အစိုးရဌာနအသီးသီးက ဝန်ထမ်းတွေရဲ့ စားပုံစားနည်းများ (ကွက်ကွက်ကွင်းကွင်းကို မြင်သွားတာပါပဲဗျာ)
ဟုတ်ကဲ့ ကျွန်တော် ထမင်းဆိုင်ပိုင်ရှင်ပါ…
ရုံးပေါင်းစုံရှိတဲ့ ဝင်းကြီးထဲ ထမင်းဆိုင် စဖွင့်တော့ လူသိပ်မကျဘူးရယ်။ မဒမ်က တော့်ဟာ ဟုတ်ပမလားမေးတော့ မပိုင်ရင်ခြင်တောင်မရိုက်ဘူးကွ ပေါ့ခပ်တည်တည်ပြန်ငေါက်သေးတာရယ်။ ခြင်ထောင်ပြဲမှာစိုးတာလဲပါတာကိုး။
လအနည်းငယ်ကြတော့ မဒမ်ရဲ့လက်ရာကြောင့် စပြီးလူစည်လာရော…။ ဝန်ထမ်းအများစု လာစားကြတဲ့ဆိုင်ဆိုတော့သူတို့ စားပုံသောက်ပုံတွေကို တဖြည်းဖြည်းနဲ့ သိလာတယ်။
ဘယ်သူက ဘယ်လိုစားတယ် ဘယ်သူကတော့ ဘယ်လိုဆွဲတယ် ပေါ့…သိလာရော….ခင်ဗျားတို့ သဘောပေါက် နားလည်အောင်ပြောပြရရင် …ဒီလို
စိုက်ပျိုးရေးအဖွဲ့တွေက လူကြီးပိုင်းပဲ စားတာများတယ်။ အငယ်တွေက သိပ်မစားရရှာဘူး။ လူကြီးပိုင်းပဲစားတော့ ရှယ်တွေရောင်းရတာပေါ့ ။ တစ်ခါပြင်ကို စိတ်မဝင်စားဘူး။
စိုက်ပျိုးရေးဆိုတာ လူကြီးတွေပဲ စားတယ်ဆိုတာ သိလာရတယ်။ နောက် စည်ပင်ဝန်ထမ်းတွေ….အမယ် တို့တိတို့တိစားတာဗျာ ဟိုနားတို့တိ တို့တိ ဒီနားတို့တိ တို့တိနဲ့ မပြီးနိုင်မစီးနိုင်စားတာကိုး။
လမ်းတံတားဆောက်လုပ်ရေးက ဝန်ထမ်းတွေကျ ချွေတာရေးဗျိုး တစ်ခါပြင်ပဲ စားတာကလား။ တစ်ခါပြင်လိုက် စားလိုက် တစ်ခါပြင်ခိုင်းလိုက် စားလိုက်နဲ့ မဒမ်ခမျာ တစ်ခါပြင်ပွဲ ပြင်ပေးရတာကိုလက်မလည်ဘူးတစ်ခါပြင်ရင်း တစ်ခါစားရင်း…..ကိုး
လဝက ဝန်ထမ်းတွေကျ တစ်မျိုးဗျား။ ပုံပြင်တစ်ပွဲအော်သံကြားလို့ကတော့ သေချာပြီ။ သူတို့ပဲ ပုံပြင်လိုက်စားလိုက် ပုံလေးပြင်လိုက် စားလိုက် ထမင်းပေါ်ဟင်းပုံပေးလိုက် ပြီးတာပဲ…..ချွေတာရေးလားငါ့ဆရာတို့လို့မေးတော့ ရယ်ကြတယ်ဗျ… ပုံပြင်ပြီး စားတတ်ဖို့တာ လွယ်မှတ်လို့ဗျာ တဲ့ပြန်ပြောတော့ ကျုပ်မှာ ရီရသေး…
နောက်ဝန်ထမ်းကျ ယာဉ်ထိန်းရဲတွေခင်ဗျ၊ ထူးဆန်းတာပြောရအုံးမယ်။ တစ်နေကုန်နီးပါးစားတာဗျာ။ အားတာနဲ့ လာစားကြတာ စားတော့လဲ တစ်ဝိုင်းထဲထိုင်မစားဘူးခင်ဗျ….
သုံးယောက်လာရင် နှစ်ဝိုင်း ထိုင်တယ်။ လေးယောက်လာရင် သုံးဝိုင်းထိုင်တယ်၊ နေရာခွဲ စားတာ ခင်ဗျ၊ ဟိုနေရာ ပြေးချလိုက်၊ ဒီနေရာ ပြေးချလိုက်ရနဲ့ ဖတ်ဖတ်မောတယ် အဟုတ်၊ တနေရာထဲ စုစားပါလားဗျာလို့ ပြောတော့
ငါတို့က တစ်နေကုန်အောင် ထိုင်စားနေရတာ တနေရာထဲဆို ညောင်းတယ်ကွ….တဲ့။ မဒမ် ကျုပ်ကိုနင်းပေးရ တဲ့ညဆို သေချာတယ်။ အဲ့နေ့ ယာဉ်ထိန်းတွေလာစားတဲ့နေ့ပဲ….
