နှစ်လုံး သုံးလုံး တို့ရဲ့ မာယာနဲ့ လူတွေ သိပ်မသိသေးတဲ့ နောက်ကွယ်က အကြောင်းရင်းများ
ရေးသားသူ – ကိုစိုးထိုက် (ဖဒို)၊ ချဲအကြောင်းရေးထားတဲ့ ဟာသပိုစ့်လေး မန်မိုရီပြန်တက်လာတော့ အဲဒီပိုစ့်ရဲ့နောက်ဆက်တွဲ ကျွန်တော် ချဲဒိုင်ကိုင်ခဲ့တဲ့အကြောင်းလေးတွေ ရေးမယ်ဆိုပြီး မရေးရသေးဘူးနော်လို့ ဇနီးက ကွန်းမန့်ဝင်ရေးထားတယ်။
ဘဝမှာ ချဲနဲ့ပတ်သက်ပြီး ရေးစရာတွေ အများသား..။ ၂၀၀၄ ဝန်းကျင်လောက်ထဲက ၂ လုံး ၃ လုံး လောကထဲ စဝင်ခဲ့တာမို့ အိုးဆားဗစ်လို့တောင် ခေါ်နိုင်တယ်။ ၂ လုံးမှာဆို စက်ကင်း ဂျန်နရေးရှင်းပေါ့.. ၂ လုံး First Generation က မြန်မာထီကို ၇ ရက်လုံး ဗျင်းကြတဲ့ နောင်တော်တွေ.. (၉ ရက်လားမသိဘူး..မေ့ပြီဗျာ.. ကျိန်းသေတာကတော့ အစိုးရထီ အရံဆုဂဏာန်းကို နေ့တိုင်းစောင့်ပြီး ၂ လုံးဂဏာန်းလုပ်တာ..)
အဲဒီကာလ ၂ လုံးထီကို တစ်နိုင်ငံလုံး အုံးအုံးထ ဆော့ကြတာ… မနက်ကိုးနာရီကျော်ပြီဆို တယ်လီဖုန်းအိတ်ချိန်းရုံး အရှေ့မှာ ၂ လုံးထီဂဏာန်းစောင့်နေတဲ့ လူအုပ်ကြီးတွေဆိုတာ စိုင်းစိုင်းခေတ်ထစဉ်က ဘတ်ဒေးရှိုးထက်တောင်များသေးတယ်။ ဒီခေတ်လို ကြိုးဖုန်းတွေမှ မတွင်ကျယ်သေးတာ။ နယ်ဝေးဖုန်းခေါ်ချင်ရင် အိတ်ချိန်းရုံးမှာ ဖုန်းစောင့်ရတဲ့ခေတ်ကိုး..
နှစ်လုံးထီရွှေခေတ်လို့တောင် တင်စားနိုင်တယ်။ လောင်းကစားခေတ်ဦးဆိုတော့ ငွေဆိုတာ ပေါချင်း သောချင်းပဲ။ ဒီဘက်ခေတ် ကော်စားလေးတွေကိုပြချင်လိုက်တာ.. ကလေး-ို့တိုက်ရင်း အပျင်းပြေ အိမ်မှာထိုင်ရောင်းတဲ့ ကော်စားတွေတောင် သူ့ရောင်းအားနဲ့ တစ်မိသားစုလုံး တင်ကျွေးနိုင်တယ်။ ရွှေစျေး တစ်သိန်းဝန်းကျင်ကာလမှာ ရပ်ကွက်ထဲ စက်ဘီးလေးနဲ့ပတ်ပြီး ရောင်းတဲ့သူဆို တစ်ရက်ချင်းစီကို ကော်မရှင်ခ သိန်းချီတယ်။ (အဲဒီခေတ်ကနော်..ဒီခေတ်ကော်စားတွေကို ပြောတာမဟုတ်…)
