ပါရမီရှင် ဝက်ကလေး ဆွဲတဲ့ ပန်းချီကား မြန်မာငွေ ကျပ်သိန်း ၄၈၀ နီးပါးနဲ့ ရောင်းချခဲ့ရ
တောင်အာဖရိကနိုင်ငံ သားသတ်ရုံကနေ ကယ်တင်လာတဲ့ ဝက်တစ်ကောင်က ပန်းချီစုတ်တံကို သူ့ပါးစပ်နဲ့ကိုက်ပြီး ကင်းဘတ်စပေါ်မှာ ရေးဆွဲထားတဲ့ ပန်းချီကားကို လူမှုကွန်ရက်မှာ တင်လိုက်ပြီးနောက် ၇၂ နာရီအကြာမှာပဲ ပန်းချီကားဝယ်ယူစုဆောင်းသူတစ်ဦးက စတာလင်ပေါင် ၂ သောင်းနဲ့ ဝယ်ယူသွားတာကြောင့် အဲဒီဝက်ဟာ လူသိများလာခဲ့ပါတယ်။
တိရိစ္ဆာန်တွေရေးဆွဲတဲ့ ပန်းချီကားတွေရောင်းရငွေမှာလဲ စံချိန်ချိုးသွားခဲ့ပါသေးတယ်။ သူ့အရင်စံချိန်ကတော့ ၂၀၀၅ ခုနှစ်တုန်းက ကွန်ဂိုက ချင်ပန်ဇီမျောက်တစ်ကောင်ရေးဆွဲထားတဲ့ ပန်းချီကားဖြစ်ပြီး၊ စတာလင်ပေါင် ၁၄၀၀၀ နဲ့ ရောင်းရခဲ့တာလို့ သိရပါတယ်။
အဆိုပါ ဝက်ကလေး ငယ်ရွယ်စဉ် လွန်ခဲ့တဲ့ ၅ နှစ်လောက်တုန်းက သားသတ်ရုံတစ်ခုမှာ အသတ်ခံရတော့မယ့်ဆဲဆဲ ဂျိုအန်လက်ဖ်ဆန်ဆိုတဲ့အမျိုးသမီးတစ်ဦးက ကယ်တင်ပြီး သူ့အိမ်မှာ မွေးထားခဲ့တာဖြစ်ပါတယ်။
အဲဒီလိုမွေးထားခဲ့ရာမှာ သူအမှတ်တမဲ့ မေ့ပြီးထားရစ်ခဲ့မိတဲ့ စုတ်တံတွေကို ဝက်ကလေးက ပါးစပ်နဲ့ကိုက်ပြီး ပုံရေးသလိုလျှောက်ရေးတတ်တာကို သတိပြုမိခဲ့ရာက ဝက်ကလေးရဲ့ ထူးခြားချက်ကို သိလာခဲ့ရတာပါ။
ပိုင်ရှင်ဖြစ်သူ ဂျိုအန်လက်ဖ်ဆန်ရဲ့ လေ့ကျင့်ပေးမှုနဲ့ နောက်ပိုင်းမှာ ဝက်ကလေးဟာ စုတ်တံကိုကိုက်ပြီး ပန်းချီရေးတတ်လာခဲ့ပါတယ်။ အဲဒီမှာတင် ပိုင်ရှင်က နာမည်ကျော် ပန်းချီဆရာကြီး ပီကာဆိုကို ဂုဏ်ပြုတဲ့ အနေနဲ့ ဝက်ကလေးကို ပစ်ကာဆို (Pigcasso) လို့ နာမည်ပေးလိုက်တော့တာပါပဲ။
ခုဆိုရင် ပစ်ကာဆို ရေးဆွဲထားတဲ့ ပုံတွေ ၄၀၀ လောက်ရှိနေပြီဖြစ်တယ်လို့ ပိုင်ရှင် ဂျိုအန်လက်ဖ်ဆန်က ပြောပါတယ်။