သောက်ရေသန့်ကို ရေစင်ရေမန်းဆိုပြီး အွန်လိုင်းပေါ်က ရောင်းချမှုကို အရေးယူပေးဖို့ တောင်းဆို

အယ်လ်ပိုင်းသောက်ရေသန့်ကို ရေစင်ရေမန်းအဖြစ် လူမှုကွန်ရက်ကနေ ရောင်းချနေမှုတွေကို FDA အနေနဲ့ အရေးယူဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံရေသန့်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရဲထွဋ်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အခုလိုမျိုး ရေသန့်ဘူးတံဆိပ် တစ်ခုကို ပြုပြင်ပြီးမှ အခြား တံဆိပ်များ ကပ်ပြီးပြန်ရောင်းချနေတာ FDA ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ရာ ရောက်၊မရောက်ကို FDA အနေနဲ့ စစ်ဆေးသင့်တယ်လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီလိုမျိုး ဆက်လက်ရောင်းချနေမှုကိုလည်း ကျန်းမာရေးဝန်ကြီးဌာ၊ စားသုံးသူရေးရာဦးစီးဌာ၊ FDA တို့ကို တိုင်ကြားစာတွေ ပေးပို့သွားမှာဖြစ်တယ်လို့လည်း သူရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

လူမှုကွန်ရက်ရဲ့ စာမျက်နှာအချို့မှာ အဲ့ဒီ ရေစင်ရေမန်းဆိုတဲ့ ရေသန့်ဘူးတွေကို ရောဂါတွေပျောက်‌စေတယ်ဆိုပြီး ရောင်းချမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတာဖြစ်ပြီး ဘာသာရေးကို အသုံးချပြီး ရောင်းချတာတွေတွေ့နေရတယ်လို့ လူမှုကွန်ရက်သုံးစွဲသူတစ်ယောက်က ပြောပါတယ်။

လူမှုကွန်ရက်မှာ ရေစင်ရေမန်း ရောင်းချတဲ့ စာမျက်နှာတွေမှာတော့ အဲ့ဒီရေစင်ရေမန်းတွေကို ကျန်းမာရေးအရ စွဲစွဲမြဲမြဲသောက်သုံးနိုင်တယ်ဆိုပြီးတော့ ရောင်းချမှုတွေလည်း ရှိနေတာပါ။ ဒီလိုရေသန့်ကို ရေစင်အဖြစ်ဝယ်ယူသူအများစုဟာ ပညာတတ်တွေဖြစ်ကြပြီး စင်္ကာပူနိုင်ငံရောက် မြန်မာတွေကတောင် ဝယ်ယူနေတာဖြစ်ပါတယ်။

ရောင်းချသူတွေကတော့ သူတို့ရေဟာ အယ်လ်ပိုင်း သောက်ရေသန့်ကို မှာယူပြီးရောင်းတာလို့ ဖော်ပြထားပေမယ့် အယ်လ်ပိုင်း ကုမ္ပဏီအနေနဲ့ကတော့ တရားဝင် တစ်စုံတစ်ရာပြောကြားတာမရှိသေးပါဘူး။

ရေစင်ရေမန်းကို အွန်လိုင်းပေါ်မှာ ဂရုဖွဲ့ ‌ပြီး တဘူးကို ၁၅၀၀၀ ခွဲနဲ့ ရောင်းနေကြပါတယ်။ တချို့ကတော့ အဆိုပါ ရေစင်ဟာ ကျန်းမာရေး အတွက် အလွန်ကောင်းတယ်လို့ ပြောကြပေမယ့်လည်း ပညာရှင်တွေကတော့ ရေသန့်ပဲ ဖြစ်တယ်လို့ မှတ်ချက်ပြုထားပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page