ရှင်လောင်းလှည့်ရင် ဆင်မြင်းနဲ့ နန်းဝတ်နန်းစားတွေ ပါရမယ်လို့ ဂျင်းမိနေကြတဲ့ ရွှေမြန်မာများ
ရှင်ပြုပွဲဆိုရင်
(၁) ဇာတ်ပွဲထဲက မင်းမျိုးမင်းနွယ်အဝတ်အစားဝတ်ကိုဝတ်ရမယ်ထင်ကြတယ်။ ဒီဝတ်စုံငှါးသူတွေစီးပွားရေးလုပ်စားလို့ကောင်းအောင် ဂျင်းထည့်ထားတာ၊ ဒီအဝတ်အစားဝတ်စရာမလိုဘူးပြောရတယ်။
ပြောသူကိုမကျေနပ်ဘူး။ နေစမ်းပါဦး၊ ရှင်ပြုသူက မင်းအဝတ်အစားဝတ်ရအောင် သူက မင်းမျိုးမင်းနွယ် (အနွယ်တော်) လား မေးရပြန်တယ်။ မဟုတ်ဘူးတဲ့။ မဟုတ်ရင် ဘာဝတ်စရာလိုလဲ။ သာမန်လူတန်းစားပွဲတက်ဝတ်စုံဝတ်ရတာပဲ။
(၂) မြင်း၊ဆင်တွေနဲ့ရှင်လောင်းလှည့်လိုသတဲ့လား။ ဒီဘုရားသာသနာမှာ ပထမဆုံးကိုရင်ဝတ်တဲ့ သကျသာကီမင်းသားလေး ရာဟုလာ မြင်းနဲ့ဆင်နဲ့ အရပ်ထဲမလှည့်ခဲ့ပါလားဟ။ ညီတော်နန္ဒမင်းသား၊ ညီဝမ်းကွဲ အာနန္ဒာ ၊ ဘဂု၊ဘဒ္ဒိယ၊ ကိမိလ၊ ဒေဝဒတ္တတို့ရဟန်းဝတ်တုန်းကလည်း ဆင်၊မြင်းတွေ၊ အခြွေအရံတွေနဲ့ တပျော်တပါးရဟန်းလောင်းလှည့်၊ သာသနာဘောင်ဝင်တယ်လို့မတွေ့မိပါဘူး။
မြင်းနဲ့ဆင်နဲ့ရှင်ရဟန်းလောင်းလှည့်ခဲ့သူကလည်း တော်ဝင်မင်းညီမင်းသားတွေပါ။ ဥပမာ- အသောကမင်းညီတော်တိသမင်းသား ။ (ပါရာဇိကဏ်ဋ္ဌကထာ ၁၊ တတိယသဂ်ါယနာနိဒါန်းကြည့်ပါ။)
မြင်းဆင်ဆိုတာ မင်းမျိုးအုပ်ချုပ်သူပိုင်တာ။ သူပိုင်တာသူစီးတာ။ အခုခေတ်ရှင်လောင်းက မြင်းဆင်ပိုင်ရင် စီးပေါ့။ မပိုင်ရင်ငှါးမစီးနဲ့၊ မထော်မနန်းနဲ့ မြင်းဆင်ပေါ်ကပြုတ်ကျရင် ကျိုး၊ သေ ၊ နာ တခုခုပေါ့။ တောင်သူလယ်သမားသား ရှင်လောင်းဆိုရင် နွား၊ကျွဲစီးပေါ့။ မြို့ပေါ်နေသူ ဆိုက်ကား၊ ကားစီးပေါ့။ လူအင်အားရှိရင် ဝေါယာဉ်စီးပေါ့။
ရှင်ပြုဆိုရင် အချွန်အတက်ဝတ်စုံဝတ်မှ၊ ဆင်မြင်းစီးပြီးအရပ်လှည့်မှထင်နေသူတွေအများကြီး။ အမေရိကန်ကရှင်ပြုပွဲတွေလည်းဒီလိုတွေအများသား။ တော်ဝင်မင်းဆက်အနွယ်တော်မျိုးရိုးတွေဆိုရင်လုပ်ပါ၊ မပြောပါဘူး။ ရိုးရိုးသာမန်အရပ်သားမျိုးရိုးဆိုရင် သာမန်ဝတ်စုံ၊ သာမန်ယာဉ်ကိုသုံးတာအသင့်တော်ဆုံးပါ။ အရိုးကိုအရွက်မဖုံးသင့်ဘူး။
U.K.S.