မီးပြတ် နဲ့ မီးပျက် ဘယ်ဟာ စာလုံးပေါင်းအမှန်လဲ (စာလုံးပေါင်း အမှန်နဲ့ မီးမလာကြောင်း ပြောနိုင်ကြပါစေ)

ဟယ်လို အစ်ကို ညီမ သတ်ပုံလေးမေးချင်လို့ပါ။ မီးပျက်လား၊ မီးပြတ်လားဟင်။ ညီမက မီးပျက် လို့ပဲ သုံးမိနေတာ။

ပျက် နဲ့ ပြတ် အသုံးလွဲတာပေါ့။ အမှန်က မီးပြတ် ပါ။ ပြတ် က တစ်ဆက်တည်းရှိနေရာကနေ တစ်ပိုင်းစီဖြစ်သွားတဲ့သဘောပေါ့လေ။

ဥပမာ မီး တစ်နေကုန်လာနေတယ်။ တစ်လျှောက်လုံးလာတယ်ပေါ့။ အဲဒီအချိန်မှာ ခဏလေးဖြစ်စေ၊ ၆ နာရီလောက်ဖြစ်‌စေ၊ တနေ့လုံး ဖြစ်စေ မီးလာနေတာ တန့်သွားတယ်ဆိုပါစို့။ ဒါဆိုရင် မီးပြတ် တယ်လို့ သုံးရပါတယ်။

အချိန်တစ်ဆက်တည်း မီးလာနေရာကနေ လျှပ်စစ်စီးကြောင်း တစ်ပိုင်းစီဖြစ်သွားတာ သို့မဟုတ် လျှပ်စစ်မီးနဲ့ ကိုယ့်အိမ်နဲ့ ဆက်ဆံရေးရပ်စဲသွားတာမို့ မီးပြတ်တယ် လို့ သုံးတာပေါ့။

ပျက် ကတော့ ယိုယွင်းဖောက်ပြန်ချွတ်ယွင်းတာမျိုးမှာ သုံးပါတယ်။ “စရိုက်ပျက်”၊ “အကျင့်ပျက် ခြစား”။ ဒီလိုအလွယ်မှတ်ထားရင်တော့ နောက်မမှားတော့လောက်ဘူး။ မြန်မာစာမှာ သုဒ္ဓ နဲ့ ကာရိုက် လို့ ရှိတယ်ဗျ။ သဘောကတော့ အပြု နဲ့ အဖြစ်‌ ပေါ့ဗျာ။ “ပြု” လို့ “ဖြစ်” ရတဲ့သဘောပေါ့။

အကျဉ်းပြောရရင်… ချက် – ကျက် ထမင်း“ချက်” လို့ “ကျက်”သွားတယ်။ အုန်းသီးကို “ခွဲ”လိုက်လို့ “ကွဲ”သွားတယ်။ ဒီလိုပေါ့လေ။ မီးပြတ်တယ်ဆိုတာကလဲ “ဖြတ်” လို့။ “ဖြတ်” လို့ “ပြတ်” တယ်လို့ မှတ်ပါ။ မလွဲတော့ပါဘူး။

အဲ…ဆိုင်ရာက ဖြတ်တာမဟုတ်ဘဲ တစ်စုံတစ်ရာကြောင့် system break down ဖြစ်တာဆိုရင်တော့ မီးပေးတဲ့စနစ်ပျက်သွားတာပေါ့။ သို့သော် မီးဟာ ပျက်စီးသွားတာမဟုတ်ဘဲ မီးပေးတဲ့စနစ် ပျက်သွားတာပါပဲ။ ပျက် တာ ဆိုရင်လဲ သုဒ္ဓ ကာရိုက် သဘောအရ ဖျက် လို့သာ ပျက်ရတာပဲ ဖြစ်ပါလိမ့်မယ်။

နောက် အလျဉ်းသင့်ရင် သုဒ္ဓ နဲ့ ကာရိုက်သဘောကို ရေးပါအုံးမယ်။ သုဒ္ဓ နဲ့ ကာရိုက်သဘောကို သိရင် ရေးထုံးကို တော်ရုံ လွဲခဲပါတယ်။ ကာရိုက် မှာ “ပင့်” ရင် သုဒ္ဓမှာလဲ “ပင့်”၊ ကာရိုက်မှာ “ရစ်” ရင် သုဒ္ဓမှာလဲ “ရစ်” ရတယ် အစရှိသဖြင့်ပေါ့။

လေးစားခြင်းဖြင့်-
Mg Mg Yè

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page