သီတဂူ ဆရာတော်ကြီး မြန်မာပြည် ပြန်ကြွလာပါပြီ (သွားရောက် ဖူးမြော်လို့ ရ/မရ မသိရသေးပါ)
သီတဂူဆရာတော်ကြီးသည် ယနေ့ ဇန်နဝါရီ၆ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ကျက်သရေဆောင် ရတနာစေတီဆင်များရှင်စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း ဆောင်ရွက်လျက်ရှိသည့် အကြီးစားဘက်စုံပြုပြင်ရေးလုပ်ငန်းခွင်သို့ ကြွရောက်ကာ သြဝါဒလမ်းညွှန်မိန့်ကြားတော်မူကြောင်း ဂေါပကအဖွဲ့မှ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဘက်စုံပြုပြင်မွမ်းမံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထီးတော်အသစ်တင်လှူရန်အတွက် ဘုံကိုးဆင့်ထီးတော်ပြုလုပ်ခြင်း၊ ဖောင်းရစ်တော်အထက်အထွဋ်တင်ခြင်း၊ အနောက်ဘက်စောင်းတန်းဓမ္မာရုံထောင့်၌ ဘုရားဖူးများအတွက် အပန်းဖြေဥယျာဉ် ဖော်ဆောင်ခြင်းလုပ်ငန်းများပါဝင်ပါတယ်။
ဆင်များရှင်စေတီတော်မြတ်ကြီးကို ၁၄၂၉ ခုနှစ်က မိုးညှင်းဘုရင်တည်တော်မူခဲ့ပြီး ၁၄၈၂ ခု ပထမငလျင်တွင်ပျက်စီးခဲ့ကာ ၁၉၅၅ ခုနှစ်တွင် မြေပေါ် ပုံကျသွားသည်အထိဖြစ်ခဲ့ရပါတယ်။
၁၉၈၀ ပြည့်နှစ် တဖန်အသစ်ပြန်တည်ခဲ့ရာ ဘုရားအဝင်တွင် ရောင်စုံခြယ်သထားသည့် ဆင်ရုပ်ကြီး ၂ ကောင်မှာ ရပ်တည်လျက်ရှိပါတယ်။
သီတဂူဆရာတော်ကြီးသည် ရုရှားနိုင်ငံမှ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြန်လည်ကြွရောက်လာသည်ဟု သတင်းများ ကြားသော်လည်း အတည်မပြုနိုင်သေးဘဲ ရှိနေရာမှ ယခုသတင်းအရ ပြည်တော်ပြန်ဝင်သည်မှာ သေချာသွားပြီလို့ ဆိုနိုင်ပါတယ်။
သွားရောက်ဖူးမြော်လိုသူများကို အဖူးမြော်ခံ/မခံကိုတော့ သေချာစွာ မထုတ်ပြန်သေးဘူးလို့ သိရပါတယ်ခင်ဗျာ။