ဒိုင်တွေဆိုလည်း ပိုက်ဆံကို ဆာလာအိတ်နဲ့ သိမ်းရတာ.. (အနိုင် အရှုံးကိုပြောတာမဟုတ်.. ကော်ဆီကနေ ဒိုင်အပ်ငွေကိုပြောတာ..) လောင်းကစားခေတ်ဆိုတော့ ဒါနဲ့ ချမ်းသာသွားကြသူတွေရှိသလို ဘဝပျက်ပြီး ကိုယ့်ကိုယ်ကိုယ် ဆူဆိုက်တွေလည်း မကြားချင် အဆုံးပဲ။ အစိုးရက အဲဒီလို ထီကို လောင်းကစားဆန်ဆန် ဆော့နေကြတာကို ပိတ်လိုက်ပြီးတဲ့နောက် တဖန်ခေတ်စားလာတာက ထိုင်းစတော့စျေးတွေထဲက ဂဏာန်းနှစ်ခုကို ကိုရွှေမြန်မာတွေက ၂ လုံးထီလို့ တီထွင်ပြီး ကစားကြတာပဲ။
ကျွန်တော် ၂ လုံး ဒိုင်စကိုင်တာ အဲဒီ ထိုင်းထီမှာ စလုပ်တာ.. တစ်ပတ် တစ်ပတ် လျော်လိုက် စားလိုက်နဲ့ ပုံမှန်ပါပဲ။ First Generation မြန်မာထီလောက် သိပ်မထိုးတော့ပေမယ့် သူ့ပရိသတ်နဲ့သူတော့ ရှိတုန်းပါပဲ။ ဒီဘက်ခေတ်ထက်တော့ အပုံကြီး သာသေးတယ်။ အဲ..နည်းနည်းထူးခြားတာက ကျွန်တော်တို့ ၂ လုံးထီ စက်ကင်းဂျန်နရေးရှင်း ခေတ်မှာ ဘိုးတော်တွေ အပြိုင်အဆိုင်ပေါ်လာတာပဲ။
ဂဏာန်းချပေးတဲ့ ဘုန်းကြီးတွေ ၊ ရသေ့တွေလည်း မနည်းဘူး။ နှစ်လုံးထီ ဂဏာန်းမှ အကြားအမြင်မရရင် သာသနာပြုလို့ မရတော့လောက်အောင်ပဲ။ ဂဏာန်းပေးတာမှန်တဲ့ နာမည်ကြီး ဘုန်းကြီး ကျောင်းတွေမှာဆို လူတွေက အုံးအုံးထနေတာ။ အဲဒီဘုန်းကြီး ဘာလုပ်လဲဆိုတာ တနေ့တနေ့ စာအုပ်နဲ့လိုက်မှတ်တဲ့သူတွေ မနည်းဘူး။ ဆွမ်း ဘယ်နှလုပ် ဘုန်းပေးတယ် ၊ ချောင်းဆိုးတာ အကြိမ်ရေ ဘယ်လောက် ၊ သူပြောတဲ့စကားထဲ ဘာထူးခြားလဲဆိုတာမျိုးကို နိမိတ်ကောက်သူတွေလည်း အများအပြား..
ဥပမာ..ဒီနေ့ အချစ်တွေ ပေါ်ထွက်လာပြီ..ဆိုပြီး ဘုန်းဘုန်းက မိန့်တယ်ဆိုရင် သေချာပြီ အပူးတွေ ဟော့တော့မယ်..အဲလိုမျိုး အဲလိုမျိုး.. အဲဒီ အချိန်တုန်းက နာမည်ကြီး ဘုန်းကြီးတစ်ပါးရှိတယ်.. ဖဒိုအနီးအနားကမဟုတ်..ဟိုး…အဝေးက.. သူ့ဂဏာန်းတွေက ဖဒိုအထိ Hot တယ်။ ပေါက်လည်း တကယ်ပေါက်ကြတယ်။ ကြာတော့ ဒိုင်တွေကတင်းပြီလေ.. ကျွန်တော်လည်း ဒိုင်ဆိုတော့ တင်းတာပေါ့.. တစ်ရက်.. ကျွန်တော် အဲဒီဘုန်းကြီးဆီသွားတယ်။ ရိုးရိုးသွားလို့ မရဘူး မောင်.. တပည့်ရင်းကို ဖားပြီး ၊ သူကခေါ်သွားမှ ဘုန်းကြီးနဲ့ နဖူးတွေ့ ဒူးတွေ့ စကားပြောခွင့်ရတာ..
