မိုးထိနေတဲ့ စိုက်စရိတ်၊ စပါးမစိုက်နိုင်တော့တဲ့ လယ်သမားတွေနဲ့ ဆန်တပြည် တသောင်းပေးရမယ့်အဖြစ်

စကစက အာဏာသိမ်းပြီးနောက် ၁ နှစ်ကျော်ကာလအတွင်း စပါးစိုက်ပျိုးရန် အဓိကအရေးပါသည့် ဒီဇယ်နှင့် ဓာတ်မြေသြဇာဈေးနှုန်းများ အလွန်အမင်း မြင့်တက်နေမှုကြောင့် ဧရာဝတီတိုင်းမှ လယ်သမားဦးရေ သောင်းနှင့်ချီ၍ မိုးစပါးစိုက်ပျိုးနိုင်ခြင်းမရှိကြောင်း သတင်းရရှိပါတယ်။

လယ်သမားများမှာ စပါးစိုက်ပျိုးရာတွင် လယ်ယာသုံးစက်ပစ္စည်းများ မောင်းနှင်ရန် ဒီဇယ်ကို အဓိက အသုံးပြုပြီး စပါးအထွက်တိုးရန် ယူရီးယား၊ တီစူပါအစရှိသည့် ဓာတ်မြေသြဇာများ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးများ အဓိက အသုံးပြုရတာ ဖြစ်ပါတယ်။

လက်ရှိတွင် ဧရာဝတီတိုင်း၌ ဒီဇယ်ဆီ ၁ ဂါလံလျှင် ၁ သောင်းကျော်နေပြီး ဂါလံ ၅၀ ပါသောဆီ ၁ ပေပါလျှင် ကျပ် ၅ သိန်းကျော်အထိ ရောက်ရှိနေပါတယ်။ ဓာတ်မြေသြဇာမှာလည်း တအိတ်လျှင် အမျိုးအစားအပေါ် မူတည်၍ ၉ သောင်းကျပ်မှ ၁ သိန်းကျော်အထိ ဈေးနှုန်းများအလွန်အမင်း မြင့်တက်နေသဖြင့် အရေအတွက် သောင်းနှင့်ချီသော ဆင်းရဲသည့်လယ်သမားများမှာ မိုးစပါးစိုက်ပျိုးနိုင်ခြင်းမရှိတော့ကြောင်း သိရပါတယ်။

“ဆင်းရဲတဲ့ လယ်သမားက စပါးစိုက်မယ်ဆို ကိုယ်ပိုင်စက်မရှိတော့ သူများစက် ငှားထွန်ရတယ်။ စက်ငှားခအပြင် ဒီဇယ်ဈေးက အဆမတန်မြင့်နေတော့ စရိတ်တွေက အရင်ထက် ပိုကုန်တယ်။ တခါ ကြဲခင်းပဲ စိုက်စိုက်၊ ကောက်စိုက်သမနဲ့ပဲ စိုက်စိုက် စိုက်ပြီးရင် မြေဆီ (ဓာတ်မြေသြဇာ) က မထည့်လို့ မရပြန်ဘူး။ မြေဆီ တစ်အိတ်ကို ၁ သိန်းနီးပါးဖြစ်နေတယ်။ အဲတော့ စိုက်လို့ကုန်မယ့်စရိတ်နဲ့ စပါးထွက်လို့ ပြန်ရောင်းပြီး ရမယ့်ငွေက ဘယ်လိုမှ မကိုက်တော့ဘူး အဲတော့ ဆင်းရဲတဲ့လယ်သမားက ဒီနှစ်မိုးစပါးမှာ မစိုက်တော့ဘူး ဆိုပြီး ဖြစ်ကုန်ပြီ။ ဧရာဝတီတိုင်းမှာ ဆင်းရဲတဲ့လယ်သမားက ၃ ပုံ ၁ ပုံလောက်ရှိတယ်။ ခန့်မှန်းခြေအရ ဒီနှစ်မိုးစပါးမှာ လယ်သမားအရေအတွက် သောင်းနဲ့ချီပြီး စပါးမစိုက်နိုင်တဲ့အခြေအနေရှိတယ်”ဟု ရေကြည်မြို့နယ်မှ လယ်သမားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဒီဇယ်ဈေးနှုန်းမှာ အရပ်သား အန်နယ်ဒီအစိုးရလက်ထက်က ၁ ဂါလံလျှင် ၂၅၀၀ ကျပ်ဝန်းကျင်၊ ဆီ ၁ ပေပါလျှင် ကျပ် ၁ သိန်းကျော်သာ ပေါက်ဈေးရှိသော်လည်း အာဏာသိမ်းပြီး ၁ နှစ်ကျော်အတွင်း ဒီဇယ် ၁ ပေပါလျှင် ၅ သိန်းကျော်အထိ ဈေးနှုန်း ၃ ဆကျော် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်မြေသြဇာမှာလည်း အမျိုးအစားအပေါ်မူတည်၍ ၁ အိတ်လျှင် ကျပ် ၂၅၀၀၀ မှ ၃၅၀၀၀ အထိသာ ပေါက်ဈေးရှိခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် ၁ အိတ်လျှင် ကျပ် ၉ သောင်းကျော်မှ ၁ သိန်းအထိ ဈေးနှုန်း ၄ ဆနီးပါး မြင့်တက်နေပါတယ်။