သူတို့နဲ့ ဆန့်ကျင်ဖက်က တရားရေးက ဝန်ထမ်းတွေဗျား။ တစ်ထိုင်တည်း အပီအပြင်စား တာကလား ရှိတာအကုန်ချကွာ ဆိုလို့ကတော့ မဒမ်တို့ ပြုံးပြီ။ ဝက် ကြက် အမဲ အကုန်ချ တစ်ချီထဲအဝစားကြတာ ဆိုတော့ တွက်ချေကိုက်ရုံတင် မဟုတ်ဖူး လျှံတောင်လျှံနေသေး… တစ်ထိုင်တည်းအဝစားကြတာဆိုတော့ အဲ့ည မဒမ်တို့ မြူးတဲ့ညပေါ့ဗျာ…..
ဆရာဝန်တွေကျ တစ်မျိုး… ကျုပ်ဆိုင်ကို သိပ်လှည့်မကြည့်ကြဘူး ဘေးနားကပ်လျက်က အအေးခန်းဆိုင် မှာထိုင်ကြတာများ တယ်ဗျ။ ပရိုက်ဗိတ်ဆိုင်က ပိုမိုက်တယ် ဆိုပဲ
နားကြပ်ကြီးတွေ တကားတး ကားနဲ့ဝင်သွားရင် အဲ့အအေးခန်းဆိုင် ကပြာပြာသလဲကြို ကြသကိုး ….ခက်ပကျုပ်ဆိုင်လဲ သန့်ပါတယ်ဗျာလို့ ဆရာဝန်ပေါက်စလေး တစ်ယောက်ကို ရင်ဖွင့်မိတော့…
ဆေးရုံနဲ့ ဆေးခန်းကွာသလိုပေါ့ဗျာတဲ့ သိပ်တော့နားမလည်ပေမယ့် အင်းဟုတ်ပါတယ်လေ လို့ပဲ တွေးလိုက်ပါတယ်။
မြေစာရင်းက ဝန်ထမ်းတွေလဲ စားပုံထူးသဗျ။ သူတို့အတွက် စာအုပ်လုပ်ပေးထားရတာရယ်။ စားကာနီး လက်မှတ်ထိုးကြတာဗျ… သူတို့အပြောက လကုန်ရှင်းတဲ့။ လက်မှတ်ထိုးပြီး စားလိုက်၊ စားကာနီး လက်မှတ်ထိုးကြနဲ့ လကုန်ရှင်းစနစ်ကိုး။ မှန်တော့မှန်တယ်ဗျ….လက်မှတ်ထိုးပြီးစားသမျှ လကုန်ကျအကြေရှင်းပေးတာဗျား။ လူမှန်တွေရယ်… အံ့ချက် အဟုတ်….
အခွန်က လူတွေကျတော့ အခန်းထဲအရောက်ပို့ပေးမှ စားတာဗျ။ ထွေအုပ်ဝန်ထမ်းတွေ အကြောင်းလဲပြောရအုံးမယ်…ဘာဟင်းချ ဘာအသားချ လို့ ပြောတာ ရိုးရိုးမပြောဘူး ငေါက် တာ ခင်ဗျ…..ငေါက်ပြီး ချခိုင်းတာ….
ဟင်းက ချေးများသေး၊ ဘာမရှိဘူးလား ဘာအသားဟင်းစားချင်တာ….ဂျီးတွေများချက်ဗျာ..ဒီကြားထဲ ဘယ်ဝိုင်းက ဘာပိုနေလဲ အဲ့ဒါပါချ လုပ်သေးတာရယ်
စိုက်ပျိုးရေးဝိုင်းကပိုနေသလား။ လဝကဝိုင်းက ပိုနေသလား။ မြေစာရင်းဝိုင်းက ပိုနေလားပိုတာ အကုန်ချ စားမယ်ဆိုတာချည့်ပဲ။ အကုန်စားတာရယ်။ သူတို့ဆိုင်ထဲဝင်လာရင် မဒမ်ကို အော်ပြောရတယ် ဝေသာလီပြည် ဘီလူးစီးမယ်မိန်းမရေ….လို့
ဟူး.. သတိများပေးလိုက်ပါရဲ့ခင်ဗျားတို့ အစိုးရရုံးပေါင်းစုံဝင်း ထဲမှာဘယ်တော့မှ ထမင်းဆိုင် သွားမဖွင့်မိစေနဲ့မောတယ်။ အဟုတ်။
ဒါတောင် စားနေသမျှ ဌာနဆိုင်ရာ အကုန်မပါသေးဘူးရယ်….
AL