ငွေလွှဲငွေထုတ်ပေးတဲ့ ဆိုင်တွေ ဂရုပြုရမယ့် အဆင့်မြင့် လိမ်နည်းတမျိုး (လူလိမ်က နေရာတိုင်းမှာ ရှိပါတယ်)
မနေ့ကဆိုင်မှာ ဝေ့မန်းနီး ငွေလာလွှဲတဲ့ ကလေးတစ်ယောက် အလိမ်ခံရတယ်။ အဲ့ကလေးငွေလာလွှဲတဲ့အချိန်မှာ အနောက်ကနေလူတစ်ယောက်လိုက်ဝင်လာတယ်။ ငွေထုတ်ချင်တယ်ပြောပြီးအနားမှာစောင့်နေတယ်။ (ပုံမှာအနီအဝိုင်းနဲ့ပြထားတဲ့သူ)
ငွေလွှဲမယ့်ကလေးက ဖုန်းနံပါတ်ပြောတော့ ဖုန်းထုတ်ပြီး လိုက်မှတ်နေတယ်။ ငွေလည်းလွှဲပြီးအဲ့ကလေးဖုန်းထဲကို message ကျသွားပြီဆိုတာနဲ့ အဲ့လူကလည်း သူ့ဆီဖုန်းလာသလိုနဲ့လှည့်ထွက်သွားတယ်။ နောက် ၁ နာရီလောက်ကြာတော့ ငွေလွှဲတဲ့ကလေးကျွန်တော့်ဆိုင်ပြန်ရောက်လာတယ်။ ငွေမထုတ်ရသေးပဲ ငွေထုတ်ပြီးကြောင်း message ကျလာတယ်တဲ့။
ဆိုတော့ ခေါင်းစားပြီ။ ငွေထုတ်သွားပြီဆိုတော့ ဖြစ်နိုင်ချေရှိတာက ငွေလွှဲသူ၊ ငွေလက်ခံသူ၊ ငွေလွှဲတဲ့ဆိုင်။ အဲ့ ၃ ယောက်ထဲက တစ်ယောက်ယောက်။ ငွေလွှဲသူကိုလည်း ကိုယ်ကယုံလို့မရဘူး။ တစ်ချို့လည်း ကိုယ့်ဖာကိုယ်ထုတ်ပြီး မထုတ်ရသေးဘူးဆိုပြီး လာလိမ်တတ်တယ်။ ငွေလက်ခံသူ။ သူ့ကိုလည်း ကိုယ်ကမမြင်ရတော့ တရားသေပြောလို့မရဘူး။ သူတို့ကလည်း လိမ်ချင်လိမ်လို့ရတာပဲ။ ငွေလွှဲတဲ့ဆိုင်ကတော့ ကိုယ့်ဆိုင်က လူစိမ်းမရှိတော့ ဒီတစ်ကြိမ်ကိုယုံလို့ရတယ်။ လူစိမ်းတွေ၊ ဆွေမျိုးတွေ အများကြီးရှိနေရင်တော့ ကျိမ်းသေမပြောနိုင်။
ဒါနဲ့ call center ကိုဖုန်းဆက်။ ငွေကိုကြားထဲကဖြတ်ထုတ်သွားလို့ပါပြောတော့ call center က လိုအပ်တဲ့အချက်အလက်တွေကိုမေးတယ်။ ခဏနေတော့ ငွေထုတ်သွားတဲ့ဆိုင်ကိုအတိအကျပြောတယ်။ အမှတ် — လမ်း — ဆိုင်နာမည် — မှာ ထုတ်ထားပါတယ်တဲ့။
ကိုယ့်ဆိုင်နဲ့ ၅ မိနစ်လောက်ကြာလမ်းလျှောက်ရင်ရောက်တဲ့ဆိုင်။ လွှဲလိုက်တာက — နယ်ကို။ ထုတ်သွားတာက ရန်ကုန်မြို့က — ဆိုင်။ ဆိုတော့ CCTV ပြန်ကြည့်တယ်။ မသင်္ကာစရာ လူတွေ့တယ်။ ဖုန်းနံပါတ်တွေကို ပြောနေတဲ့အချိန် လက်ကလိုက်မှတ်နေတယ်။
