မြန်မာပြည် ဒီလိုအခြေအနေဖြစ်လာမှာကို လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက ခန့်မှန်းနိုင်ခဲ့သူတဦး
မြန်မာနိုင်ငံမှာ ဒီနေ့ဒီလို စစ်မီးထတောက်မယ်ဆိုတာ Joshua Cooper Ramo က ၂၀၀၉ လောက်ကတည်းကမှန်းခဲ့ပါတယ်။
အဲ့ဒီ ဂျော့ရွှာကူပါးရာမို ဆိုသူဟာ Kissinger Associates ရဲ့ vice chairman and co-chief executive ဖြစ်ပါတယ်။
တကယ်တမ်းပြောရရင် ကျနော်က ဟင်နရီကစ်ဆင်းဂျာကိုမကြိုက်ပါ။ လူလည်ကြီးလို့မြင်ပါတယ်။ ဒါပေမယ့်ကမ္ဘာ့အရေးအခင်းတွေမှာ သူတို့ဘယ်လိုမြင်သလဲဆိုတာကလည်း အရေးကြီးပါတယ်။ သူ့ရဲ့ “The Age of the Unthinkable ” က ကမ္ဘာ့အရေးအခင်းတွေအကြောင်းဆက်စပ်နားလည်လိုသူတွေ ဖတ်သင့်တဲ့စာအုပ်ပါ။
ဇာတ်လမ်းကဘယ်ကစသလဲဆိုတော့ နက်ဆင်းတာလပ် (Nassim Taleb) က The Black Swam ဆိုတဲ့စာအုပ်ကိုရေးပါတယ်။ အဲ့ဒီမှာ သူက အချို့ကမ္ဘာ့အရေးအခင်းတွေဟာ ကြိုတင်မှန်းဆထားလို့ မရဘူးလို့ ပြောခဲ့ပါတယ်။ ဥပမာ – ၉၁၁ တိုက်ခိုက်မှု၊ ၂၀၀၄ ဆူနာမီလိုဟာမျိုး၊ ၁၉၈၇ စတော့ဈေးကွက်ပျက်မှုမျိုးတွေကို ဆိုလိုတာပါ။
ဒါကို ဂျော့ရွှာရာမိုက ပြန်ငြင်းပါတယ်။ သူက မှန်းလို့ရတာတွေရှိတယ်။ မီးအသေးက မီးအကြီးကြီးလောင်မှာကို တားဆီးပေးတတ်သတဲ့။
ဆီးရီးယားလို အာဏာရှင်စနစ်အောက်က နိုင်ငံမျိုးဟာ volatile ထပေါက်ကွဲလွယ်တယ်လို့ သူကကြိုတင်မှန်းဆခဲ့တယ်။ အီတလီလိုနိုင်ငံမျိုးမှာ လူထုဆန္ဒပြမှုတွေ ဖြစ်နေတာ ခဏခဏဆိုပေမယ့် စနစ်တစ်ခုလုံးပြောင်းလောက်အောင် မဖြစ်ဘူးတဲ့။ အမေရိကန်မှာလည်း လူဖြူလူမည်းပြဿနာအရေးအခင်းမျိုးတွေ ထဖြစ်တတ်တာပဲ။ ဒါပေမဲ့ မီးအကြီးကြီးလောင်မှာ မစိုးရိမ်ရဘူး။
အဲ့မှာသူပြောထားတာက “Syria or North Korea or Burma do not have small burns; a fire there could quickly become a devastating catastrophe.” တဲ့။ ဆီးရီးယား၊ မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံတွေမှာ လူထုအုံကြွမှုအသေးလေးတွေ ခဏခဏမဖြစ်အောင် ထိန်းချုပ်ထားတယ်။ အေး – မဖြစ်လိုက်နဲ့။ ဖြစ်လိုက်ရင်တပြည်လုံးမီးဟုန်းဟုန်းတောက်မယ့် အုံကြွမှုကြီး ထဖြစ်နိုင်တယ်လို့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းကမှန်းထားခဲ့တယ်။
သူမှန်းတဲ့အတိုင်းဖြစ်လာခဲ့တယ်။ ဆီးရီးယားလည်းပြည်တွင်းစစ်အကြီးအကျယ်ထဖြစ်သလို၊ မြန်မာပြည်လည်း ယနေ့အခြေအနေထဖြစ်တာပဲ။
“သဘောက တိုင်းပြည်ငြိမ်သက်ရင်ပြီးရော ငါတို့က ဘာနိုင်ငံရေးမှ စိတ်မဝင်စားဘူးလို့ လုပ်နေလို့မရဘူး။” အာဏာရှင် အုပ်စိုးတဲ့ နိုင်ငံတိုင်းမှာ မဖြစ်နဲ့ဖြစ်ရင်အကြီးကြီးထဖြစ်တတ်တယ်ဆိုတာ သိထားဖို့လိုတယ်။
သူပြောထားတာရှင်းတယ်။ ရေတိုနဲ့ရေရှည်ကိုတွက်ပြသွားတာ။ In the short run, low volatility means stability. ရေတိုမှာတော့ လူထုက အသံမထွက်ဘူးဆိုရင် တိုင်းပြည်တည်ငြိမ်တယ်လို့ယူဆကြတယ်။ In the long run, though, low voltality leads to increased vulnerability. ရေရှည်မှာ အဲ့လိုအသံမထွက်ပဲ လူတွေမကျေနပ်တာက ပိုပြီးကြောက်ဖို့ကောင်းပါသတဲ့။
