချေးလိုခရုပတ်ပုံ သစ်ရွက်မှာကပ်နေတဲ့ snailshell bagworm လည်းရှိပါတယ်။ bagworm လို့ခေါ်ရတာက အိတ်လေးထဲမှာ ကိုယ်ကိုလုံခြုံအောင်ဖွက်ထားတတ်တဲ့ ပိုးကောင်မို့လို့ပါ။

အိမ်တွေမှာ ကျနော်တို့မြင်ဖူးနေကျက plaster bagworm လို့ခေါ်တဲ့ နံရံမှာအိတ်လေးလိုကပ်နေတဲ့အကောင်လေးတွေပါပဲ။ သွားစရာရှိမှ ကိုယ်ဆန့်ထွက်ပြီး လှုပ်လှုပ်နဲ့ရွှေ့တတ်ပါတယ်။

Richard Myo Thant
15-January -2022

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page