အမှားကြာရင် အမှန်ဖြစ်လာမယ့် အခြေအနေနဲ့ ရင်လေးစရာ သာသနာ့ အနာဂတ်

အမှားတွေကြာလာတော့ အမှန်တွေဖြစ်တော့မှာလား

ရမည်းသင်းမြို့မြောက်ဖက် ရန်ကင်းတောရကျောင်းမှာ ပဋ္ဌာန်းပူဇော်ပွဲပင့်လို့ သွားခဲ့ပါတယ်။ ကျောင်းထိုင်က ဦးလေးဖြစ်လို့ ညအိပ်နေခိုင်းပါတယ်။ အနီးဆုံးရွာဖြစ်တဲ့ ကုန်းကလေး၊ငှက်သိုက်က မယ်တော်ရဲ့ ဇာတိရွာဖြစ်တာမို့ ပြောမယ်ဆို တစ်ရွာလုံး ဆွေမျိုးတွေချည်းပါပဲ။

ရောက်တယ်ဆိုရင်ပဲ ဦးလေးတော်က လက်ဖက်သုပ်ဝိုင်းနဲ့ ကော်ဖီသောက်ပါဆိုပြီး အာဝါသိကဝတ်ပြုပါတယ်။ အချိန်ကြည့်လိုက်တော့ ညနေ ၅ နာရီ မို့ ငြင်းလိုက်ပါတယ်။ ကော်ဖီ ဟာ နွားနို့ပါလို့ ယာဝကာလိကာသာဖြစ်ကြောင်း၊ ယာမကာလိကာမထိုက်ကြောင်း ရှင်းပြတော့ ဝိုင်းမှာထိုင်ပြီး အချိုပွဲအားပေးနေကြတဲ့ ရဟန်း ၄ ပါးက အခြားကမ္ဘာကလာတဲ့ ဂြိုလ်သားကိုကြည့်သလို ဝိုင်းကြည့်ကြပါတယ်။

ဦးလေးဘုန်းကြီးက အချိုရည်ဗူးထုတ်ပြီး ဧည့်ဝတ်ပြုတာကို ငြင်းလို့ ဘာဖြစ်လို့လဲလို့ မေးပါတယ်။ ရယ်ဒီမိတ်ဗူးတွေဟာ မီးနဲ့အပူပေးပြီး တာရှည်ခံအောင် ထုတ်လုပ်ထားတာမို့ ယာမကာလိကာအဖြစ် မအပ်စပ်ပါကြောင်းရှင်းပြလိုက်တော့ ဦးလေးက သဘောကျပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ ခေါင်းငြိမ့်ပါတယ်။

နဲနဲလေး မှောင်လာတော့ အအေးဓာတ်က စိမ့်လာလို့ အနွေးထည် ဆွယ်တာကိုယ်စီ၊ ခေါင်းစွပ်ကိုယ်စီ ထုတ်ဝတ်ကြပါတော့တယ်။ ခြုံထည်လေးခေါင်းပတ်ပြီး နေတာကတော့ ကိုယ်ရယ်၊ ဆုံရွာကုန်းတောရမှာ တစ်ပါးတည်းတောရဆောက် တည်နေတဲ့ နောင်တော်ဦးဇင်းရယ် နှစ်ပါးတည်းသာရှိပါတယ်။

အဆိုးဆုံးကတော့ ကော်လာမပါတဲ့ ကြယ်သီးတပ်အင်္ကျီလက်ရှည်အနီရောင်ကို ဝတ်ထားတာပါပဲ။ ရဟန်းအသွင်နဲ့ ဘယ်လိုမှကို မတူတော့တာပါ။

ညဘက်ရောက်တော့ ရွာက ဒကာ၊ဒကာမတွေက တောင်းလေးတွေ ရွက်ပြီး ရောက်လာကြတယ်။ ဝိုင်းရဲ့အစွန်ဆုံးမှာ ထိုင်နေတဲ့ ကိုယ့်ကို ဆွမ်းအုပ်လေးတွေလာကပ်လို့ ဘာတွေလဲလို့မေးတော့ ပဲသုပ်ပါဘုရား၊နောက်တစ်ဦးက ဂျင်းသုပ်တဲ့၊ နောက်တစ်ဦးက ခေါက်ဆွဲသုပ်တဲ့ဆိုတော့ အကပ်မခံတော့ဘဲ နောက် လာမကပ်နဲ့လို့ ပြောလိုက်တယ်။

ဘေးမှာထိုင်နေတဲ့ကိုယ်တော်က အကပ်ခံပြီး ခပ်တည်တည်နဲ့ ကဲကဲ လိုက်ဆိုလို့ပြောပြီး ဆုတောင်း ဆုပေးတွေတောင် လုပ်လိုက်သေးဗျာ။အင်း သူ့အရပ်နဲ့သူ့ဇာတ်ကတော့ လိုက်ပါ့ဗျား။

ဆုံရွာကုန်းနောင်တော်ကြီး လက်ကုပ်ခေါ်ပြီး ပြောပါတယ် (ကိုယ်တော် – ဒီမှာရှိတဲ့သူတွေက အားလုံး ဝါတွေ မနည်းတော့ပါဘူး၊ ရဟန်းဘဝရောက်ကတည်းက ဝိနည်းဆိုတာကို လေ့လာသင်ယူလို့ပဲ ဖြစ်ဖြစ်၊ အကြားနဲ့ပဲဖြစ်ဖြစ် သိပြီးတဲ့သူတွေပါ၊ ဒီလိုပွဲမျိုးမှာ တပည့်တော်လိုပဲ အလိုက်အထိုက်လေး အဆင်ပြေအောင်နေပေးလိုက်ပါ။ မဟုတ်ရင် စုန်းပြူးဖြစ်လိမ့်မယ်။ မှားလို့ မဟုတ်ဘူးနော်၊ မှန်လွန်းလို့ အံမဝင်ဖြစ်တာ)

ဪ အမှားတွေ ကြာလာလို့ အမှန်တွေ ဖြစ်တော့မှာလား၊ အနာဂတ် သာသနာ့ မျိုးဆက်သစ် ဖြစ်တဲ့ ကိုရင်တွေရဲ့ အမြင်မှာ ဘုန်းကြီးဖြစ်ရင် ကားမောင်းလို့ ရတယ်။ ပဋ္ဌာန်းပွဲဆိုရင် ဝိကာလ ဘောဇနာ သိက္ခာပုဒ် ထိန်းရန် မလို၊ ကျောင်းထိုင် ဖြစ်ရင် ဆွမ်းခံစရာမလိုဆိုပြီး စွဲမှတ်သွားကြမှာ သေချာပါတယ်။

အင်း ကြာရင်တော့ ကိုယ်လည်း ဒကာကြီးကျော်ကျော်ညွှန့်ပြောသလို ရွာပြင်ထုတ်ခံရတော့မှာသေချာပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page