ပြင်ဦးလွင်က အကွက်ရိုက်ရောင်းတဲ့ လယ်မြေတွေကို ဝယ်ထားတဲ့သူတွေ မတွေးမိခဲ့တဲ့အချက်များ
ပြင်ဦးလွင်တို့ ကလောတို့ဘက်မှာ လယ်ယာမြေတွေကို အကွက်ရိုက်ရောင်းနေကြတာ ကြာပါပြီ။ ဘယ်သူတွေဝယ်လဲဆို ရန်ကုန်ကလူတွေဝယ်ကြတာများတယ်။
ဘာလို့ဝယ်ကြလဲလို့ ကျွန်တော်စဉ်းစားကြည့်တော့ ပထမအချက်ရန်ကုန်မှာ လူအများစုက တိုက်ခန်းနဲ့နေကြရတာ။ စိတ်က အမြဲမွန်းကြပ်တယ်။ အဲ့ဒီတော့ သူတို့မှာ မြေကွက်ပိုင်ချင်တဲ့ ဆန္ဒက သိစိတ်မှာရော မသိစိတ်မှာရော ရှိကြတယ်ဗျ။
ဒုတိယအချက် ကလောတို့ မေမြို့တို့ဆိုတာ မြေပြန့်အပူပိုင်းဒေသကလူတွေရဲ့ အိပ်မက်ထဲက မြို့တွေ ဖြစ်တယ်။ အသက်ကြီးရင် မေမြို့က မြေကွက်လေးမှာ အိမ်ဆောက်ပြီးနေမယ် ဘာညာ စိတ်ကူးယဉ်ကြတာပေါ့။
တတိယအချက် အကွက်ရိုက်မြေဆိုတာဈေးပေါတယ်။ တချို့ သိန်းဆယ်ဂဏန်း အမြင့်ဆုံး ရာဂဏန်းလေး တွေဆိုတော့ လူအများစုဝယ်နိုင်တဲ့ဈေးတွေဖြစ်နေတာရယ်။ ဒါပေမယ့် လူတွေမတွေးမိတာက
(၁) အကွက်ရိုက် လယ်ယာမြေအကွက်ရိုက်တယ်ဆိုတာ ခိုင်မာမှူမရှိဘူး(အခုလိုအချိန်ပိုဆိုးတယ်)
(၂) ရန်ကုန်က လူတွေအတွက်သာ ၄၀-၆၀ မြေကွက်က အကျယ်ကြီးလို့ ထင်ပေမယ့် နယ်မြို့တွေ အတိုင်းအတာနဲ့ အနားယူနေထိုင်ဖို့ဆို ပေ ၁၀၀ ပတ်လည်လောက်မှ အဆင်ပြေတာပါ။ ဆိုးတဲ့တချက်အကွက်ရိုက်သူတွေက အကွက်ပိုရအောင် လမ်းကို ၁၈ ပေ ပေ၂၀ လောက်ပဲထားကြတာများတယ်။ တကယ်တမ်း ပေ ၃၀/၄၀ လောက်လမ်းတွေမှ နောင်တချိန်အဆင်ပြေမှာပါ။ လမ်းကျဉ်းရင် မြေဈေးမတက်ဘူး။
(၃) အသက်ကြီးလာရင် လူဆိုတာ ကိုယ့်ကိုသိတဲ့ ပတ်ဝန်းကျင်မှာပဲနေမှ အဆင်ပြေတာခင်ဗျ။ ကိုယ့်ကိုမသိတဲ့ ပတ်ဝန်းကျင်မှာနေလို့ အဆင်မပြေကြတာများတယ်။
အဲ့ဒါကြောင့် အကြံပြုရမယ်ဆို အသက်ကြီးရင်နေဖို့ဘာညာရည်ရွယ်ပြီး အကွက်ရိုက်မြေကို မဝယ်ပါနဲ့။ ခဏတာ ရင်းနှီးမြုပ်နှံမယ်ဆိုရင်လဲ နောင် ၅ နှစ် ၁၀ နှစ်မှာ ဘယ်လောက်ထိတိုးတက်နိုင်မလဲဆိုတဲ့ နေရာကို ရှာပြီးဝယ်ပါ။ သေချာမျက်မြင်သွားပြီးလေ့လာပါ။
မြန်မာနိုင်ငံမှာ မြေအရှုပ်တော်ပုံအများဆုံးမြို့ဟာ မေမြို့ပါပဲ။ ရေးမယ်ဆိုအများကြီးထပ်ရေးလို့ရသေးတယ်။
အားလုံးကျန်းမာကြပါစေ။ (ဥပဒေရေးရာ)