ဘုန်းဘုန်း မရှိတော့တဲ့ နေရာတွေနဲ့ ဘုန်းဘုန်း တကယ်ရှိနေတဲ့နေရာတွေ
လေယာဉ်သံ ကြားလို့ ကလေးလက်ဆွဲပြီး ပြေးရတဲ့ စစ်ဘေးရှောင် သားသည်အမေတွေဘေးမှာ ဘုန်းဘုန်း မရှိဘူး။ စစ်ဘေးဒဏ်ကို ကြောက်လို့ အန္တရာယ်ရှိတဲ့ မြစ်ကို ဖြတ်ကူးပြီး ပြေးနေရတဲ့ အဖွားအို ဘေးမှာ ဘုန်းဘုန်း မရှိဘူး။
ပိုင်ဆိုင်တာမှန်သမျှ အကုန်ပြာကျသွားတဲ့ မီးလောင်ပြင်ကို ငိုင်ပြီး ထိုင်ကြည့်နေတဲ့ တောင်သူလယ်သမား ဉီးကြီးရဲ့ ဘေးမှာ ဘုန်းဘုန်း မရှိဘူး။ ပြန်မလာနိုင်တဲ့ သားကို မျှော်နေတဲ့ အမေတယောက်ရဲ့ ဘေးမှာ ဘုန်းဘုန်း မရှိဘူး။
အနာဂတ်မဲ့သွားတဲ့ လူငယ်တွေဘေးမှာ ဘုန်းဘုန်း မရှိဘူး။ ဗိုက်ဆာလို့ ငိုနေတဲ့ ကလေးတွေရဲ့ ဘေးမှာ ဘုန်းဘုန်း မရှိဘူး။ ဒဏ်ရာနဲ့ လဲနေတဲ့ လူငယ်လေး တယောက်ရဲ့ ဘေးမှာ ဘုန်းဘုန်း မရှိဘူး။
မင်းဆရာကြီးရဲ့ဘေးမှာ ဘုန်းဘုန်း ရှိတယ်။ မတရားမှုတွေရဲ့ ဘေးမှာ ဘုန်းဘုန်း ရှိတယ်။ ရွှေသံ ငွေသံတွေ အမြဲထွက်နေတဲ့ ခရိုနီတွေ ဘေးမှာ ဘုန်းဘုန်း ရှိတယ်။ ရာထူး ဂုဏ်ထူး ဘွဲ့ထူးတွေနဲ့ ဩဇာတိက္ကမတွေရဲ့ ဘေးမှာ ဘုန်းဘုန်း ရှိတယ်။
ဘုန်းဘုန်းမှာ နိဗ္ဗာန် မရှိတော့ဘူး။ ဘုန်းဘုန်းမှာ ကိုယ်ချင်းစာစိတ် မရှိတော့ဘူး။ ဘုန်းဘုန်းမှာ နှလုံးသားလည်း မရှိတော့ဘူး။ ပြီးတော့ လူစိတ်လည်း မရှိတော့ဘူး…