တသောင်းတန် ငွေစက္ကူမှာ ထည့်သွင်း ရိုက်နှိပ်ထားတဲ့ လူတိုင်းမသိတဲ့ လျှို့ဝှက်ချက်တခု
တသောင်းတန် ငွေစက္ကူရဲ့ ဘေးတဖက်တချက်မှာ မျဉ်းကြောင်း ၁၀ ကြောင်းစီ ထည့်သွင်း ပုံနှိပ်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ သေချာကြည့်မယ်ဆိုရင် ငွေကြေးရဲ့တန်ဖိုးပေါ်မှာမူတည်ပြီး ပုံနှိပ်ထားတဲ့အချောင်းအရေအတွက်ကွာခြားနေတာ တွေ့နိုင်ပါတယ်။
အဲဒီလို ပြုလုပ်ထားခြင်းရဲ့ ရည်ရွယ်ချက်ကို လူတိုင်း မသိကြပါဘူး။ ပိုက်ဆံ အတုအစစ် စစ်ဆေးဖို့ ခြစ်ထားတယ်လို့ ထင်နေကြတဲ့သူတွေလည်း ရှိပါတယ်။ အဆိုပါ မျဉ်းကြောင်းတွေအပေါ် လက်နဲ့ ပွတ်ကြည့်ရင် အနည်းငယ် ကြမ်းနေတာကို ခံစားမိနိုင်ပါတယ်။
တသောင်းတန် ငွေစက္ကူရဲ့ ကျန်တဲ့ အပိုင်းလို ချောမောပြေပြစ်မှု မရှိတာကို ထိတွေ့ ခံစားရပါတယ်။ တကယ်တော့ အဲဒီမျဉ်းကြောင်းတွေပါတဲ့ အမှတ်အသားဟာ အလွန် အရေးကြီးပါတယ်။
အဆိုပါ အမှတ်အသားဟာ အမြင်အာရုံ ချို့ယွင်းနေတဲ့ မျက်မမြင်မသန်စွမ်းတွေ အတွက် ငွေကြေး တန်ဖိုးကို ဖော်ပြပေးတဲ့ အမှတ်အသား ဖြစ်ပါတယ်။
ယခင်ငွေစက္ကူအဟောင်းတွေတုန်းက မျက်မမြင်တွေဟာ ငွေစက္ကူ အရွယ်အစားကို ကိုင်တွယ်ကြည့်ပြီး တန်ဖိုးကို သိအောင် ပြုလုပ်ရပါတယ်။ နောက်ပိုင်းမှာ ငွေစက္ကူ အားလုံးနီးပါးကို ရွယ်တူ ထုတ်လိုက်တာကြောင့် မျက်မမြင် မသန်စွမ်းတွေက ငွေစက္ကူအပေါ်က ဂဏန်းတွေကို စမ်းသပ်ပြီး သိရှိခဲ့ရတာ ဖြစ်ပါတယ်။
ယခု တသောင်းတန်မှာတော့ အဆိုပါ နေရာလေးကို ကိုင်တွယ်ကြည့်ရုံနဲ့ ငွေစက္ကူရဲ့ တန်ဖိုးကို အလွယ်တကူ သိရှိနိုင်မှာ ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှာ နောက်ပိုင်း ထုတ်ဝေတဲ့ ငွေစက္ကူ အတော်များများမှာ မျက်မမြင် မသန်စွမ်းတွေအတွက် ယခုလို အမှတ်အသား အမျိုးမျိုးကို ထည့်သွင်း ရိုက်နှက်ခဲ့ကြပါတယ်။ မြန်မာပြည်အနေနဲ့ အနည်းငယ်တောင် နောက်ကျတဲ့သဘောမှာ ရှိပါတယ်။
တသောင်းတန် ငွေစက္ကူမှာပါတဲ့ လူတိုင်းမသိတဲ့ လျှို့ဝှက်ချက် တခုကို ဖော်ပြ ပေးလိုက်ရပါတယ် ခင်ဗျာ။