ဓာတ်ဆီဈေးချင်း တူနေတဲ့ မြန်မာနဲ့ အမေရိကန်၊ ဝင်ငွေရတာ ကျတော့…
ခေတ်ပျက်ကြီးထဲမို့ ရှာကြံပြီး ပျော်အောင်နေတာလည်းနေ ဒါပေမယ့် ငွေကိုခြွေတာသလိုပဲ အသေးဖွဲပစ္စည်းလေးကအစ ခြွေတာကြစို့။ စကစဟာ မြန်မာငွေ ဘီလီယံရာနဲ့ချီပြီး ရိုက်ထုတ်တဲ့သတင်းကို တွေ့ကြမယ်ထင်ပါတယ်။
ရွှေစျေးနဲ့ ဒေါ်လာစျေးက မကြုံဘူး၊မကြားဘူးတဲ့အထိ မြင့်တက်လာပြီ။ ရွှေစျေးဆိုတာ တစ်ကမ္ဘာလုံးရဲ့ အခရာပါ။ အခုလို ငွေကိုလိုသလို ရိုက်ထုတ်တဲ့အခါ ငွေတန်ဖိုး ပိုပြီးတန်ဖိုးကျဆင်းတယ်။ ဒါကို မယုံဘူးဆိုရင် ထိုင်းငွေ၊ တရုတ်ငွေနဲ့ မြန်မာငွေကို လဲကြည့်ပါ။ အရင်ကလို လိုသလောက်လဲမရတော့ဘူး။
ဥပမာ ကျနော်တို့မြန်မာကျပ်ငွေဟာ နိုင်ငံတစ်ကာမှာ သုံးစားလို့မရဘူး။ ဆိုတော့ စက်သုံးဆီ၊ စားသုံးဆီ၊ဆေးဝါး အစရှိတဲ့အရာတွေကို နိုင်ငံခြားကဝယ်ယူတဲ့အခါ မြန်မာငွေနဲ့ ရှင်းလို့မရပါဘူး။ ဒေါ်လာနဲ့ရှင်းရတယ်။ ဒေါ်လာမရှိရင် ရွှေနဲ့ဝယ်ယူရပါတယ်။ ပြည်ပကနေဝယ်ယူရတဲ့အရာအားလုံး စျေးပိုတက်မှာပါ။
ကျနော်တို့နိုင်ငံဆိုတာကလည်း နားကြပ်တံ၊ အပ်ချည်လုံးကအစ နိုင်ငံခြားကနေ ဝယ်သုံးရတဲ့နိုင်ငံ။ နေ့စားခ တစ်ရက် ၈၀၀၀ ရတဲ့နိုင်ငံမှာ ဓါတ်ဆီ၊ဒီဇယ် တစ်ဂါလံ ၁သောင်းကျော်တယ်။ ေးလိပ်တစ်ဘူး ၄၀၀၀ ဝန်းကျင်ရှိတယ်။ ယော၊မကွေး အစရှိတဲ့ အညာမှာ မနက်တစ်ပိုင်းလုပ်အားခ ၂၀၀၀ပဲ ရတဲ့အလုပ်တွေ အများကြီး ရှိသေးတယ်။
အမေရိကန်မှာလည်း ဆီတစ်ဂါလံ 5 ဒေါ်လာရှိတယ် မြန်မာပြည်မှာလည်း 5 ဒေါ်လာ ပတ်လည်ပဲ။ ကွာခြားတာက အမေရိကန်မှာက လူတစ်ယောက်ကို 120 ဒေါ်လာဝင်တယ် မြန်မာပြည်မှာက 5 ဒေါ်လာပဲ ဝင်တယ်။ ဆိုတော့ ငါတို့တွေ တော်တော်ဆင်ခြင်မှ ငါတို့ဆီက အကူညီလိုနေသူတွေကို ပံ့ပိုးနိုင်မှာ။ ငါတို့ တော်တော်ခြွေတာမှ ခရီးအရှည်ကြီး ထမင်းငတ်မသေမှာ။ စာကြွင်းအနေနဲ့ ခိုးဆိုးလုနှိုက်တွေ ပိုများလာဦးမှာ ။ (ဆန်းကျော်စွာ၀င်း)