ငှက်ပျောသီး အလှည့် ရောက်လာပါပြီ (နယ်စပ်ပိတ်၍ တရုတ်တစ်ရှူးငှက်ပျောကား ရာနဲ့ ချီဆုံးရှုံးလျက်ရှိ)

ကချင်ပြည်နယ် မိုးမောက်မြို့နယ် လွယ်ဂျယ်-လာရင်း မြန်မာ-တရုတ်နယ်စပ်ဂိတ်တွင် ကြန့်ကြာနေသဖြင့် တစ်ရှူးငှက်ပျောကား ရာနှင့် ချီ၍ စွန့်ပစ်နေရကြောင်း မြန်မာနိုင်ငံအတွင်းမှ ကားလုပ်ငန်းလုပ်ကိုင်သူများက ပြောပါတယ်။

လက်ရှိတွင် လွယ်ဂျယ်နယ်စပ်ဂိတ်ရှိ ဂိုဒေါင်အများစုမှာ ငှက်ပျောသီးဂျပ်ဖာများဖြင့် ပြည့်နှက်နေပြီး နယ်စပ်လမ်းတစ်လျှောက်တွင်လည်း ဆယ်နှင့်ချီသည့် ငှက်ပျောကားများ တန်းစီနေကြောင်း ကားလုပ်ငန်းရှင်များက ပြောပါတယ်။

ငှက်ပျောက ၂ ပတ်ပဲ ခံကြောင်း၊ ဇန်နဝါရီ ၅ ရက်မှာ ဖွင့်မယ်ပြောလို့ ဒီဇင်ဘာ ၂၆ ထဲက ငှက်ပျောတွေ တင်ထားကြတာ ဖြစ်ကြောင်း၊ အခုလို ပိတ်ထားတော့ ရင့်မှည့်လာတဲ့ ငှက်ပျောတွေကို လွှင့်ပစ်ရတော့မှာ ဖြစ်ကြောင်း၊ လုပ်ငန်းရှင်တွေ သိန်းသောင်းနဲ့ ချီပြီး နစ်နာကြောင်း ကားလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းရှိ တရုတ်နိုင်ငံ နှင့် ကုန်သွယ်နိုင်သည့် အကြီးဆုံးနယ်စပ်ဂိတ် နှစ်ခုဖြစ်သည့် ကန်ပိုင်တည်နယ်စပ်ဂိတ်နှင့် လွယ်ဂျယ်နယ်စပ်ဂိတ်တို့ကို ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်မှ စတင်ပိတ်ထားခဲ့သည်မှာ ခြောက်လကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိတွင် ကန်ပိုင် တည်နယ်စပ်ဂိတ်ကို ဒီဇင်ဘာလလယ်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့သော်လည်း ကိုဗစ်ကပ်ဘေးကာကွယ်မှု၊ စစ်ဆေးမှုနှင့် ကုန်စည်စစ် ဆေးမှုများကြောင့် တစ်ရက်လျှင် ကားအစီး ရေဆယ်ဂဏန်းခန့်သာ အဝင်အထွက် ပြုလုပ်နိုင်ကြောင်း သိရပါတယ်။

လွယ်ဂျယ်နယ်စပ်ဂိတ်မှာ ဗန်းမော်မြို့မှ ၅၆ မိုင် လေးဖာလုံအကွာတွင် ရှိပြီး တရုတ်နိုင်ငံ လုံချွမ်ခရိုင် ကျန်းဖုန်းမြို့နယ် လိုင်းရင်းကျေး ရွာနှင့်ထိစပ်နေသည့် နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်ပါတယ်။

တရုတ်နိုင်ငံနှင့် ကချင်ပြည်နယ်တို့ တရားဝင် အဓိကဆက်သွယ်ရာတွင် ကန်ပိုင်တည် နှင့် လွယ်ဂျယ်ဝင်ပေါက်၊ ပန်ဝါဝင်ပေါက်တို့ ကို အဓိက အသုံးပြုနေရပါတယ်။ ထို့ပြင် လိုက်ဇာ၊ မန်ဝိန်းကြီး ဝင်ပေါက်များကိုလည်း အသုံး ပြုနေကြကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published.

You cannot copy content of this page