နိုင်ငံမြို့တော်ကို မိုင် ၁၂၀၀ ဝေးတဲ့ ကျွန်းပေါ်က တောကြီးမျက်မည်းထဲသို့ ပြောင်းရွှေ့မယ့် အင်ဒိုနီးရှား

ဒေါ်လာ (၃၂) ဘီလီယံ အကုန်အကျခံကာ အင်ဒိုနီးရှားမြို့တော်ဂျာကာတာကို တောကြီးမျက်မည်းထဲသို့ ရွှေ့ပြောင်းတော့မှာ ဖြစ်ပါတယ်။

လူဦးရေ (၁၀) သန်းကျော်နေထိုင်တဲ့ မြို့တော်ဂျာကာတာမှာ ယာဉ်ကြောပိတ်ဆို့တာ၊ ရေမကြာခဏအလွှမ်းခံရတာနဲ့ လေထုညစ်ညမ်းတဲ့ပြသနာတွေဟာ တနေ့တခြားတိုးလာလို့ ဖြေရှင်းရခက်နေတာကြောင့် ပြောင်းရွှေ့တာလို့ သိရပါတယ်။

အစိုးရရုံးတွေကို မြို့တော်အသစ်ဆီ ၂၀၂၂-၂၄ အကြား ပြောင်းရွှေ့သွားကြဖို့ လျာထားပါတယ်။ မြို့တော်အသစ်ဟာ ဘော်နီယိုကျွန်းပေါ်က တောထဲတနေရာ ဖြစ်ပါတယ်။

အဆိုပါ ပြောင်းရွှေ့မှု အစီအစဉ်ကို ၂၀၁၉ ခုနှစ်ထဲက အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက လွှတ်တော်ကို တင်ပြထားခဲ့ပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် ဆုံးဖြတ်မှု ကြန့်ကြာနေတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားမြို့တော်ဖြစ်တဲ့ ဂျာကာတာမြို့ကြီးကို ပြောင်းရွှေ့ဖို့ အချိန် ၁၀ နှစ်ကြာမြင့်မှာ ဖြစ်ပြီး မြို့တော် အသစ်ကိုတော့ နုဆန်တြာ ဆိုပြီး နာမည် ပေးထားပါတယ်။ ရှေးဟောင်း ဂျာဗားဘာသာစကားနဲ့ဆိုရင်တော့ ကျွန်းစုများလို့ အဓိပ္ပာယ်ရပါတယ်။

မြို့တော်ဟောင်း ဂျာကာတာနဲ့ မြို့တော်သစ် နုဆန်တြာဟာ မိုင်ပေါင်း (၁၂၀၀) ကျော်ကွာဝေးမှာ ဖြစ်ပါတယ်။ မြို့တော်သစ်ဟာ အကျယ်အဝန်း ၂၁၆ စတုရန်းမိုင် ရှိမှာ ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေကတော့ မြို့တော် ပြောင်းရွှေ့မှုကြောင့် ဘော်နီယိုကျွန်းပေါ်က မိုးသစ်တောတွေကို မှီခိုနေထိုင်တဲ့ ရှားပါး မျိုးစိတ်တွေ ပျက်စီးပြီး သဘာဝ ပတ်ဝန်းကျင်တွေ ထိခိုက်နိုင်တာကို သတိပေးလိုက်ပါတယ်။

အင်ဒိုနီးရှား အနေနဲ့ အရှေ့တောင် အာရှဒေသအတွင်းရှိ နိုင်ငံများအနက် မြို့တော်ကို တခြားနေရာသို့ ရွှေ့ပြောင်းတဲ့ တတိယမြောက်နိုင်ငံ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်တုန်းက မလေးရှားနိုင်ငံက ကွာလာလမ်ပူမြို့ကနေ ပူထရာဂျီရ မြို့ကို မြို့တော်ပြောင်းရွှေ့ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာတော့ မြန်မာနိုင်ငံက ရန်ကုန်ကနေ နေပြည်တော်ကို ရွှေ့ပြောင်းခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page