သာမန်လူဆိုရင်တော့ ဘုန်းကြီးက ဆင်းမတွေ့ဘူး။ စာသင်ကျောင်းတွေမှာသုံးတဲ့ ဆရာမစာရေးတဲ့ ”ဘော”လိုမျိုး သစ်သားပြားပေါ် အတိတ်တွေ တဘောင်တွေ ဆင်းရေးပြီး ချက်ချင်း ကျောင်းပေါ်ပြန်တက်တာ.. ကျွန်တော့်ကိုတော့ သူ့တပည့်နဲ့လာတာမို့ ဘုန်းကြီးက စကားလက်ခံပြောတယ်။ ”ဘာကိစ္စလဲ ဒကာကြီး”…တဲ့။ ကျွန်တော်က ဒဲ့ပဲပြောပါတယ်။ ”ဘုန်းဘုန်း နှစ်လုံးဂဏာန်းပေးတာ တော်တော်မှန်တယ် ဘုရား..”ဆိုတော့ ”အိမ်း…”ဆိုပြီး ကျေနပ်သွားတယ်။
”အဲဒါ…တပည့်တော်ကို……”ဆိုတော့ စကားမဆုံးခင်ဘုန်းကြီးက ပြုံးပြုံးကြီး မိန့်တယ်။ ”ဂဏာန်းလိုချင်ရင် ခဏနေ ဘဘုန်း ရေးတာကို ဖော်လေကွယ်..”တဲ့..။ ”မဟုတ်ဘူးဘုရား..တပည့်တော် ဂဏာန်းမလိုချင်ဘူး.. တပည့်တော်ကို အဲလိုမျိုး ၂ လုံးထီကို ကြိုသိနိုင်တဲ့ ပညာပဲ ပေးပါလားဘုရား.. တပည့်တော် ကျင့်ပြီး ကိုယ့်ဟာကိုယ် ထိုးချင်လို့…” ”ဟေ…”
အဲဒီနေ့က ဘဘုန်း စိတ်မကြည်လို့ ဂဏာန်း မပေးပါဘူး.. သာသနာဖျက်တစ်ကောင် ရောက်လာလို့ပါ။ ဟုတ်ကဲ့.. ကျွန်တော်လည်း ကျောင်းဝန်းကနေ နှင်ထုတ်ခံရပါတယ်။ အဲဒါလေးကတော့ ၂ လုံးဒိုင်ဘဝမှာ မှတ်မှတ်ရရပါပဲ.. လောင်းကစားနဲ့ သူဌေးလည်းဖြစ်ဖူးတယ်။ ခွေးလည်းဖြစ်ဖူးတယ်။ အကျိုးမပေးဘူးထင်ပါရဲ့..ခွေးဖြစ်တာပိုများလို့ နောက်ဆုံး လောင်းကစားကို စွန့်လွှတ်လိုက်ပါတယ်။ ဒိုင်ကိုင်တိုင်းလည်း မချမ်းသာဘူးဆိုတာ ဘဝနဲ့ရင်းပြီး သိခဲ့ရတယ်။
လူအများစုက လောင်းကစားမှာ ဒိုင်ကပဲ နောက်ဆုံးစားတာပါပဲလို့ထင်တတ်ကြတယ်။ ဒါဆို လုပ်ကြည့်လေလို့ ခပ်ပြုံးပြုံးပြောချင်လှပါရဲ့။ ကျွန်တော့်မျက်စိရှေ့တင် ဘဝပျက်မတတ်ဖြစ်သွားတဲ့ ဒိုင်ချုပ်ကြီးတွေ သုံးလေးဦး မြင်ဖူးတယ်။ ရိုးရိုးဒိုင်တောင် မဟုတ်ဘူးနော်.. ဒိုင်ချုပ်ကြီးတွေ။ အဲဒီဒိုင်ချုပ်ကြီးတွေဆီမှာ တပည့်အနေနဲ့ ချဲစာအုပ်တွေ ကူပေါင်းပေးရင်း ဒိုင်ဖြစ်သွားပြီး ခုဆို ကားတဝီဝီနဲ့ လက်ဖျားငွေသီးနေတဲ့ သူဌေးဖြစ်သွားသူတွေလည်း သုံးလေးဦး တွေ့ဖူးတယ်။
