စင်ကာပူအသင်းကို နှစ် ၃၀ အတွင်း စံချိန်တင် ဂိုးပြတ်ခြေပြတ် ရှုံးခဲ့တဲ့ စကစ မြန်မာအသင်း

ယနေ့ ညနေမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာရှဖလား ခြေစစ်ပွဲ တတိယအဆင့် နောက်ဆုံးပွဲစဉ်မှာ စကစ မြန်မာအသင်းဟာ စင်ကာပူအသင်းကို ၂-၆ ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ နှစ် ၃၀ အတွင်း ဒေသတွင်းပြိုင်ဖက် စင်ကာပူအသင်းကို ဂိုးပြတ်ခြေပြတ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ အခုလို ရှုံးနိမ့်မှုကြောင့် အာရှဖလားပွဲ ခြေစစ်ပွဲမှာ ဂိုးအပေးခံရဆုံး အသင်းအဖြစ် လက်ရှိအချိန်ထိ စံချိန်တင်သွားပြီ ဖြစ်ပါတယ်။

ပရိသတ် အားပေးမှု မရှိတဲ့ စကစ မြန်မာအသင်းဟာ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်း ၁၃ ပွဲ ကစားခဲ့ပြီးတဲ့အနက် တပွဲသာ အနိုင်ရရှိခဲ့ပြီး ကျန်တဲ့ ၁၂ ပွဲလုံး ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။ ထိုရှုံးနိမ့်ခဲ့တဲ့ ၁၂ ပွဲတွင် ၃ ဂိုးအထိ အသွင်းခံခဲ့ရတဲ့ပွဲ ၉ ပွဲအထိ ရှိခဲ့တာ ဖြစ်ပါတယ်။ ဂျပန်အသင်းကို ၁၀-၀ ဂိုး၊ ကာဂျစ္စတန် အသင်းကို ၈-၁ ဂိုးနဲ့ ယခု စင်ကာပူအသင်းကို ၆-၂ ဂိုး ရှုံးနိမ့်မှုတွေဟာ ဂိုးအပြတ်ဆုံး ရှုံးပွဲတွေ ဖြစ်လာခဲ့ပါတယ်။

စကစ မြန်မာအသင်းကို နာမည်ကျော် ကစားသမားတွေ အများအပြား သပိတ်မှောက်ထားတာကြောင့် ကြုံရာလူများနဲ့ စုဖွဲ့ကာ ယှဉ်ပြိုင်နေရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း မအောင်မြင်တဲ့ မြန်မာနေရှင်နယ်လိဂ်ကို ရှိတဲ့ အသင်း ၅ သင်းနဲ့ ပတ်လည်ယှဉ်ပြိုင်ပြီး ကျင်းပသွားမယ်လို့ သိရပါတယ်။

အာရှရဲ့ ကျားကြီးအဖြစ် တချိန်က တင်စားခဲ့ရတဲ့ မြန်မာအသင်းဟာ လက်ရှိအချိန်မှာတော့ အာရှရဲ့ ကြောင်ဇိုးလေး အဆင့်ကို ရောက်ရှိခဲ့ပြီး တွေ့သမျှ ရှုံး တကုန်းကုန်း အဖြစ်ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ နိုင်ငံရဲ့ စီးပွားရေး၊ ပညာရေးနဲ့ လူမှုရေး ကဏ္ဍအသီးသီး ပြိုလဲနေချိန်မှာ အားကစား ကဏ္ဍကလည်း လိုက်ပါ ပြိုလဲနေပြီး မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမယ်ဆိုတဲ့ ဆောင်ပုဒ်ဟာ ဟာသ အဖြစ်နေနဲ့ပဲ ထာဝရ ရှိနေမှာ ဖြစ်ပါတော့တယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page