ဝင်္ဂဘော်ဆင်စခန်းကနေ ဧည့်သည်တွေကို မျှော်နေရှာတဲ့ သနားစရာ ဆင်လေးများ
ပဲခူးတိုင်းဒေသကြီး(အရှေ့) ဘုရားကြီးမြို့ ဝင်္ဂဘော်ကျေးရွာအုပ်စု ဘောနတ်ကြီးလမ်းပေါ်မှာ တည်ရှိတဲ့ ဝင်္ဂဘော်ဆင်စခန်းသို့ လာရောက်အပန်းဖြေသူ နည်းပါးလာသောကြောင့် ဆင်များ အစာရှားပါးနေကြောင်း သိရပါတယ်။
အဆိုပါဆင်စခန်းတွင် ဆင်အကောင်ရေ စုစုပေါင်း ၂၀ ခန့်ရှိပြီး ဆင်များအတွက် ပြီးခဲ့သည့် ကိုဗစ်ကာလတွင် အစာများလုံလောက်ခဲ့သော်လည်း အာဏာသိမ်းပြီးနောက် လာရောက်လည်ပတ်သည့် ဧည့်သည်များ နည်းပါးလာပြီး အစာရှားပါးနေကြောင်း သိရပါတယ်။
ကိုဗစ်ကာလ မတိုင်ခင်က ကဆုန်လပြည့်နေ့၊ နှစ်ဆန်းတစ်ရက်နေ့၊ တန်ဆောင်တိုင်ကျောင်းပိတ်ရက်စသည်ဖြင့် နေ့ကြီးရက်ကြီး ပိတ်ရက်များတွင် ဆင်စခန်းသို့ လာရောက်လည်ပတ်သည့် ဧည့်သည်များပြားခဲ့သော်လည်း ယခုနောက်ပိုင်းဧည့်သည်များလာ ရောက်မှုနည်းပါးလျက် ရှိကာ ပတ်ဝန်းကျင်တွင် အစာရှာရလည်း ခက်ခဲလာကြောင်း သိရပါတယ်။
ဝင်္ဂဘော် ဆင်စခန်းသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၃ ရက်က ဒေသတွင်း ဆင်ခြောက်ကောင်ဖြင့်အစပြုခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် မိခင်များ သေဆုံးသွားသည့် အမိမဲ့ဆင်လေးရှစ်ကောင် ထပ်တိုးလာခဲ့ရာ ဆင်အကောင်ရေ ၂၀ ခန့်ရှိနေပြီဖြစ်ရာ အစာရှားပါး ခက်ခဲသောကြောင့် ဆင်လေးများလည်း ထပ်လျှော့ရမည့် အခြေအနေရှိကြောင်းသိရပါတယ်။
ပြည်သူများအနေနဲ့ စားဝတ်နေရေးနဲ့ အသက်အန္တရာယ် လုံခြုံရေးကိုသာ အဓိက ထားနေရတာကြောင့် အပန်းဖြေမှုများ မရှိသလောက် ဖြစ်လာကာ အပန်းဖြေ ဥယျာဉ်များ ဝင်ငွေ ကျဆင်းလျက် ရှိတယ်လို့ သိရပါတယ်။