ပြည်သူ့ပိုက်ဆံကို ပြန်မထုတ်ပေးတာ တနှစ်ပြည့်တော့မယ့်ဘဏ်တွေနဲ့ ဖုန်တက်နေတဲ့ အေတီအမ်စက်များ

စကစ အာဏာသိမ်းတဲ့ တစ်နှစ်တာကာလအတွင်း ဘဏ်တွေ ပုံမှန်အတိုင်း မလည်ပတ်နိုင်သေးတဲ့အတွက်ကြောင့် စီးပွားရေးလုပ်ငန်းတွေ ပိုမို အခက်ကြုံနေရတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေ ပြောပါတယ်။

အာဏာသိမ်း စကစဟာ အာဏာသိမ်းယူပြီးနောက် ဘဏ်တွေကနေ ငွေကြေး အလွယ်တကူ ထုတ်ယူလို့ မရအောင် ကန့်သတ်မှု မျိုးစုံပြုလုပ်ခဲ့တာ ဖြစ်ပြီး၊ လက်ရှိအချိန်ထိ ကန့်သတ်ချက်တွေကို ဖြေလျော့ပေးတာ မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်ကြောင့် စီးပွားရေးလုပ်ငန်းတွေ လည်ပတ်ဖို့ အခက်ကြုံနေရပြီး ငွေကြေးထုတ်ယူရာမှာလည်း ရာခိုင်နှုန်း အမျိုးမျိုးပေးပြီး ထုတ်ယူနေရတာပါ။

စစ်ကောင်စီကတော့ လက်ရှိအချိန်ထိ ဘဏ်တွေမှာ ငွေကြေး ထုတ်ယူရာမှာ ဘဏ်စာအုပ် တစ်အုပ်ကို တစ်ပတ် ကျပ် ၃ သိန်းနှုန်း ထုတ်ပေးနေပြီး၊ ကုမ္ပဏီအကောင့်တွေကိုတော့ တစ်ပတ် ကျပ် သိန်း ၂၀ သာ ထုတ်ပေးနေတာပါ။

ထိုသို့ ထုတ်ပေးနေခြင်းဟာ နယ်တွေမှာပဲ ထုတ်ပေးနေတာ ဖြစ်ပြီး ဘဏ်အကောင့် ဖွင့်မှု များပြားတဲ့ ရန်ကုန်၊ မန္တလေးလို မြို့မျိုးမှာတော့ ဖုန်းဘွတ်ကင်တင်ခြင်း၊ အွန်လိုင်းမှ စုပြုံ၍ ဘွတ်ကင်တင်ခြင်းတို့ကိုသာ ပြုလုပ်နိုင်ပါသေးတယ်။

အေတီအမ် ငွေထုတ်စက်တွေလည်း ၂၀၂၁ ခုနှစ် ဇူလိုင်လခန့်အထိသာ ငွေဖြည့်သွင်းပေးခဲ့ပြီး လက်ရှိအချိန်မှာ ပုဂ္ဂလိကဘဏ် အားလုံးရဲ့ အေတီအမ် ငွေထုတ်စက်တွေ အားလုံးဟာ လုံးဝ ငွေထုတ်မပေးနိုင်တဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။

ငွေသား ထုတ်ယူခြင်းများ ကန့်သတ်ထားတာကြောင့် ပြည်သူများအကြား ငွေသားရှားပါးမှုများ ဖြစ်ပေါ်နေပြီး အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်း ငွေသား ရှားပါးမှုကြောင့် ငွေတု လုပ်သူများ များပြားလာပြီး ပြည်သူတွေဖက်က ဆုံးရှုံးမှုတွေ များပြားနေကြောင်းလည်း သိရပါတယ်။

ဘဏ်တွေဟာ ငွေမထုတ်ပေးနိုင်တော့ ငွေလဲ ကောင်တာ သာသာ အဆင့်ပဲ ရှိတော့ကြောင်း၊ လစာတွေကို ရာခိုင်နှုန်းနဲ့ လျှော့ထားရတဲ့အထဲ ကတ်နဲ့ လစာပေးတာကြောင့် ငွေသားရဖို့ အပြင်မှာ ရာခိုင်နှုန်းကြေးပေးပြီး ပြန်လဲရတာကြောင့် မိအေး နှစ်ခါ နာကြောင်း ကုမ္ပဏီဝန်ထမ်းတဦးက ပြောပါတယ်။

ပြည်သူ့ပိုက်ဆံတွေ ယူထားပြီး ပြည်သူကို မကြည့်တဲ့ ဘဏ်တွေအနေနဲ့ ရေရှည်မှာ ရပ်တည်ဖို့ ခက်ခဲသွားမှာ ဖြစ်ကြောင်း ပုဂ္ဂလိကဘဏ်တွေကို အသုံးပြုတဲ့ ပြည်သူတဦးက ပြောပါတယ်။

ပြည်သူတွေ ဘယ်လိုပဲ ပြောပြော မကြားချင်ယောင်ဆောင်နေတဲ့ ဘဏ်တွေနဲ့ ဖုန်တက်နေတဲ့ အေတီအမ်စက်တွေကတော့ မျက်နှာပြောင်စွာနဲ့ ဆက်ရှိနေနိုင်ဦးမလား ဆိုတာကတော့…

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page