မျိုးဆက် (၄) ဆက်တိုင်တိုင် မြန်မာတပြည်လုံး ဆယ်တန်းအမှတ် ပထမနေရာကို သိမ်းပိုက်ခဲ့ကြသူများ
တက္ကသိုလ်ဝင်တန်း စာမေးပွဲသည် ကြိုးစားသူများအတွက် အောင်မြင်ဖို့ သိပ်မခက်လှသော စာမေးပွဲဖြစ်သော်လည်း ဂုဏ်ထူးများ ပါဖို့ တော့ခက်ခဲလှသည်။ ထိုထက်ပို၍ တစ်နိုင်ငံလုံး အဆင့် ၁ မှ ၁၀ အထိ ဝင်ရန်မှာ အလွန်ပင်ခက်ခဲလှပြီး အဆင့် ၁ နေရာကိုရရန်အတွက်မှု မည်မျှခက်ခဲကြောင်း ပြော၍ မလိုတော့ပါ။ သို့သော် ထို နိုင်ငံလုံး အဆင့် ၁ နေရာကို မျိုးဆက်လေးဆက်တိုင်တိုင် (၅) ကြိမ် ဆက် ရရှိခဲ့သူများ ရှိခဲ့ဖူးသည်ဟု ဆိုလျှင် အလွန်အမင်းအံသြသွားနိုင်ပါသည်။ မသိသေးသူများအတွက် ထိုမိသားစု အကြောင်းကို ဗဟုသုတ အဖြစ်ဖော်ပြလိုပါသည်။
ဦးဟုတ်စိန် – ယခင်က ဘင်္ဂလားစာမေးပွဲ (ခေါ်) ဆယ်တန်းစာမေးပွဲကို ၁၉၀၉ ခုနှစ်၌ စိန်ပေါလ်ကျောင်းမှ မောင်ဟုတ်စိန်က မြန်မာနိုင်ငံ လုံး ပထမ အဆင့်ဖြင့်အောင်မြင်ခဲ့သည်။ ထိုအချိန်က စိန်ပေါလ်ကျောင်း နှင့် စိန်ဂျွန်းကျောင်းတို့မှာ အဓိကပြိုင်ဘက်များ ဖြစ်ခဲ့သည်။ မောင်ဟုတ်စိန် သည် ငယ်စဉ်ကတည်းက အလွန်တော်ပြီး နှစ်စဉ် ထူးချွန်ဆုများ ရရှိခဲ့သူ ဖြစ်သည်။ နိုင်ငံလုံး ပထမ အဆင့်ရချိန်တွင် မောင်ဟုတ်စိန်မှာ အသက်(၁၉) နှစ် သာ ရှိသေးသည်။ ရန်ကုန်ကောလိပ်နှင့် ကာလကတ္တားတို့၌ ပညာသင်ဆု ရခဲ့ပြီး တက်ရောက်သင်ယူခဲ့သည်။
၁၉၁၃ ခုနှစ်တွင် ကာလကတ္တား တက္ကသိုလ်မှ ဘီအေဘွဲ့ရရှိခဲ့သည်။ ထို့နောက် ပါဠိ၊ မြန်မာစာဆရာ ၊ စာရင်းကိုင် ၊ လက်ထောက်အတွင်းဝန် ၊ အတွင်းဝန် ၊ တရားလွှတ်တော်ရှေ့နေကြီး စသည်ဖြင့် ရာထူးများကို ထမ်းဆောင်ခဲ့သည်။ ၁၉၄၇ မှစတင်ကာ ၁၉၇၇ ခုနှစ်အထိ ပါဠိ-မြန်မာ-အဘိဓာန် ကျမ်းကိုပြုစုခဲ့သည်။ ယနေ့တိုင် ရဟန်းရှင်လူတို့ အားကိုး အားထားပြုရသည့် အဘိဓာန်ကျမ်းများကို အသက်ထက်ဆုံးပြုစုသွားခဲ့ပြီး အသက် ၉၄ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။
သား မောင်စောလှိုင် – ဦးဟုတ်စိန် နှင့် ဇနီးဒေါ်မြမေတို့မှ သား မောင်စောလှိုင်ကို ဖွားမြင်ခဲ့သည်။ မောင်စောလှိုင်သည် ဒုတိယ မျိုးဆက် အဖြစ် ဖခင်ခြေရာကို နင်းနိုင်ခဲ့သည်။ ၁၉၃၆ ခုနှစ်ဆယ်တန်းစာမေးပွဲကို မြန်မာနိုင်ငံလုံး ပထမ ဖြင့်အောင်မြင်ခဲ့သည်။ ဦးစောလှိုင် မှာ နောင်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဝင်ရောက် အမှုထမ်းခဲ့ရာ စပိန်နိုင်ငံ၏ မြန်မာနိုင်ငံတော်ဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန် ဖြစ်လာခဲ့သည်။
