အာဇာနည်နေ့မှာ ဖြစ်ခဲ့တဲ့ ထူးခြားဆန်းကြယ်တဲ့ နေထီးဆောင်းမှုဖြစ်စဉ်နဲ့ အတိတ်နိမိတ်

ပဲခူးတိုင်း(အနောက်ပိုင်း)၊ ပြည်မြို့မှာ နေထီးဆောင်း(နေအိမ်ဖွဲ့) မှုအချိန်ကြာမြင့်စွာ ဖြစ်ပေါ်ခဲ့ပြီး ရှေးဖြစ်ဟောနိမိတ်တဘောင် များကြောင့် အများပြည်သူစိတ်ဝင်စားမှု မြင့်တက်နေတယ်လို့ သိရပါတယ်။ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်ကတည်းက စတင်ဖြစ်ပေါ်နေတာဖြစ်ပြီး မြို့လယ်ကောင် နေရာများကနေ ထင်ရှားစွာမြင်ရတယ်လို့ ဆိုကြပါတယ်။

အင်္ဂါနေ့ နေထီးဆောင်း(နေအိမ်ဖွဲ့) ပါက တပြည်ထောင်လုံး ကပ် ၃ ပါးကြောင့် လူအသေအပျောက်များနိုင်ပြီး မီးလောင်တာ၊ လေမုန်တိုင်းတိုက်တာ တွေဖြစ်တတ်ပြီး ၂၀၂၃ မတ်လ အထိ မကောင်းနိုင်သေးဘူးလို့ ဗေဒင်တွေက ဆိုထားပါတယ်။ ဒါအပြင် နေထီးဆောင်း(နေအိမ်ဖွဲ့) အဟောမှာတော့ အင်္ဂါနေ့ နေအိမ်ဖွဲ့မူကား မိုးမရွာဘဲ လေတဟူးဟူးတိုက်အံ့၊ အရှေ့ကနေအိမ်ဖွဲ့မူကား မင်းစိုးတို့စစ်ထိုးကြအံ့ လို့ ရေးသားထားပါတယ်။

ပြည်မြို့ဟာ စစ်အာဏာသိမ်းခေါင်းဆောင်များအဆက်ဆက် ပြည်ဝင်ပြည်ထွက် ဗေဒင်ယတြာချေကာ အယုံကြည်များသည့် မြို့ဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အဆိုပါ နေထီးဆောင်းခြင်း ဖြစ်စဉ်ကို မကွေးတိုင်းမှာလည်း တွေ့ရှိရတယ်လို့ သိရပါတယ်။ နေထီးဆောင်းခြင်း ဖြစ်စဉ်ဟာ သဘာဝ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်တွေထဲမှာတော့ အလွန်ထူးခြားခြင်း မရှိဘဲ ပုံမှန် ဖြစ်စဉ်တခုသာ ဖြစ်ပေမယ့် အတိတ်တဘောင် နိမိတ်ဆောင်တာကို ယုံကြည်တဲ့ မြန်မာလူမျိုးများအနေနဲ့တော့ ထူးခြားတဲ့ ဖြစ်စဉ်တခုပဲ ဖြစ်ပါတယ်။

ဗေဒင်ပညာရှင် အများအပြားကလည်း လက်ရှိအချိန် နေထီးဆောင်းခြင်းဟာ အကောင်းထက် အဆိုးက ပိုများနေတယ်လို့ သုံးသပ်နေကြပါတယ်။ မြန်မာပြည်ရဲ့ ထူးခြားတဲ့ အဖြစ်အပျက်တွေ မဖြစ်မီ နေထီးဆောင်းလေ့ ရှိတဲ့အတိုင်း ယခုတကြိမ်မှာလည်း ထူးခြားတဲ့ အဖြစ်အပျက်တွေ ဖြစ်လာဦးမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page