ဗိုင်းရပ်စ်ကို ကြိုတင်သတိပေးခဲ့ကြတဲ့ အတွေးအခေါ်ရှေ့ဆောင် ပညာရှင်များနှင့် ဖြစ်ရပ်များ
အတွေးအခေါ်ရှေ့ဆောင်…
(၁) ၂၀၁၅ က TED Talk မှာ ဘီလ်ဂိတ်က “လာမယ့် ဆယ်စုနှစ်အနည်းငယ်မှာ ကူးစက်နှုန်းမြန်တဲ့ဗိုင်းရပ်စ်က လူ ၁၀ သန်းကျော်ကို သတ်နိုင်တယ်” လို့ ပြောခဲ့တယ်။
၂၀၁၇ တုန်းက CNN က GPS အစီအစဉ်မှာ ဖာရိဒ် ဇာကရီးယားက “အပ်ဖျားထိပ်ထက် အဆပေါင်းထောင် ချီသေးတဲ့ ဗိုင်းရပ်စ်ပိုးက ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအကျပ်အတည်းကြီးကို ဖြစ်လာလိမ့်မယ်” လို့ဆိုခဲ့ပြန်တယ်။
(၂) အသက် ၃၃ နှစ်မှာ ဇီဝဗေဒနိုဘယ်ဆုရခဲ့တဲ့ လီဒါ ဘာ့ဂ်ျက ၁၉၈၉ ခုနှစ်က ဗိုင်းရပ်စ်တွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတခုမှာ အခုဆိုလူတွေရဲ့သက်တမ်းဟာ အတော်ရှည်လာလို့ သဘာ၀ကပေးလာတဲ့အကန့်အသတ် ထက်ကျော်နေပြီ။ အခု လူဟာသဘာ၀က ဖန်တီးတဲ့မျိုး စိတ်မဟုတ်တော့ဘူး။ လူလုပ်မျိုးစိတ် ဖြစ်နေပြီ။ လူအတွက် အဓိကပြိုင်ဘက်က ဗိုင်းရပ်စ်ပဲ။ လူနဲ့ဗိုင်းရပ်စ်ရဲ့ ပြိုင်ပွဲမှာ ဗိုင်းရပ်စ်က နိုင်သွားနိုင်တယ်” ဆိုပြီး ပြောခဲ့ဖူး တယ်။
(၃) လူဟာချမ်းသာလာတာနဲ့အမျှအသားစားနှုန်းတိုးလာတယ် ကမ္ဘာမှာ တနှစ်ကို တိရိစ္ဆာန်အကောင်ရေ ဘီလျံ ၈၀ လောက်သတ်ဖြတ်နေရတယ်။ အဲ့လို သတ်ဖြတ်နိုင် ဖို့ မွေးမြူရေးခြံကြီးတွေမှာမျိုးဗီဇပြုပြင်ထားတဲ့တိရိစ္ဆာန် တွေကိုအလုံးအရင်းမွေးမြူကြရတယ်။ ဒီတော့တိရိစ္ဆာန်တွေမှာ မျိုးဗီဇပြုပြင်မှုကြောင့် ဇီ၀အမယ်စုံတာမျိုး မရှိ တော့ဘူး။ ဇီဝအမယ်စုံမှုမရှိတော့ သဘာ၀က ပေးတဲ့ ကိုယ်ခံအားမီးကာ (immunological firebreak) မရှိတော့ဘူး။ ဒီတော့ ဇီဝဗေဒပညာရှင် Wallace က မွေးမြူရေးခြံကြီးတွေက ကြောက်စရာအကောင်းဆုံးဗိုင်း ရပ်စ်တွေကူးစက်ဖို့ အဖြစ်နိုင်ဆုံးနေရာလို့ဆိုလာတယ်။