ကံပါပဲ…တကယ်ပြောတာ.. ချဲဒိုင်ကိုင်တိုင်း မချမ်းသာနိုင်ပါဘူး။ ကျွန်တော်ဆိုရင် လျော်ရလွန်းလို့ (2005)ဝန်းကျင်က တောင့်မခံနိုင်ဘဲ ရပ်လိုက်တဲ့ အပတ်ကျမှ ပထမနေ့.. ၀၅ ဒုတိယနေ့..၅၀ တတိယနေ့..၀၅ စတုတ္တနေ့… ၀၀ ပဉ္စမနေ့..၅၅ ထွက်ပြီး ရင်ကို အတောင့်လိုက် ခံခဲ့ရဖူးတယ်။ ကျွန်တော်မကိုင်တော့လို့ ကျွန်တော့်စာအုပ်တွေကို ဆွဲစားသွားတဲ့ ကော်စားတစ်ယောက်ဟာ အဲဒီတစ်ပတ်ထဲကိုင်ပြီး ဘဝသစ်တစ်ခု ရသွားခဲ့တယ်။
အဲ…ကျိန်းသေတဲ့ အချက်တစ်ခုကတော့ ဒိုင်ကိုင်တိုင်းတော့ မချမ်းသာဘူး။ ကံစပ်တဲ့ ဒိုင်မှ ချမ်းသာတာဆိုပေမယ့် ထိုးသားတိုင်းကတော့ ကျိန်းသေ မချမ်းသာဘူး။ အဲဒါအတိအကျမှန်တဲ့ သီအိုရီပဲ.. ကျွန်တော့်ဘဝမှာ ၂ လုံး ၃ လုံးပေါက်ပြီး ချမ်းသာသွားတဲ့သူ တစ်ယောက်မှ မတွေ့ဖူးဘူး (လို့) ရေးမယ်……ထင်နေလား.. နိုးပါ… ၂ လုံး ၃ လုံးပေါက်ပြီး ချမ်းသာသွားတဲ့သူမှ အများကြီးတွေ့ဖူးတယ်။
အဲ.. ကျိန်းသေတာတစ်ခုက သိပ်မကြာခင် အကုန်ပြန်မွဲကုန်ကြတာပဲ။ ငါကတော့ တစ်ကွက်ကောင်းနဲ့ ချမ်းသာသွားရင် ရပ်ပြီဆိုပြီး ထိုးသားအားလုံးက တွေးထားတာပဲ။ တကယ်လည်း ပေါက်ကြတယ်.. ငွေအလုံးအရင်း ရသွားကြတယ်။ ဒါပေမဲ့ ဘယ်ကောင်မှ မရပ်နိုင်ဘူး စိတ်ချ.. အဲဒါ ပဋိစ္စသမုပ္ပါဒ် လို မှန်ကန်တဲ့ ဖော်မြူလာပဲ။
ဒါနဲ့ ရဖူးတာလေကွာ.. ဒါကိုစွန့်လွှတ်ဖို့ သိပ်ခက်တယ်.. ပေါက်ဖူးလေ ပိုထိုးလေပဲ။ များများပေါက်ဖူးလေ များများပိုထိုးလေ.. များများ ဘဝပျက်လေပဲ။ ဘယ်တော့မှ ရပ်မလဲဆိုတော့ ထိုးစရာ ငွေမရှိတော့မှ ၊ ပေါင်စရာငွေမရှိတော့မှ ၊ လင်မယားတွေ ကွဲကုန်တော့မှ ရပ်မှာ… အကွက် ၁၀၀ ၊ ၁၀၀၀ နဲ့ တစ်ကွက် ယှဉ်ရတာလေ.. နှစ်သင်းထဲကန်ကြတဲ့ ဘောလုံးပွဲတောင် တည့်အောင်မလောင်းနိုင်တာကို.. အကွက် ရာထောင်ချီမှာ ကော်မရှင်ခနှုတ်ထားသေးတော့ ကံမပါဘဲ ဉာဏ်နဲ့ကြည့်ရင်တောင် ထိုးသားဘက်က အရှုံးပဲ။ ဉာဏ်နဲ့တောင် အရှုံးပါဆိုနေမှ ကံလေးပါ ဝင်စွက်လိုက်တော့ ပိုဆိုး..။
ကျွန်တော် ကလေးဘဝက ဖဒိုမှာ သုံးလုံးတစ်ခါမှ မပေါက်ဖူးတဲ့ ဦးဖေ (အမည်လွှဲ)ဆိုတာရှိတယ်။ ဦးဖေက ချဲမပေါက်လို့ ကြာတော့ တင်းလာရော.. လူက ခပ်ရွတ်ရွတ်သမား..။ အဲဒါနဲ့ တစ်နေ့တော့ သုံးလုံးဂဏန်းကို လူဆယ်ယောက်ဆီမှာ အကွက်တစ်ရာစီထိုးချလိုက်တယ်။ ဒီတစ်ခါတော့ မပေါက်မရှိ ငါ့တပည့်ပဲပေါ့။
