အစိနဲ့ အဆင့် (သင်ခန်းစာယူစရာ ဖြစ်ရပ်မှန် ဝတ္ထုတို တပုဒ်)

အဆင့်

ရေးသားသူ – ဝါနုသော်

(က)

ဟင်၊ သူ့နှုတ်ခမ်းထက်က မှဲ့နီကလေး။ ပြီး သူ့ရဲ့ မျက်ခုံးတွေက ဆက်လုမတတ် ထူထူထဲထဲ။ သူက အပြုံးချိုချိုလေး ပြုံးပြတော့ ဘယ်ဘက်မှာ သွားစွယ်ကလေးနဲ့။ ‘အို၊ သေချာပါပြီ၊ ဒါ ခင်မာချိုပါပဲ။ ကြည့်ပါဦး၊ ခင်မာချိုဟာ အခုထိလှနေဆဲပဲ။´

(ခ)

`သင်းရယ်၊ နင့် ဆံပင်ကို ဖြောင့်လိုက်ပါလား၊ အခုက နင့်ပုံက တောပုံကြီးနဲ့၊ ထဘီကလည်း ဘိုသီဘတ်သီ။’ ခင်မာချိုက သည်လိုပြောတော့ သင်းကြူစိတ်ထဲ ဝမ်းနည်းရသည်။ဟုတ်သည်။ သူတို့ ပြောလည်းပြောချင်စရာ။

သင်းကြူက မဝတ်တတ်၊ မနေတတ်သည့် တောသူမရယ်ပါ။ ခင်မာချိုကတော့ ကျောင်းမှာ နာမည်ကြီးသည်။ သူ ၈ တန်းကတည်းက အထက်တန်းက လူပျိုလေးတွေ သူ့ထံ လာပိုးကြသည်။ ချစ်သူများနေ့ရောက်လျှင် လက်ဆောင်တွေ ခိုးခိုးပို့ကြသည်။

မိန်းကလေးချင်း ယှဉ်ကြည့်လျှင် သင်းစိတ်ထဲ မနာလို ဖြစ်ရသည်။ အတူတွဲသွားလျှင် သင်း စိတ်ထဲမလုံ။ ခင်မာချို၏ အချွေအရံလိုပင် မြင်နေမိသည်။ ဒါက သင်း အထင်မဟုတ်။ ကောင်လေးများ၏ အကြည့်သည်လည်း သည်သို့ပင်။

`ဟေ့ ၊ သင်း´ တစ်ခါက သင်း ထံ လူတစ်ယောက် ကပ်လာဖူးပါသည်။ သင်းက ရင်ဖိုလှစွာ အလန့်တကြား ကြည့်မိသည်။ ဆယ်တန်းက အစ်ကိုကြီး ကျော်စိုးလွင်။

ကျော်စိုးလွင်က သင်းထံပါး ကပ်လာတော့ သင်းရင်ထဲ တဒိတ်ဒိတ် ခုန်လာသည်။ ပြီး လွယ်အိတ်ထဲက စာတစ်စောင် ထုတ်လာသည်။

အို။ သူ။ သူ။ `ဒီစာကလေး ခင်မာချိုကို ပေးပေးစမ်းပါ သင်းရယ်၊ ငါ နင့်ကို ခေါင်းစည်းကြိုး လက်ဆောင် ပေးပါ့မယ်ဟာ။ ကူညီပါ´။ သင်းရင်ထဲ နင့်ခနဲ ရှက်ခဲ့ရတာရယ်ပါ။ ခင်မာချိုဟာ အလှပဂေးတင်မဟုတ်။ 1 to10 ထဲအမြဲပါတဲ့ စာတော်သူလေး။ သူ့ဘဝ သူ့ပါရမီက ငေးချင်စရာ။

(ဂ)

ဆယ်တန်းရောက်တော့ ခင်မာချိုက ဘော်ဒါဆောင်မှာ နေသည်။ သူ့ကို ကြိုက်သူ ပေါသတဲ့။ သူကလည်း မာနကြီးသတဲ့။