၂၀၁၂ ဦးသိန်းစိန်ခေတ်မှာသွားပြောရင် အရူးလို့ထင်ကြမယ်။ ဦးသိန်းစိန်ခေတ်မှာ နိုင်ငံခြားဝင်ငွေအများကြီးရတယ်။ ကမ္ဘာ့နိုင်ငံ့ခေါင်းဆောင်တွေက တကယ်အာဏာမသိမ်းတော့ဘူးထင်ပြီး ချီးကျူးကြတယ်။ ချောင်းပေါက်အောင်လာလိုက်တဲ့ သမ္မတတွေဆိုတာ နေ့တိုင်းလိုလို တွေ့ရတယ်။
မြန်မာပြည်တကယ်ပွင့်ပြီဟဲ့ ဆိုပြီး ထောက်ပံ့ငွေတွေ၊ ချေးငွေတွေ၊ ရင်းနှီးမြှုပ်နှံငွေတွေ ဝေါကနဲဝင်ချလာတယ်။ ဦးသိန်းစိန်ကလည်း ရသမျှကို ရေတိုအတွက်ပုံအောသုံးတယ်။ မုန့်ဝေတဲ့ခေတ်ပေါ့။ လူတွေလက်ထဲငွေရောက်ပြီး ပျော်စေရမယ်။
ဒါပေမယ့်ရေရှည်အတွက် ဘာမှသေချာမစီမံနိုင်ခဲ့ဘူး။ နောက်နောင်အာဏာမသိမ်းအောင် သူအာမမခံနိုင်ခဲ့ဘူး။ အိမ်ဈေးမြေဈေးတွေထိုးတက်တော့လူတွေပျော်ကြတယ်။ တကယ်တော့ ပုံမှန်တစ်လ (၅) သိန်းဝင်တဲ့လူတစ်ယောက်က ရိုးရိုးသားသားရှာဖွေရင် အနည်းဆုံးသိန်း (၅၀၀) လောက်ပေါက်တဲ့ တိုက်ခန်းကို ဘယ်လိုဝယ်မလဲ ရေရှည်အတွက်မတွေးခဲ့ဘူး။
အဲ့ဒီခေတ်မှာ ခရိုနီတွေ၊ ပရောဂျက်ရသူတွေ၊ မြေသမားတွေအကြီးအကျယ်ကြီးပွားတာပဲမြင်ခဲ့ကြတယ်။ ပြည်ပကနေ မြန်မာ့မြေဈေးကွက်ကို ဝင်မွှေပြီး ငွေထုပ်ပိုက်လစ်သွားတဲ့ မျောက်အဝယ်တော်တွေကို မမြင်ခဲ့ကြဘူး။
ပိုဆိုးတာက အထွက်မှာ ထွက်ကန်ကန်ပြီး နိုင်ငံပိုင်မြေတွေကို လက်သိပ်ထိုးရောင်းခဲ့တာ။ ထွက်ခါနီးမှ ကိုယ့်လူကိုကိုယ်ကြိတ်ပြီး ပရောဂျက်တွေပေးခဲ့တာတပြုံကြီးပဲ။
အန်အယ်လ်ဒီ လက်ထက်မှာကျပြန်တော့ ထိန်းချုပ်မှုတွေလုပ်ပေမယ့်လည်း တဖက်မှာ လုပ်သင့်တာကို မလုပ်၊ မလုပ်သင့်တာတွေကို လုပ်ခဲ့တာတွေရှိနေပြန်တယ်။ ကျနော်တို့က ထောက်ပြရင်တောင်မှ အရောင်မျိုးစုံတပ်ပြီး ဆဲကြသေးတယ်။
ပိုဆိုးတာက အမတ်အချို့က နေ့ရောညပါ ဖိပြီးမကြိုးစားတာ။ အရိပ်ခိုလိုက်နေခဲ့တာ။ ထားပါတော့။ အခုရခဲ့တဲ့သင်ခန်းစာအရ ကျနော်တို့အနေနဲ့ ကမ္ဘာ့အရေးကို ပိုမိုလေ့လာသင့်တယ်လို့ မြင်တယ်။
Kissinger Associates ကလူတွေရဲ့အမြင်ကိုလည်း “ကိုယ့်တိုင်းပြည်ရဲ့အနာဂတ်ကို သူတို့ဘယ်လိုမြင်သလဲ” ဆိုတာ သတိနဲ့စောင့်ကြည့်သင့်တယ်။ ကျနော်တို့တွေဟာ မျက်တောင်တစ်ဆုံးပဲကြည့်ပြီး ဆူလွယ်ဆဲလွယ်နေလို့မရဘူး။ ရေရှည်မှာ ဘာဖြစ်နိုင်တယ်ဆိုတာကို ကြိုတွက်သင့် လိမ္မာပါးနပ်သင့်ပြီလို့မြင်ပါတယ်။
မြန်မာနိုင်ငံဟာ အာဏာရှင်စနစ်အောက်မှာနေရသ၍ ဘယ်တော့မှအေးချမ်းနေတယ်လို့ပြောလို့မရပါ။
အာဏာရှင်စနစ်အောက်ကို ပြန်သွားတာနဲ့ တနေ့မဟုတ်တနေ့ ဒီလိုအဖြစ်ဆိုးတွေ (သို့မဟုတ်) ဒီထက်ဆိုးတဲ့အဖြစ်မျိုးတွေကို ကိုယ့်သားသမီးတွေလက်ထက်မှာ ကြုံရနိုင်တယ်ဆိုတာ သိထားဖို့လိုပါတယ်။
နောက်တစ်ခုက စီးပွားရေးသမားတွေအနေနဲ့ စီးပွားရေးစာအုပ်ပဲ စွတ်ဖတ်နေလို့မရဘူး။ မြန်မာပြည်ကိုဘယ်သူတွေ ဘာပြောသလဲဆိုတာ အမြဲမျက်ခြည်မမပြတ်ကြည့်ထားဖို့လိုပါကြောင်း။
Richard Myo Thant
12-January -2022