မြေး ချယ်ရီသန်းသန်းတင် – ဦးစောလှိုင်နှင့် ဇနီး ဒေါ်ညွန့်ရီတို့မှ သမီး သန်းသန်းတင်(ချယ်ရီ) ကို ဖွားမြင်ပါသည်။ ဒေါ်သန်းသန်းတင်သည် စိန်ဂွန်းကွန်ဗင့် (ယခု လသာ ထ-၂) ကျောင်း၌ ပညာဆည်းပူးခဲ့သည်။ ဒေါ်သန်းသန်းတင်မှာလည်း ဖခင် နှင့် အဘိုးတို့၏ ခြေရာကို ဆက်နင်းနိုင်ခဲ့သူ ဖြစ်သည်။
၁၉၆၄ ခုနှစ် ဆယ်တန်းစာမေးပွဲတွင် မြန်မာနိုင်ငံလုံး ပထမ အဆင့်နေရာကို St Mary Diocesan အမျိုးသမီးအထက်တန်းကျောင်းမှ အောင်မြင်ခဲ့ပြီး ဆေးတက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ နောင်တွင် မီးယပ် နှင့်သားဖွားပါရဂူ ဆေးပညာရှင်ပါမောက္ခ ဒေါက်တာ ဒေါ်ချယ်ရီသန်းသန်းတင် အဖြစ် ထင်ရှားခဲ့သည်။
မြစ် စောဝင်းမြင့် – ဒေါက်တာ ဒေါ်ချယ်ရီသန်းသန်းတင်သည် အထူးကု ဆရာဝန်ကြီး ဦးအောင်မွန် နှင့် လက်ဆက်ကာ သားစောဝင်းမြင့် ၊ သမီး စမ်းယုမွန် နှင့် သားမောင်ဖြိုးသန့်ထူးတို့ကို မွေးဖွားခဲ့သည်။ ဦးဟုတ်စိန်၏ စတုတ္ထမျိုးဆက်ဖြစ်သူ မောင်စောဝင်းမြင့် က အဘေး၊ အဘိုး ၊ မိခင် တို့၏ ခြေရာကို ထပ်မံနင်းနိုင်ခဲ့ပြန်သည်။ စောဝင်းမြင့်သည် ဒသမတန်း စာမေးပွဲကို အထက၂ ကမာရွတ် မှ ဝင်ရောက်ဖြေဆိုခဲ့ပြီး တစ်နိုင်ငံလုံး ပထမ ရခဲ့သည့်အပြင် ထိုခေတ်ကာလက မြန်မာနိုင်ငံ၏ အမြင့်ဆုံး စံချိန် ဖြစ်သော အမှတ်ပေါင်း ၅၅၇ မှတ် ကို စံချိန်တင်နိုင်ခဲ့သည်။
မြစ် စမ်းယုမွန် – စောဝင်းမြင့် ဆယ်တန်း အောင်မြင်စဉ်က ညီမဖြစ်သူ စမ်းယုမွန်မှာ သတ္တမတန်းသာ ရှိသေးသည်။ စမ်းယုမွန်သည်လည်း ဦးဟုတ်စိန်၏ မျိုးဆက်ဖြစ်သဖြင့် ဆွေမျိုးများ၏ အားထား ခြင်းကိုခံရသည်။ ၁၉၉၆ ခုနှစ်တွင် စမ်းယုမွန်သည် ဒသမတန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့သည်။ အဘေး၊ အဘိုး ၊ မိခင် ၊ အစ်ကို တို့၏ ခြေရာကို နင်းမှနင်းနိုင်ပါ့မလား ဟူ၍ စမ်းယုမွန် ၏ စာမေးပွဲအောင်စာရင်းကို ရင်တမမ နှင့် တဆွေမျိုးလုံး စောင့်ကြည့်ခဲ့သည်။ ထင်သည့်အတိုင်းပင် စမ်းယုမွန် သည်လည်း မြန်မာတစ်နိုင်ငံလုံး ဆယ်တန်းစာမေးပွဲတွင် အဆင့် ၁ ဖြင့် ဗိုလ်စွဲ ခဲ့ပြန်ပါသည်။
အလွန်တရာ ခက်ခဲလှသော နိုင်ငံလုံး အဆင့် ၁ နေရာကို မျိုးဆက်လေးဆက် တိုင်တိုင် (၅) ကြိမ်ဆက်တိုက် ဗိုလ်စွဲခဲ့ သော ဦးဟုတ်စိန်၏ မိသားစုမျိုးဆက်များမှာ အလွန်ပင်ထူးခြားလှပါတော့သည်။ (အငယ်ဆုံး ဖြိုးသန့်ထူးကလည်း ၂၀၀၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး တတိယ ရရှိခဲ့ပါတယ်။) ကိုးကား – ပုဂ္ဂိုလ်ထူးတို့ရဲ့ဘဝတစ်ကွေ့ – တင်နိုင်တိုး