ထိုင်ဝမ်ဖက်ကို ပြတ်ပြတ်သားသား ရပ်တည်လိုက်တဲ့ ဘိုင်ဒင်နဲ့ အရှိုက်ထိသွားတဲ့ ရှီကျင့်ဖျင်

ရေးသားသူ – Kyaw Swa Min

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် တယောက် ဂျပန်ရောက်နေတယ်။ ဂျပန်မှာ သတင်းစာရှင်းလင်းပွဲလုပ်တော့သတင်းထောက်တယောက်က အမေရိကန်ဟာ ယူကရိန်းစစ်ပွဲမှာ တိုက်ရိုက်ပါဝင်ဖို့ လက်ရှောင်ခဲ့တယ်၊ အကယ်၍ တရုတ်က ထိုင်ဝမ်ကို ဝင်တိုက်ရင် အမေရိကန်တွေ ထိုင်ဝမ်ဘက်က ဝင်ပါမှာလား? ယူကရိန်းလိုပဲ လက်ရှောင်မှာလား လို့မေးတယ်။ ဘိုင်ဒင်က ထိုင်ဝမ်ဘက်က ဝင်ပါမှာ၊ ငါတို့မှာ ကတိကဝတ်တွေရှိတယ် လို့ ဖြေတယ်။

ဒီအဖြေအပေါ် တရုတ်က အတော်ဒေါသထွက်နေတယ်၊ ကမ္ဘာကတော့ နောက်ထပ်မတည်ငြိမ်မှုတွေ ထပ်ဖြစ်လာမှာကို အတော်ထိပ်လန့်သွားတယ်။ သမိုင်းကိုလေ့လာရင် အမေရိကန်သမ္မတ တယောက် ဒီလို ဖြေသွားတာ သိပ်မထူးဆန်းပါဘူး။ ဒုတိယကမ္ဘာစစ်ကာလ တရုတ်ပြည်မှာ ကွန်မြုနစ်ဝါဒ နဲ့ အရင်းရှင်ဝါဒ အားပြိုင်ခဲ့တယ်။ လူအားဖြင့်ပြောရင် ကွန်မြူနစ်ဘက်က မော်စီတုန်း နဲ့ အရင်းရှင်ဝါဒဘက်က ချန်ကေရှိတ် တို့ အားပြိုင်ခဲ့ကြတယ်။

ကွန်မြူနစ်တွေ နိုင်သွားတဲ့အခါ ချန်ကေရှိတ် နဲ့ သူ့လူတွေဟာ တရုတ်ပြည်မကြီးကနေ ထိုင်ဝမ်ကို ထွက်ပြေးရတယ်။ ထိုင်ဝမ်မှာ အစိုးရဖွဲ့ မြို့ပြတည်ထောင်ပြီး ပြည်မကို ပြန်တိုက်ဖို့လုပ်တယ်။ အမေရိကန်တွေဟာ ကွန်မြူနစ်ဝါဒထွန်းကားမှာကို ကြောက်တယ်၊ ဒီတော့ အရင်းရှင်အစိုးရ ဖြစ်တဲ့ ထိုင်ဝမ်ကို ကူညီတယ်။

အမေရိကန်ဟာ မော်စီတုန်း ကို ရန်သူလို့ သတ်မှတ်တယ်။ ချန်ကေရှိတ်ရဲ့ ထိုင်ဝမ်အစိုးရကိုသာ တရုတ်နိုင်ငံရဲ့ အစိုးရ လို့ အသိအမှတ်ပြုတယ်။ ထိုင်ဝမ်ရဲ့ စီးပွါးရေး၊ စစ်ရေး တည်ဆောက်ပေးတယ်။ ၁၉၅၅ ခုနှစ်မှာ အကယ်၍ ထိုင်ဝမ်ကို မော်စီတုန်းက ဝင်တိုက်ရင် အမေရိကန်တွေက စစ်ရေးအကာအကွယ်ပေးမယ်လို့ Sino-American Mutual Defense Treaty စာချုပ်ချုပ်ဆိုတယ်။ အဲ့ဒီစာချုပ်ဟာ ၁၉၈၀ မှာ သက်တမ်း ကုန်တယ်။ အမေရိကန်ရဲ့မျှော်လင့်ချက်က တရုတ်ပြည်မကြီးပေါ်မှာ ဒီမိုကရေစီထွန်းကားရမယ်၊ ချန်ကေရှိတ်ဟာ တနေ့နေ့ ပြည်မကို ပြန်သိမ်းပိုက်နိုင်ရမယ်ပေါ့။

အမေရိကန်မျှော်လင့်ခဲ့သလို တရုတ်ပြည်မကြီးမှာ ဒီမိုကရေစီ မထွန်းကားခဲ့ဘူး၊ မော်စီတုန်းရဲ့ အင်အားပိုပိုခိုင်မြဲလာခဲ့တယ်။ အမေရိကန်ဟာ တရုတ်ပြည်မကြီး ကို မဆက်ဆံလို့ကို မရတော့ဘူး။ ဒီတော့ တရုတ်ကွန်မြူနစ်အစိုးရ ကို တရုတ်ပြည်ရဲ့တရားဝင်အစိုးရလို့ အသိအမှတ်ပြုလိုက်တယ်။