သုံးလုံးထွက်မယ့်မနက်မှာ သူ့အသိ(ကော်စား) တစ်ယောက်က အကွက်ထပ်နေလို့ဆိုပြီး သူ့ဆီက သုံးလုံးတစ်ကွက် ပြန်ယူတယ်.. 054… သူကလည်း ၉၉၉ ကွက်တောင် ကျန်သေးတာပဲ ဆိုပြီး အဲဒီတစ်ကွက် ပေးလိုက်တယ်။ ထွက်လာတော့ ဂဏာန်းက 054.. တေပြီ ဆရာပေါ့ဗျာ.. လုပ်ဇာတ်မဟုတ်ဘူးနော်.. (over 35) ဖဒိုသားတိုင်း အဲဒီအကြောင်း သိတယ်။
ကိုင်း….ဒိုင်လည်း မချမ်းသာ ၊ ထိုးသားလည်း မချမ်းသာ… ဒါဆို ကော်မရှင်စား ရောင်းမယ်ကွာ.. ပို၍ ပို၍ ဆိုးပါတယ်။ လောင်းကစားမှာ ဒိုင် ၊ ထိုးသား ၊ ကော်မရှင်စား သုံးမျိုးမှာ ကော်စားတွေက ဘဝအပျက်ဆုံးပဲ။ သူများထိုးတာကို ငွေစိုက်ပြီး ရှင်းကြရတာ.. သူများလောဘကြားမှာ တံပိုးဝင်အထိုးခံကြရတာ ကော်မရှင်စားတွေပဲ..။ တစ်ပတ် တစ်ပတ် စာရင်းထဲမှာတော့ အမြတ်တွေမနည်ဘူး။ ဒါပေမဲ့ လက်ထဲငွေမရှိဘူး။ အကုန် အကြွေးတွေချည်းပဲ။
ထိုးသားဆီက ပိုက်ဆံရနိုးနိုးနဲ့ ကိုယ့်ရှိတာပေါင်နှံရောင်းချပြီး စိုက်ရှင်းထားရင်း ဘဝပျက်သွားကြတဲ့ ကော်စားတွေမနည်းဘူး။ ဒါကြောင့် လောင်းကစားမှာ (ဒိုင်အနည်းအကျဥ်းက) လွဲရင် ဘယ်ကောင်မှ မကြီးပွားဘူး စိတ်ချ..။ ပြီးတော့ ရလာတဲ့ငွေအပေါ် တန်ဖိုးထားမှုကလည်း လောင်းကစားသမားနဲ့ သာမန်စီးပွားရေးသမား ကွာခြားတယ်။ ပါနီထဲက လာတဲ့ပိုက်ဆံ ပါနီထဲသွားတယ်ဆိုတာ သိပ်မှန်တယ်။
လွယ်လွယ်ရတော့ လွယ်လွယ်သုံးချင်တယ်။ ဒါကြောင့် ကျွန်တော့်ကို ကြိုက်တဲ့အချိန်လာမေး လောင်းကစားလုပ်တာ ကောင်းလားဆို အသဲအသန်တားမှာ.. ဒိုင် ၊ ကော်စား ၊ ထိုးသား ဘာမှမလုပ်နဲ့.. လုံးဝနော်… လုံးဝ အစမလုပ်မိစေနဲ့.. စမိရင် ပြန်အဆုံးသတ်ဖို့ ခက်တယ်။
ကျွန်တော်တောင် စိတ်အတော်လေး မာလို့။ ဒါတောင် ဟိုနေ့က ပါသွားသေးတယ်.. အိပ်မက်ထဲမှာ စော်တပွေနဲ့ ပလူးတယ်ဆိုပြီး ၃၅ အောလိုက်တာ ပလုံသွားလို့..။ ကွယ်…. ဒီပိုးကစပြီးရင် မလွယ်ပါဘူးအေရယ်…။ ကျုပ်လည်း ပိုးမသေသေး..။ (ကလင်ဒါကျလေး ကောင်းတယ်ဆို လက်က ယားနေတုန်း..) ကိုစိုးထိုက် (ဖဒို)