လက်ရှိတွင် စပါးဈေးနှုန်းများမှာ အကြမ်းစပါးအုပ်စုထဲမှာ သီးထပ်ရင်စပါးမှာ တင်း ၁၀၀ လျှင် ၈ သိန်း ၆ သောင်း၊ ရက် ၉၀ စပါးမှာ ၉ သိန်း ၄ သောင်းနှင့် ဆင်းသုခစပါးမှာ ၉ သိန်း ၄ သောင်းကျပ်အထိ စံချိန်တင် ဈေးနှုန်းများ မြင့်တက်နေတာ ဖြစ်ပါတယ်။။ သို့သော် လက်ရှိကာလတွင် ယမန်နှစ် မိုးရာသီကထွက်သော မိုးစပါးနှင့် နွေရာသီက ထွက်ရှိသော နွေစပါးများမှာ လယ်သမားများလက်ဝယ်မရှိတော့ဘဲ ဆန်စက်ပိုင်ရှင်နှင့် ကုန်သည်ပွဲစားများလက်ထဲ ရောက်ရှိနေပြီဖြစ်ပါတယ်။

“စပါးဈေးက မကြားဘူးတဲ့ဈေးတက်နေပေမယ့်လို့ ဒီဇယ်၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး ဈေးနှုန်းတွေက အဆမတန်ကြီးမြင့်နေတော့ ဆင်းရဲတဲ့လယ်သမားတွေက မိုးစပါးပြန်စိုက်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ကိုယ့်ပိုင်စက်တွေရှိတဲ့လယ်သမား၊ ချမ်းသာတဲ့လယ်သမားလောက်ပဲ စပါးစိုက်နိုင်တော့မယ်”ဟု မအူပင်မြို့နယ်မှ လယ်ဧက ၁၀၀ ကျော်ရှိသည့် လယ်သမားတစ်ဦးက ပြောပါတယ်။

အရပ်သား အန်နယ်ဒီ အစိုးရလက်ထက် စာရင်းများအရ ဧရာဝတီတိုင်းတွင် မိုးစပါးစိုက်ဧက ၃ ဒဿမ ၆ သန်းကျော်နှင့် နွေစပါးစိုက်ဧက ၁၃ သန်းနီးပါးရှိသော်လည်း စစ်အာဏာသိမ်းပြီးနောက် စိုက်ပျိုး စရိတ်ကြီးမြင့်မှုကြောင့် လယ်ယာစိုက်ပျိုးဧကများ တဖြည်းဖြည်းလျော့နည်းကျဆင်းလာနေကြောင်း ဒေသခံလယ်သမားများထံက သိရပါတယ်။

လယ်သမားတွေ စပါးမစိုက်နိုင်ရင်တော့ ဖြစ်ပေါ်လာမယ့် အခြေအနေတွေကတော့ အားလုံး သိပြီးသား ဖြစ်မှာပါ။ ဆန်ဈေးတွေ သေချာပေါက် တက်လာပါလိမ့်မယ်။ မြန်မာပြည်ရဲ့ အခြေခံစားသောက်ကုန်တွေမှာ ဆန်တခုပဲ မြန်မာပြည်ကနေ ထွက်တာဖြစ်ပါတယ်။ ယခုအချိန်မှာ ဆန်ဈေးပါ တက်မယ်ဆိုရင် ပြည်သူတွေအနေနဲ့ လုံးဝကျပ်တည်းသွားတော့မှာ ဖြစ်ပါတယ်။ ဆန်၊ ဆီ၊ ဆား အားလုံး ဈေးတက်လာသလောက် ဝင်ငွေတွေကတော့ လျော့ကျလာတာကြောင့် မြန်မာပြည်ရဲ့ ရှေ့ရေးက စိတ်မချမ်းသာစရာတွေ အပြည့်နဲ့ ဖြစ်တော့မှာလား ဆိုတာကတော့…

Leave a Reply

Your email address will not be published.

x

You cannot copy content of this page