လာကြိုက်ကြသူတွေကို ခါချနေရသတဲ့။ ခင်မာချိုရဲ့ မာနသတင်းက သင်းတို့ သူငယ်ချင်းတွေကြား မွှေးမြလျက်ပါပဲ။

ပြီး သူနဲ့ ဝေးသွားခဲ့တာ ကြာပါပကော။ နှစ်တွေလည်း ပြောင်းခဲ့ပြီလေ။ အခုတော့ သူလည်း သူ့အိမ်ထောင်နဲ့သူပေါ့၊ သင်းကလည်း သင်း အိမ်ထောင်နဲ့ သင်း။ သူနဲ့ မဆုံရတာ ကြာခဲ့ပြီ ။ သင်းကတော့ ကျူတာဖြစ်ပြီးသုံးနှစ်အကြာတွင် အိမ်ထောင်ကျခဲ့သည်။

အခုတော့ ခင်မာချိုကို မိမိရှေ့မှာပဲ သင်း တွေ့နေရသည်။ အပြုံးကလေးလွင်လို့။ သူက သင်းကို မှတ်မိဟန်မတူ။ ကြည့်ပါဦး။ ခင်မာချိုဟာ အရင်ကလို လှနေဆဲ။

(ဃ)

`အားလုံး နေကောင်းကြတယ်ဟုတ်လား´ သင်း၏ စကားမဆုံးခင် နံဘေးတွင် ရပ်နေသည့် အမျိုးသမီးတစ်ဦးက မျက်ရိပ်မျက်စဖြင့် ကြည့်နေသည်ကို သင်း မြင်သည်။

`ဟဲ့ ဘာလဲ´ သင်း အသံက အနည်းငယ် မာနေသည်ထင်သည်။ အမျိုးသမီးက မျက်နှာငယ်လေးဖြင့် `အဝတ်တွေ လျှော်ပြီးပါပြီ အမေ´ ဟု ကပျာကယာ ဖြေရှာသည်။ သင်းက ခေါင်းကလေး တစ်ချက်ဆတ်ပြပြီး

`ပြီးရင် သွားတော့လေ၊ အောက်တန်းစားမရေ၊ ဒီမှာ စကားပြောနေတာ မမြင်ဘူးလား´ ဟု ဆိုသော် အမျိုးသမီးသည် ခေါင်းကလေးငုံ့ကာ ကြောက်လန့်တကြား ပြေးသွားတော့သည်။

ပြီးမှ သင်းက မျက်နှာကလေးတင်းရာကနေ ပြေလျော့ကာ `အဲဒါပဲကြည့်ကွယ်၊ ဘာတစ်ခုမှ အလိုက်ကမ်းဆိုး မသိကြဘူး´ဟု စိတ်ပျက်သံဖြင့် ဆိုသည်။

ပထမဆုံး ထလာသူက ခင်မာချို။ `အမေ ခိုင်းစရာရှိရင် ကျွန်မကို ခိုင်းပါ´ ဟု ဆိုသည်။ `အေးကွယ်။ အားလည်း နာပါတယ် သမီးတို့ရယ်။ အဲဒီကောင်မက ဘာလုပ်လုပ် အချိုးကို မပြေဘူး´ ဟု မြည်တွန်ရာ ခင်မာချိုက အမျိုးသမီးထားခဲ့သော အဝတ်ခြင်းဆီရောက်နှင့်နေပြီ။

(င)

သင်းကို မမှတ်မိဘဲ ကြည်သာစွာ ရိုကျိုးလှသော ခင်မာချိုကို ကြည့်ကာ သင်းစိတ်ထဲ သိပ်တော့မကောင်းလှ။ ပြီး သံဝေဂရနေမိသည်။

`သြော် ခင်မာချိုရယ်။ ငယ်ငယ်က ဘယ်လောက်ပဲတော်တော်၊ ဘယ်လောက်ပဲလှလှ၊ ရိုးရိုးဗိုလ်နဲ့ရတော့ အခု ငါ့ကိုလက်အုပ်ချီနေရပြီး ငါ့ထဘီကိုလျှော်နေရတဲ့ အဆင့်နိမ့် မိန်းမဘဝပါလား´ ဟု တီးတိုးရေရွတ်နေမိတော့သည်။

ဝါနုသော်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page