ပိဋက သုံးပုံ အာဂုံဆောင်တဲ့ တိပိဋက ဆရာတော်တွေ သာသနာအတွက် ဘာလို့အရေးကြီးတာလဲ
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် B.C 3 ရာစု နှစ်မှာ အသောကဘုရင်ကြီး ဗုဒ္ဓဘာသာ ပြောင်းပြီး ကိုးကွယ်ခဲ့လို့ အိန္ဒိယ မှာ ဗုဒ္ဓသာသနာထွန်းကားခဲ့ပါတယ်။ အဲ့ဒီခေတ်က စေတီပေါင်း သောင်းချီတည်ခဲ့တယ် ဆိုပါတယ်။ ဧကရာဇ်ဘုရင်အသောကမင်း လွန်ပြီးနောက် ဘုရင် ၆ ဆက်တိတိ ဗုဒ္ဓဘာသာကို ဆက် ချီးမြှောက်ခဲ့ပါတယ်။
BC 2 ရာစု နှစ်မှာ ရှန်ဂနန်းဆက် ဟာ အသောကမင်းဆက်ကို ဖြိုပြီး တက်လာတယ်။ ဘုရင် Pushyamitra Shunga မင်း ဖြစ်လာတယ်။ ပုရှိယာမိတ္တရာမင်း ဟာ သူ့ မူးမတ်တွေကို အသောကမင်း အင်ပါယာရဲ့ အောင်မြင်မှုမျိုး လိုချင်တယ်။ ဘာလုပ်ရမလဲ မေးတယ်၊ မူးမတ်တွေက အရှင်မင်းကြီး အသောက အငွေ့အသက်တွေကို ဖျက်ချနိုင်မှ အရှင်မင်းကြီး ကိုယ့်လက်ကိုယ့်ခြေ ဖြစ်မယ် အကြံပေးတော့ အသောက မင်း ထူထောင်ထားတာတွေအကုန်ဖျက်ခိုင်းတယ်။
စေတီပုထိုး ပေါင်းသောင်းကျော် အဖြိုခံရတယ် လို့သမိုင်းမှာမှတ်တမ်းရှိတယ်။ ဗုဒ္ဓဂါယ က မဟာဗောဓိဘုရားကို ဟိန္ဒူကျောင်းလုပ်တယ်၊ ဘုရားပွင့်ခဲ့တဲ့ ဗောဓိညောင်ပင်ပါ ခုတ်ပစ်တယ်။ နောက် သံဃာတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ အကုန် -တ်တယ်၊ -တ်ပြီးခေါင်းယူလာနိုင်သူကို ငွေအသပြာ ၁၀၀ ဆုချီးမြှင့်တယ်။
စာပေ၊ ကျောင်းဆောင်၊ အထိမ်းအမှတ်အကုန်ဖြိုဖျက်ခံရတယ်။သန်းပေါင်းများစွာ ရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ကိုယ်လွတ်ရုန်း ပြေးကြရတယ်၊ ဗုဒ္ဓဘာသာတင်မက ဂျိမ်းဘာသာဝင်တွေပါ ပြေးကြရတယ်။
တွေ့ရာသချိုင်္င်း ဒါးမဆိုင်း မို့ ဘာကျမ်းမှ မသယ်နိုင်ဘူး။ သာသနာကွယ်မှာကြောက်တဲ့ မထေရ်ကြီးတွေက အသက်လုပြေးရင်းလွှားရင်း ဘုရားဟောတရားတွေ ကို သံဃာငယ်တွေကို နှုတ်တိုက် ရွတ်ဆိုခိုင်းတယ်။ ညမှာခိုးပြီး နှုတ်တိုက်ပြန်ကြရတာမို့ ဂင်္ဂါမြစ်သဲသောင်ဘေးမှာ စာကျက်နေတုန်း အိပ်ပျော်မသွားအောင် အုန်းသီးခေါင်းအုံးပြီး အာဂုံရွတ်ပြီး သာသနာကိုသယ်ခဲ့ကြတယ် လို့ဆိုတယ်။