အိုကေ။ ဒါနဲ့ အဲ့ footage ကို ဖုန်းထဲ download ဆွဲ။ ငွေလာလွှဲတဲ့ညီလေးကိုခေါ်ပြလိုက်တယ်။ ပြဿနာကတော့တွေ့ပြီ။ ဒါဆိုငွေလွှဲသူ ငွေလက်ခံရရှိသူဖုန်းနံပါတ်တွေကို လိုက်မှတ်ရုံနဲ့ ဝေ့မန်းနီးက ထုတ်လို့ရပြီလား မရသေးပါဘူး။ ငွေထုတ်ဖို့ လိုအပ်ချက်နောက်တစ်ခုက အိုင်ဒီ နံပါတ်နဲ့ ပတ်စ်ဝက် အဲ့ ၂ ချက်မသိရင်ထုတ်ရစရာအကြောင်းမရှိဘူး။
ဒါဆို — နယ်က ညီလေးအိမ်ကိုဖုန်းလှမ်းဆက်ကြည့်။ လူစိမ်းတွေဖုန်းဆက်လာပြီး ငွေလွှဲတဲ့အကြောင်းမေးသေးလား။ အိုင်ဒီ နံပါတ်မေးသေးလားလို့ မေးကြည့်ဆိုတော့ ငွေလွှဲပြီး တစ်အောင့်နေတော့ ဖုန်းအစိမ်းဝင်လာပြီး message ကျ/မကျ မေးလာတော့ဖြေလိုက်ကြောင်း — နယ်က အဲ့ကလေးအိမ်ကပြောတယ်။ အဲ့ဖုန်းချသွားပြီး ခဏနေတာနဲ့ ငွေထုတ် message ကျလာတယ်တဲ့။
ဒီလောက်ဆို ဆက်စပ်လို့ရပြီ။ ပုံထဲက သူခိုးက ငွေလက်ခံရရှိမယ့်ဖုန်းကို ဆိုင်အပြင်ရောက်တာနဲ့ဆက်တယ်။ ငွေလွှဲတဲ့ဆိုင်က ဖုန်းဆက်တာပါလို့ပြောပြီး အိုင်ဒီ နံပါတ်ကိုအစ်အောက်မေးမယ်။ အိုင်ဒီ နံပါတ်သိတာနဲ့ တွေ့တဲ့ဆိုင်မှာ ဝင်ထုတ်မယ်။
ဆိုတော့ အိုင်ဒီ နံပါတ်သိရုံ ပတ်စ်ဝက် သိရုံနဲ့ငွေက ထုတ်လို့ရပြီလား၊ မရသေးပါဘူး။ အေးဂျင့်ဆိုင်တစ်ဆိုင်အနေနဲ့ ငွေလက်ခံရရှိကြောင်း မူရင်း MESSAGE မပါရင် ထုတ်ပေးခွင့်မရှိပါဘူး။ ထုတ်ပေးလိုက်လို့ သူခိုးအမှုဖြစ်နေရင် ထုတ်ပေးလိုက်တဲ့ဆိုင်ရဲ့အမှားပါ။
ရိုင်းရိုင်းပြောရရင် သူခိုးလက်ခံလုပ်ပေးလိုက်တာပါ။ သူခိုးအားပေးလုပ်တာပါ။ ကျွန်တော့်ဆိုင်မှာတော့ မူရင်း MESSAGE မပါရင် ငွေလုံးဝမထုတ်ပေးပါဘူး။ စာအုပ်ကြီးအတိုင်းသွားလွန်းလို့ တစ်ချို့ဆိုပြောဆိုသွားကြပါတယ်။ ငါတို့က လူလိမ်မဟုတ်ဘူး ဘာညာပေါ့။ ဘယ်သူ့ကိုမှလူလိမ်လို့မသတ်မှတ်ပါဘူး။ အချက်အလက်ပြည့်စုံဖို့ကိုတော့ ဂရုစိုက်ပါတယ်။
အခုတော့ ကလေးတစ်ယောက် လုပ်ခလစာလေး ၁ သိန်း အလိမ်ခံလိုက်ရပါပြီ။ ပထမမှားတာက — နယ်က ရိုးရိုးသားသားလူတွေက သူခိုးဖုန်းဆက်မေးတဲ့ကိုယ့်လျှို့ဝှက်ချက်ကို အကုန်ပြောပြတာပါ။ ဒုတိယမှားတာက အချက်အလက်မပါပဲ (မူရင်း အိုင်ဒီ ပါသော MESSAGE) သူခိုးကိုငွေထုတ်ပေးလိုက်တဲ့ အေးဂျင့်ဆိုင်ပါ။
အလိမ်အညာတွေရန်မှကင်းဝေးစေလိုတဲ့ဆန္ဒနဲ့အဖြစ်အပျက်လေးကိုအကျဉ်းချုံးတင်ပေးလိုက်ပါတယ်။ ငွေပြန်မရပေမယ့် ကူညီမယ့်သူရှိလို့ငွေအဆင်ပြေသွားပါပြီ။
အောင်ဆေးဆိုင်