မန္တလေးမှာ မြောင်းဖုံးပါမချန် အလစ်သုတ် ခိုးယူမှုများ ဖြစ်ပွားနေ (ဒီလိုတွေတောင် ဖြစ်ကုန်ပြီလား)

ယခုရက်ပိုင်း မန္တလေးမြို့တွင်းလမ်းများပေါ်ရှိ ရေမြောင်းဖုံးများကို လိုက်လံခိုးယူမှုများရှိနေပြီး ယာဉ်ပိုင်ရှင်များအနေဖြင့် သတိပြု၍ မောင်းနှင်သွားလာသင့်ကြောင်း မြို့ခံပရဟိတအဖွဲ့များထံမှ သိရပါတယ်။

ယင်းရေမြောင်းဖုံးများကို မန္တလေးစည်ပင်က မြို့တော်သန့်ရှင်းသာယာလှပရေးအတွက် ရည်ရွယ်တပ်ဆင်ပေးထားခြင်းဖြစ်ပြီး သံဖြင့်ပြုလုပ်ထားသောကြောင့် သံထည်အဟောင်းဈေးကွက်သို့ ရောင်းချလိုသူများက လိုက်လံခိုးယူကြခြင်းဖြစ်နိုင်ကြောင်း မြို့သူမြို့သားများက ဆိုကြပါတယ်။

မြို့ခံပရဟိတအဖွဲ့များကလည်း မြောင်းဖုံးမရှိတော့သည့် ရေမြောင်းများနေရာတွင် ယာဉ်မောင်းများကြိုတင်သိရှိရှောင်ရှားနိုင်ရန် ဝါးလုံးများစိုက်ထူ၍ သတိပေးစာများချိတ်ဆွဲခြင်းဖြင့် ကူညီပေးနေရပါတယ်။ တချို့ဆိုင်ကယ်စီးသူများသည် အဖုံးမရှိသည့်ရေမြောင်းအတွင်းသို့ မတော်တဆကျရောက်ကာ ပြင်းထန်စွာဒဏ်ရာရရှိသွားသူများရှိသဖြင့် သတိထားကာမောင်းနှင်သွားလာကြရန် လိုအပ်တယ်လို့ သိရပါတယ်။

“တော်တော်ဆိုးတဲ့သူခိုးတွေပါလားဗျာ။ အများပြည်သူ အန္တရာယ်ဖြစ်မှာစိုးလို့ ၆၂လမ်းနဲ့လမ်း၂၀ဒေါင့်က မြောင်းဖုံးလေးကို ငွေအား၊ လုပ်အားနဲ့ အစားထိုးတပ်ဆင်ခဲ့တာကို မကြာခဏခိုးသွားပြန်ပြီ။ ပြန်ရောင်းစားရင်ဘယ်လောက်ရမှာလဲဗျာ။ လူဖြစ်‌စေ၊ အခန့်မသင့်လို့ ဆိုင်ကယ်၊ ကားဖြစ်စေသာ ကျခဲ့မယ်ဆိုရင် အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်ဗျာ”ဟု ပရဟိတအဖွဲ့တဖွဲ့မှ တာဝန်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။

“အိမ်နားက အမျိုးသမီးတယောက်က ည၈နာရီလောက် အလုပ်ကနေ ဆိုင်ကယ်စီးပြန်လာတာ ၃၇လမ်းပေါ်က ရေမြောင်းပေါက်ကို သတိမထားမိတော့ ဆိုင်ကယ်ဘီးကမြောင်းပေါက်ထဲကျသွားတာ မေးစေ့ကွဲပြီး ဒဏ်ရာတွေ တော်တော်ရသွားရှာတယ်”ဟု ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်နေသူတဦးက ပြောပါတယ်။

မန္တလေးမြို့တွင် ရေမြောင်းဖုံးများအပြင် လမ်းမီးတိုင်များအတွင်းရှိ လျှပ်စစ်ပစ္စည်းများ၊ ချောင်းတလျှောက်ကာရံထားသည့် သံဇကာများကိုလည်း ခိုးယူမှုများရှိနေတာကို တွေ့ရပါတယ်။

တိုင်းပြည် စီးပွားရေး ပြိုလဲမှုကြောင့် အလုပ်အကိုင် ရှားပါးမှုနှင့် ဝင်ငွေ လျော့ကျမှုများ ဖြစ်ပေါ်လာပြီး ခိုးဆိုးလုနှိုက် အလစ်သုတ်မှုများ နိုင်ငံအနှံ့ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page