ဆရာကြီးမင်းသိင်္ခ လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက ကြိုဟောခဲ့တဲ့ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေ

ဆိုင်မဆိုင်တော့မသိဘူး ဒီကနေ့ သွေးကွဲနေကြ တဲ့ပုံမျိုးနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ နှစ်၂၀ လောက် တုန်းက ကျမ ဆရာကြီးဒေါက်တာမင်းသိင်္ခကိုမေးခဲ့ ဖူးပါတယ် အင်တာဗျူးလုပ်တာမဟုတ်ပါဘူး စကားဝိုင်းထဲမှာပဲအလွတ်မေးခဲ့တာပါ။

ကျမ- ဘဘ သမီးတို့နိုင်ငံမှာ ဘယ်လောက ဘယ်အသိုက်အဝန်းပဲ ဖြစ်ဖြစ် စည်းရုံးမှု အားနည်း ကြတယ် တိုက်ခိုက်မှု သွေးခွဲမှုတွေပဲ များနေကြတယ် အဲဒါဘာကြောင့်လို့ ဘဘထင်လဲ။

ဘဘမင်းသိင်္ခ – ဒီမယ် ဆရာမရဲ့ ပြောရမှာတော့ နည်းနည်းရှည်မယ် မေးတော့လည်းပြောရမှာပေါ့ လွတ်လပ်ရေးရတာကစ ပြောရတော့မှာပဲ။

လွတ်လပ်ရေးပေးခါနီးမှာ လွတ်လပ်ရေးကို ဘယ်နေ့ယူ မလဲဆိုပြီး ရက်နှစ်ရက်ပေးတယ် … အဲဒီနှစ်ရက်ထဲ ကနေ ဝန်ကြီးချူပ်ဦးနုက အစောဆုံးရက်ဖြစ်တဲ့ ဇန်နဝါရီလ -၄ ရက်နေ့ကို ရွေးလိုက်တယ် .. အချိန် ကျပြန်တော့လည်း မနက် -၄ နာရီကိုရွေးတယ် ပြောရရင် လေးဂဏန်းတွေပေါ့။

ဂဏန်းတွေရဲ့ စွမ်းအားတွေနဲ့ ပတ်သက်ပြီးပြောရရင် ၈ ဂဏန်း ၄ ဂဏန်းတွေက မစည်းလုံးခြင်း မတည်ငြိမ်ခြင်း မငြိမ်သက်ခြင်း လှုပ်ခတ်ခြင်း ဆူပူခြင်း သွေးဆူထကြွခြင်း စတဲ့သဘောတွေကိုဆောင်တယ် အင်မတန်မှ အရေးကြီးတဲ့ ဒီလိုနေ့ထူးနေ့မြတ်ကြီးကို ဒီလိုအသွင် ဆောင်တဲ့ ရက်မျိုးမှာသတ်မှတ်ယူခဲ့တော့ ဒီနိုင်ငံကြီးက ဘယ်သောအခါမှ တညီတညွှတ်တည်း တစ်စိတ် တစ်ဝမ်းတည်း ဖြစ်ဖို့ဆိုတာမလွယ်တော့ဘူး။

ဒါကြောင့် ဒီနိုင်ငံကြီးရဲ့ ဘယ်အသိုက်အဝန်း ဘယ်လောကမဆို သွေးစည်းညီညွှတ်ဖို့ အင်မတန်ခဲယင်းခဲ့တယ် သွေးကွဲဖို့ သွေးဆူဖို့ဆို တအားလွယ်ကူခဲ့တယ်။

နောက်တစ်ချက် အနီးကပ်ဆုံး နိုင်ငံတစ်နိုင်ငံ (အမည်မပြောလိုပါ) ကလည်း မြန်မာနိုင်ငံကြီး သွေးကွဲ ရှုပ်ထွေးနေစေဖို့ သူတို့နိုင်ငံကို မကျော်နိုင်စေဖို့ အထူးယတြာတွေ ဓာတ်ရိုက်ဓာတ်ဆင် တွေ အမြဲမပြတ်လုပ်နေခဲ့တယ် ခုလည်း လုပ်နေဆဲ နောင်လည်းလုပ်ဦးမယ်ထင်တာပဲ။

တို့နိုင်ငံကြီးသွေးစည်း ညီညွှတ်မှုရှိပြီး စည်းစည်းလုံးလုံးနဲ့ အောင်မြင်တက် လှမ်းနိုင်ဖို့ဆိုတာ တယ်တော့ မလွယ်လှဘူး သွေးဆူ ဖို့ပြိုကွဲဖို့တော့ တအားကိုလျင်မြန်လွယ်ကူလိမ့်မယ် လို့ ကျမကိုပြန်ဖြေခဲ့ဖူးပါတယ် ( တစ်ဖက်နိုင်ငံရဲ့ ဘယ်လို ဓာတ်ရိုက်ဓာတ်ဆင်တွေ လုပ်သလဲဆိုတာ ကိုလည်း ပြောပြခဲ့ပါသေးတယ်)

ဘဘကတော့ ကျမ ရဲ့အမေးကို ချက်နဲ့လက်နဲ့ တိတိကျကျ ထိထိမိမိ ပြောပြခဲ့ပေမယ့် ခုကတော့ ကျမရဲ့ဦးနှောက်က မှတ်မိသလောက်ပဲပြန်ရေးပြရတာပါ ဆရာကြီးမင်းသိင်္ခ ပြောတဲ့စကားအတိ အကျ မဟုတ်လို့ မှားတာပါခဲ့ ရင်တော့ ကျမအပြစ်ပါ

ဒီအချိန် ဆရာကြီးမင်းသိင်္ခကို ရှိစေချင်လိုက်တာ… ပြောင်းလဲလာတဲ့ နိုင်ငံရေးတွေအပေါ် … သွေးကွဲ- မစည်းလုံး-ဖရိုဖရဲဖြစ်နေကြတဲ့ အဖွဲ့အစည်းအမျိုးမျိုးအပေါ်….. မြင်မကောင်းရှုမကောင်း မကြားဖူးမမြင်ရဲလောက်တဲ့ မှုခင်းတွေအပေါ်…

စံပြဖြစ်ရမယ့် အဖွဲ့အစည်းအသီးသီးရဲ့ တစ်ကိုယ် ကောင်း ဆန်ဆန်လုပ်ရပ်တွေအပေါ် … အော်… ဒီကမ္ဘာမြေက အခုလို ခပ်စောစောထွက်သွားရ တာပဲ ကံကောင်းသွားတယ်လို့ မှတ်ယူရတော့လေ မလား … ဘဘရေ

ဂျူလိုင်မိုး (အိုအေစစ်ဂျာနယ်) (26-3-2018)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page