ခေတ်အဆက်ဆက် ဘာသာဝင် သန်းပေါင်းများစွာ အ-တ်ခံရတဲ့ ဗုဒ္ဓဘာသာဟာ သာသနာမပျောက်ဖို့ ပြေးရင်းလွှားရင်း ပြန်စုမိတဲ့နေရာမှာ မင်းအလွတ်ကျက်ထားတဲ့အပိုဒ်၊ ငါအလွတ်ကျက်ထားတဲ့အပိုဒ် တွေ ပြန်တိုက်ကြည့်ကြတယ်။ သံဃာယနာတင်တယ်လို့ခေါ်ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေပြေးကြတာ ကမ္ဘာ့အမြင့်ဆုံး တိဘက်ရောက်သူရောက်၊ အိန္ဒိယတိုက်ရဲ့ အမြှီးဖျား သီဟိုလ်ကျွန်းရောက်သူရောက်၊ အရှေ့တောင်အာရှ တောနက်ကြီးထဲရောက်သူရောက် တကွဲတပြားပြေးကြတယ်။
အဲ့ဒီ BC ၂ ရာစု ကနေ AD ၉ ရာစုအထိ နှစ်ပေါင်း တထောင်ကျော် ဘာသာအယူဝါဒ အမျိုးမျိုးရဲ့ ရန်ပြုခြင်းကို ရှောင်လွဲဖို့ ဗုဒ္ဓဘာသာဝင်တွေအားထုတ်ခဲ့တဲ့နည်းပါ။ ဗုဒ္ဓဝါဒမှ ရန်ပြုခံရတာမဟုတ်ဘူး၊ တခြားဘာသာတွေလည်း သူ့ရာစုနှစ်နဲ့သူ ရန်ပြုခံခဲ့ကြရပါတယ်။
ဒါကြောင့် ဘာသာမတူသူတွေ စုကြရင် အားကြီးသူ က အားနည်းသူကို ရန်သတ္တရုပြုလေ့ရှိလို့ ဘာသာရေးဟာ အလွန် အကဲဆတ်တယ်လို့ ဆိုတယ်။ ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေဟာ နိုင်ငံရေးရဲ့အနိဌာရုံတွေကိူ နှစ်ထောင်ချီကြုံခဲ့ဖူးတော့ နိုင်ငံရေး ကိုရှောင်ကြတယ်၊ မင်းနဲ့ဝေးဝေးနေတယ်။ ဒီမင်းနဲ့ရင်းနှီးရင် နောက်မင်းကျ ကိုယ့်ကိုချတတ်တာ သိတယ်။
မထေရ်ကြီးတွေက ငါ့တို့သာသနာ တည်ဖို့ နည်းတနည်းပဲရှိတယ်၊ ပိဋိကတ်တော်တွေ အာဂုံရွတ်နိုင်တဲ့ ဉာဏ်ကောင်းသူတွေရှာတယ်၊ အာဂုံကျက်ခိုင်းတယ်၊ အာဂုံဆောင်တဲ့ပုဂ္ဂိုလ်ဟာ ပြေးနိုင်လွှားနိုင် အဆင်းရဲခံနိုင်တဲ့ ကျမ်းမာရေးကောင်းသူတွေ ဖြစ်ကြရတယ်။ တရုတ်ဆို သိုင်းပါသင်ပေးထားတယ်။