(၄) လူဟာဖွံ့ဖြိုးလာတာနဲ့အမျှ သဘာ၀ကို ကိုလိုနီ ပြုလာကြတယ်။ အဲ့ဒီတော့ လူနဲ့ သဘာ၀တိရိစ္ဆာန်တွေရဲ့ ကြားထဲမှာ သဘာ၀အရံအတိုင်းတွေ မရှိသလောက်ဖြစ် လာတယ်။ အဲ့ဒီအတွက်သဘာ၀တိရိစ္ဆာန်တွေဆီကဗိုင်း ရပ်စ်တွေ လူကိုကူးဖို့လွယ်လာတာ။ ဒါဟာအတော်အန္တ ရာယ်ရှိနေပြီဆိုတာကိုလဲ သဘာ၀ပတ်၀န်းကျင်သမား တွေ၊ ဗိုင်းရပ်စ်ပညာရှင်တွေက သတိပေးခဲ့ကြတာပဲ။
(၅) ပြောရရင် ဗိုင်းရပ်စ်ကပ်ရောဂါကူးစက်မှုအကြောင်း ကို အတွေးအခေါ်သမားတွေ၊ သိပ္ပံပညာရှင်တွေ သတိပေးခဲ့ကြတာ ကြာခဲ့ပါပြီ။ ဒါပေမဲ့ ကျနော်တို့ဟာ နေ့စဉ် ဘ၀ထဲမှာလည်ပတ်ရင်း ဒါတွေကို လျစ်လျူရှုခဲ့မိကြပါတယ်။ အခုတော့ ကပ်ရောဂါကြီးနဲ့ အပ်ချမတ်ချရင်ဆိုင်နေရပါပြီ။
(၆) ယနေ့ကမ္ဘာကြီးရဲ့တိုးတက်ဖြစ်ပေါ်မှုကိုလေ့လာရင် အတွေးအခေါ်တွေရဲ့အခန်းကဏ္ဍက အတော်လေး အရေးကြီးတယ်။ အတွေးအခေါ် ရှေ့ဆောင်နေတဲ့ ကမ္ဘာကြီးမှာ ကျနော်တို့ ရှင်သန်နေထိုင်နေရတယ်။ အဲ့ဒီ့အတွက်နိုင်ငံတွေဟာအတွေးအခေါ်စက်ရုံကြီးတွေ (idea factory) တွေကို တည်နေကြပြီ။ တခါက အမေရိက မှာ အတွေးအခေါ်စက်ရုံကြီးတွေကို သွားလေ့လာဖြစ် တော့ ဒီစက်ရုံကြီးတွေမှာ အငွေ့တထောင်းထောင်းထ အောင်တွေးခေါ်နေကြတာကိုတွေ့ရတော့ အားကျမိခဲ့ တယ်။
(၇) အခုကိုဗစ်ကိစ္စမှာလည်း အတွေးအခေါ်သမားတွေ သိပ္ပံပညာရှင်တွေက အကြိမ်ကြိမ် သတိပေးခဲ့ကြပေမဲ့ လျစ်လျူရှုခဲ့မိကြတယ်။ ဒေါ်နယ်ထရမ့်ဆို ဒီလောက် သတိပေးနေကြတဲ့ကြားက ကပ်ရောဂါကာကွယ်ရေးနဲ့ ကြိုတင်ပြင်ဆင်ရေး ဘတ်ဂျက်ကို လျှော့လိုက်တယ်။ ဒီဒဏ်ကို အမေရိကန်အလူးအလဲခံနေရတာပေါ့။
(၈) တခါတလေဗွက်ထဲက တက်လာတဲ့သူဟာ ဗွက်နဲ့ ရုန်းဖို့စဉ်းစားကြတာဓမ္မတာပါပဲ။ ဒါပေမဲ့အတွေးအခေါ် ရှေ့ဆောင်တဲ့ခေတ်မှာ ကိုယ်နဲ့ရင်းပြီးလုပ်တိုင်းလည်း မပေါက်မြောက်နိုင်တော့ဘူး။ တခါက ဆရာတယောက် ပြောတာသတိရတယ်။ လက်ကြမ်းကြီးနဲ့လုပ်မှ အလုပ် မဟုတ်တော့ဘူးလေ။ တွေးရခေါ်ရမှာကို မုန်းတဲ့သူက အတွေးအခေါ်ကိုခါးသီးတာ ဓမ္မတာပဲ။ ဒါပေမဲ့အတွေး အခေါ်ဆန့်ကျင်ရေးလမ်းကြောင်း၊ အသိပညာဆန့်ကျင် ရေးလမ်းကြောင်းကြီးတွေသိသိသာသာဖြစ်လာပြီဆိုရင်တော့ အဲ့တိုင်းပြည် သတိသာထားပေရော့ပဲ။ (ကိုရဲ)