၂၀၂၂ ခုနှစ် မြန်မာပြည် လွတ်လပ်ရေးနေ့မှာ မြင်ရမယ့် ဥက္ကာမိုး (သို့) ကြယ်မိုးရွာခြင်း ဖြစ်စဉ်

လွတ်လပ်​ရေး​နေ့ကို ကြိုမည့် ​လေးစိတ်ပိုင်း ဥက္ကာမိုး

၂၀၂၂ ခုနှစ်အတွက် ပထမဆုံး ခပ်များများကြွေမည့် ကြယ်​ကြွေခြင်း ဖြစ်စဥ်ဟာ Quadrantid Meteor Shower (​လေးစိတ်ပိုင်း ဥက္ကာမိုး) ဟု ​ခေါ်ပြီး ဇန်နဝါရီလ ၃ ရက် နဲ့ ၄ ရက် နံနက်ခင်းပိုင်းမှာ အများဆုံး မြင်​တွေ့ရမှာပဲ ဖြစ်ပါတယ်။

အ​ရှေ့​မြောက်ဘက် ​ကောင်းကင်ယံမှ ဓူဝံကြယ် နဲ့ ခုနှစ်စဥ်ကြယ်တို့ အနီး (​အောက်ဘက်နား) က Bootes ကြယ်တာရာ နဲ့ Draco ကြယ်တာရာ အကြားမှာ ဖြစ်ပါတယ် (ပုံ)။ မြန်မာ့နက္ခတ်မှာ​တော့ သွာတိနက္ခတ် (သွာတိကြယ်​ပြောင်) Arcturus အနီးမှာ ဖြစ်ပါတယ်။

ကြယ်​ကြွေတယ်ဆိုတာ အာကာသအတွင်းက ဥက္ကာခဲ ဥက္ကာမှုန်များနဲ့ ကမ္ဘာ့​လေထုတို့ ပွတ်တိုက်မိရာမှ ​ပေါ်ထွက်လာတဲ့ အလင်း​ရောင်စဥ်တန်းများဖြစ်ကြပါတယ်။

ယခုပွတ်တိုက်မိမည့် ဥက္ကာခဲများက​တော့ 2003EH1 လို့အမည်ရတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုရဲ့ လမ်း​ကြောင်းမှာ ကျကျန်​နေခဲ့တဲ့ ဥက္ကာခဲများပဲ ဖြစ်ပါတယ်။

ကျ​နော်တို့ကမ္ဘာဟာ အဆိုပါ​နေရာကို နှစ်စဥ် ဒီဇင်ဘာ ၁၂ နဲ့ ဇန်နဝါရီ ၁၂ အကြား ဖြတ်သန်း​လေ့ရှိပြီး ဇန်နဝါရီ ၃ ရက် နဲ့ ၄ ရက် နံနက်ခင်းပိုင်းမှာ အများဆုံး ​ကြွေကျ​လေ့ရှိပါတယ်။ မြန်မာနိုင်ငံမှ ကြည့်ရှုမည်ဆိုပါက အဆိုပါ ကြယ်မိုးကို နံနက်ခင်း ၅ နာရီ​လောက်မှာ ​အ​ရှေ့​မြောက်အရပ်မှာ ​တွေ့မြင်နိုင်ပါတယ်။

တစ်နာရီလျှင် အလုံး ၁၀၀ ခန့် ​​ဒေါင်လိုက်ကျဆင်းခြင်း ဖြစ်​ပေါ်နိုင်ပြီး ရံဖန်ရံခါ Fireball လို့​ခေါ်တဲ့ မီးလုံးကြီး​တွေလည်း ပါလာတတ်ပါတယ်။

ဒီကြယ်​ကြွေခြင်းဖြစ်စဥ်ကို ၁၈၂၅ ခုနှစ်​လောက်က စတင်​တွေ့ရှိခဲ့တာဖြစ်ပြီး ထိုစဥ်က အသုံးပြုခဲ့တဲ့ ပြင်သစ် အာကာသပညာရှင် Jerome Lalande ရဲ့ Mural Quadrant ကြယ်စုအမည်ကို အစွဲပြုထားခြင်းဖြစ်ပါတယ်။

Mural instrument ဆိုတာက​တော့ ၁၈ ရာစုမှ နက္ခတ်တ္တပညာရှင်များ အသုံးပြုခဲ့ကြတဲ့ နံရံ​ပေါ် ချိတ်ဆွဲပြီး တိုင်းတာကြည့်ရှုရတဲ့ ​လေးစိတ်ပိုင်း ​(0 – 90°) ထောင့်တိုင်းကိရိယာကြီးဖြစ်ပါတယ် (ပုံ)။

Mural Quadrant (​လေးစိတ်ပိုင်းကြယ်စု) တာရာအတွင်းမှာ ​တွေ့ရှိတာဖြစ်လို့ အဆိုပါ ကြယ်မိုး (ဥက္ကာမိုး) ရွာခြင်းဖြစ်စဥ်ကို Quadrantids meteor shower (​လေးစိတ်ပိုင်း ဥက္ကာမိုး) လို့ ​ခေါ်ဆိုကြခြင်းပဲ ဖြစ်ပါ​တော့တယ်။

အနာဂတ်ပညာ​ရေးအတွက်… သန့်ဦး (အာကာသနှင့် စကြဝဠာ သင်​ထောက်ကူ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page