သံဃာတွေဆုံကြရင် မှတ်ထားတဲ့ စာတွေ ပြန်ကြတယ်။ ဓမ္မခန္ဓာပေါင်း ၈၄၀၀၀ အာဂုံဆောင်ဖို့ မှတ်ဉာဏ်ထဲစုထားဖို့ ၄ နှစ်ကနေ ၁၇ နှစ်ကြာအောင် ကျက်မှတ်ကြရတယ်။ အလွန်ခက်ခဲတဲ့ စာမှတ်ပွဲကြီးတွေပါ။
ဗုဒ္ဓဘာသာဝင်တွေဟာ ပြေးရင်းလွှားရင်း ရောက်တဲ့နိုင်ငံက ယဉ်ကျေးမှုကို တည့်အောင်ပေါင်းတယ်။ မြန်မာပြည်ရောက်တော့ မူလရှိရင်းစွဲ နတ်ကိုးကွယ်မှု ကို ဗုဒ္ဓဘာသာ ကိုးကွယ်မှုက အတင်းမဆန့်ကျင်ဘူး၊ တွဲကပ်ပြီး သာသနာတည်အောင်လုပ်သွားတယ်။ တိဘက်ဆို မူလရိုးရာ နဲ့ ပေါင်းသွားတယ်။ ဒီလို့နဲ့ တရွာတပုဒ်ဆန်းဖြစ်ကုန်တယ်၊ ကိုးကွယ်မှု ဘယ်လိုဖြစ်ဖြစ် ပိဋိကတ်ထဲ အထိ အရောမခံဘူး။ သပ်သပ်ပဲ။
အခုခေတ်မှာ မိုက်ခရိုချစ်ပ် ထဲအကုန်သိမ်းထားလို့ရတာပဲ၊ ဘာလို့ အာဂုံဆောင်နေဦးမှာလဲ မေးကြတယ်။ မရပါဘူး၊ ရှင်ကြီးဝမ်း ရှင်ငယ်ဝမ်း ဝင်ခဲ့ဖူးတဲ့သာသနာမှာ ဘယ်စက်ကရိယာ၊ ဘာကျမ်းမှ သာသနာကို သယ်နိုင်မယ်လို့ ဒက်ထိ မယုံဘူး၊ သာသနာစည်ပင်ဖို့က ကျက်မှတ်နိုင်သူတွေရှိမှ၊ ရင်ထဲမှာသိမ်းထားမှ သာသနာတည်မယ်လို့ပဲ ယုံတယ်။ ဒါကြောင့် တိပိဋိက ပေါ်တဲ့ နိုင်ငံတွေက သာသနာအထွန်းကားဆုံးလို့ ဆိုကြတယ်၊ တခြားနိုင်ငံတွေက အားကျကြတယ်။ ကိုယ်တော်တွေကို သက်ရှည်ကျန်းမာအောင်ဆုတောင်းပေးကြတယ်။
အောက်မှာ နှောင်းခေတ်မှာ ရှားသွားပြီ ဖြစ်တဲ့ ကုန်းဘောင်ခေတ် ကမ္မဝါ ကိုတင်ပေးထားတယ်၊ ကမ္မဝါ ဖတ်မှ သိမ်ဝင်ပြီးရဟန်းဖြစ်နိုင်တာ၊ ကမ္မဝါဟာအရေးကြီးတယ်။ ဒီကမ္မဝါမှာရေးထားတာ ဗုဒ္ဓဘာသာစာလို့ပြောရခက်တယ်၊ လေးထောင့်တွေဖြစ်နေတာကိုး၊
အဓိက က ဘာရေးထားလဲ မသိအောင်လို့၊ ဗုဒ္ဓဘာသာစာမှန်းသိရင် အ-တ်ခံရနိုင်တဲ့ခေတ်ကို ဖြတ်ဖူးတော့ ဘာစာတွေမှန်းမသိအောင်လည်း ရေးယူရတဲ့ခေတ်တွေရှိခဲ့ဖူးတဲ့ သမိုင်းမှတ်တမ်းတွေပါ။
ဒီဆောင်းပါးနဲ့ သာသနာမပျောက်အောင် မိမိဘဝသက်တမ်းတခုလုံးပေးပြီး အာဂုံဆောင်ထားကြတဲ့သံဃာအရှင်သူမြတ်များကို ကန်တော့ပါတယ်ဘုရား။
ဗုဒ်ဓသာသနံစိရံတိဌတု။
ကျော်စွာမင်း (ပုဂံ)