ထို့အတူ သူ့ရဲ့မဟာမိတ် အရင်းရှင်ထိုင်ဝမ် ကိုလည်း ထိုင်ဝမ်ကျွန်းအစိုးရ အဖြစ် စောင့်ရှောက်ရတယ်။ ၁၉၇၉ မှာ အမေရိကန်ဟာ Taiwan Relations Act ပြဌာန်းပြီး ထိုင်ဝမ် ကို အသိအမှတ်ပြုတယ်။

တရုတ်ဟာ ထိုင်ဝမ်ကို ပြန်လိုချင်တယ်။ ထိုင်ဝမ်က ရန်သူတော် ကွန်မြူနစ်တွေနဲ့ မနေချင်ဘူး။ ၁၉၅၄ မှာ ပထမ ထိုင်ဝမ် အကြပ်အတည်းဖြစ်တယ်၊ ထိုင်ဝမ်နားက ကျွန်းတွေပေါ် ကွန်မြူနစ်စစ်သားတွေ တက်လာလို့။ အမေရိကန် ဗိုလ်ချုပ်တွေက ပြည်မကြီးအပေါ် အနုမြူဗုံးကြဲချဖို့သမ္မတ အိုင်ဆင်ဟောင်ဝါ ကိုပြောတယ်။ သမ္မတ က သူတို့အကြံ လက်မခံလို့ တော်သေးတယ်။

၁၉၅၈ မှာ တခါ ထိုင်ဝမ် နဲ့ တရုတ်ပြည်မကြား သုံးလကြာအောင် ရေတပ်၊ လေတပ် စစ်ဖြစ်ကြတယ်၊ အမေရိကန်က ထိုင်ဝမ်ဘက်က ဝင်ကူတယ်၊ လိုအပ်ရင် အနုမြူပါသုံးဖို့လုပ်တယ်။

၁၉၉၅ မှာ ထိုင်ဝမ်သမ္မတ အမေရိကန်ကိုသွားတယ်။ ပြည်မကြီးက မကျေနပ်ဘူး။ ၁၉၉၆ မှာ တရုတ်ဟာ ထိုင်ဝမ်အပေါ်ကနေ ဒုံးကျည်တွေလွှတ်တယ်၊ အမေရိကန်သမ္မတ ဘေလ်ကလင်တန်က ရေကြောင်းချီတပ်မတွေ လေယာဉ်တင်သင်္ဘောတွေ ချက်ခြင်းလွှတ်ပြီး ထိုင်ဝမ်အပေါ် ဒုံးကျည် ဆက်လွှတ်နေရင် တရုတ်ကို တိုက်မယ် လို့ ခြိမ်းခြောက်တယ်။

အမေရိကန် ဟာ သမိုင်းတလျှောက် တရုတ် နဲ့ ရုရှ ရဲ့ နိုင်ငံရေး အယူဝါဒအပေါ် စိတ်ပူတယ်။ ပြိုင်ဖက်လို့သတ်မှတ်တယ်။ အာရှပစိဖိတ် မှာ အမေရိကန်ရဲ့ စစ်ရေး မဟာမိတ်တွေဟာ ဂျပန်၊တောင်ကိုရီးယား၊ ဩစတြေးလျှ နဲ့ ထိုင်ဝမ် ဖြစ်တယ်။ အရှေ့တောင်အာရှမှာ ဖိလစ်ပိုင် နဲ့ ထိုင်း က စစ်ရေးမဟာမိတ် အဆင့်လို့ သတ်မှတ်နိုင်တယ်။

ဒီတော့ ထိုင်ဝမ် ကို တရုတ်က အင်အားသုံးသိမ်းပိုက်ရင် အမေရိကန်ဟာ ထိုင်ဝမ်ဖက်ကနေစစ်ရေးအရ ကူညီမယ်ပြောတာ အသစ်အဆန်းမဟုတ်ပါဘူး။ ပြဿနာက တရုတ်နိုင်ငံဟာ အရင် တရုတ်နိုင်ငံမဟုတ်တော့ဘူး။ စီးပွါးရေး စစ်ရေးမှာ ကမ္ဘာ့ဒုတိယအင်အားအကြီးဆုံး နိုင်ငံ ဖြစ်လာသလို ထိုင်ဝမ်ဟာလည်း သူ့ပိုင်နက်ထဲက သူပုန်ကျွန်းတကျွန်း ဖြစ်နေတယ်။ ဟောင်ကောင်တော့ ပြန်ရသွားပြီ၊ ထိုင်ဝမ် ကို တရုတ်ဘယ်လိုပြန်ယူမလဲ၊အမေရိကန်ကလည်း ထိုင်ဝမ်အပေါ်ထားတဲ့ သူ့ပေါ်လစီ ကို ဘယ်လိုလျော့ချမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းတယ်။

အခု သမ္မတဘိုင်ဒင် ရဲ့ စကားဟာ ယူကရိန်းကိစ္စ နဲ့ ရှုပ်နေတုန်း တရုတ် ထကြွမလာအောင် ခြောက်ထားတာလား? သေချာတာကတော့ ကမ္ဘာကြီးဟာ ဒီလာမယ့် လေးငါးနှစ် အတွင်း မငြိမ်းချမ်းနိုင်ဘူး။

Kyaw Swa Min

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page