သီပေါမင်း ပါတော်မူတုန်းက ရွာခဲ့တဲ့ ကြယ်မိုးလို အကြီးစားကြယ်မိုးမုန်တိုင်း ဖြစ်နိုင်မယ့်အခြေအနေ
ကြယ်မိုး မုန်တိုင်းတစ်ခု ဖြစ်လာနိုင်၊ လာမည့် ၂၀၂၂ ခုနှစ် မေလ ၃၀ ည (၃၁ နံနက်) မှာ ရာစုနှစ်အတွက် များပြားတဲ့ ကြယ်ကြွေခြင်း (ကြယ်မိုးရွာခြင်း) ဖြစ်ပေါ်လာနိုင်ချေ တစ်ခု ရှိနေပါတယ်။ ဟာကျူလီ ကြယ်တာရာမှ ကြွေဆင်းမည့် Tau Herculid ကြယ်မိုးဟာ အခန့်မသင့်လျှင် ၁၉ ရာစုက မြန်မာဘုရင် သီပေါမင်း ပါတော်မူစဉ်က ကျဆင်းခဲ့သော ကြယ်ကြွေခြင်းပုံစံအတိုင်း.. တစ်နာရီလျှင် အလုံး ရာ-ထောင် ချီ ပြီး ကျဆင်းလာနိုင်သလို..၊ လုံးဝ မကျဆင်းခြင်းလည်း ဖြစ်လာနိုင်ပါတယ်။
ကြယ်ကြွေတယ်ဆိုတာ စကြဝဠာအတွင်းက ကြယ်တွေ ကြွေကျပျက်စီးခြင်းမဟုတ်ပါ။ ကျနော်တို့ နေအဖွဲ့အစည်းအတွင်းက နေကိုဗဟိုပြုလှည့်ပတ်နေသော ဥက္ကာပျံ၊ ကြယ်တံခွန် တို့ရဲ့ ပတ်လမ်းမှာ ကျကျန်ခဲ့သော အမှုန်များရှိရာသို့ ကမ္ဘာ ရောက်ရှိလာတဲ့အခါမှာ ကမ္ဘာ့လေထုနဲ့ အဆိုပါ ကျောက်ခဲမှုန်တို့ ပွတ်တိုက်ရာမှ ပေါ်ထွက်လာတဲ့ အလင်းတန်းများဖြစ်ပါတယ်။ ဟာကျူလီ ကြယ်စုနေရာမှာ မြင်ရမည့် ကြယ်ကြွေဆင်းခြင်းများဟာ SW3 လို့ခေါ်တဲ့ 73P/ Schwassmann-Wachmann ကြယ်တံခွန်လမ်းကြောင်းမှာ ကျကျန်ခဲ့တဲ့ အမှုန်များဖြစ်ပါတယ်။
အဆိုပါကြယ်တံခွန်ကို ၁၉၃၀ ခုနှစ်က အာကာသပညာရှင် Schwassmann နဲ့ Wachmann တို့က ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး နေကို ၅.၄ နှစ်လျှင် တစ်ပါတ်နှုန်းနဲ့ လှည့်ပတ်နေပါတယ်။ နေနဲ့ နီးကပ်စဥ်မှာ နေမုန်တိုင်းအပူဒဏ်ကြောင့် အမှုန်များလွင့်စင်ပါးလွှာခဲ့ပြီး.. ၁၉၉၅ ခုနှစ်မှာ ဒီ ကြယ်တံခွန်ဟာ နှစ်ခြမ်း စတင်ကွဲထွက်လာတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။
ထို့နောက်.. အစိတ်အပိုင်းများ ဆက်လက် ကွဲထွက်လာခဲ့ပြီး ပုံတွင်ပြထားသလို B, G, R, N အစိတ်အပိုင်း(အကြီး) ၄ ခုအထိ ရှိနေပါပြီ။ ၂၀၀၆ ခုနှစ်မှာ အစိတ်အပိုင်းတစ်ခုကနေ အစိတ်ပေါင်း ၆၈ ခုအထိ ကွဲထွက်သွားခဲ့ပါတယ်။
လာမည့် မေလ ၃၀ – ၃၁ မှာ ဒီကြယ်တံခွန် အစိတ်အပိုင်းများရဲ့ အရှိန်ဟာ တစ်နာရီကို မိုင် ၂၂၀ ခန့် ရှိမည်ဆိုပါက အစိတ်အပိုင်းများစွာ ကွဲထွက်သွားနိုင်ပြီး ကြယ်အလင်းတန်းများစွာကို မြင်တွေ့ရနိုင်ပါတယ်။
တကယ်လို့ ထိုအရှိန်ထက် နှေးသွားပါက ကြယ်ကြွေခြင်းဖြစ်စဉ် မဖြစ်နိုင်ပါ။ All or none law ဖြစ်တဲ့အတွက် စောင့်ကြည့်ရမည့် အနေအထား ဖြစ်ပါတယ်။ ၁၈၈၅ ခု နိုဝင်ဘာလ ၂၇ ရက်နေ့.. သီပေါမင်းပါတော်မူစဉ်မှာ အန်ဒရိုမီဒါ ကြယ်တာရာမှ ကြယ်မိုးများစွာ ကျဆင်းခဲ့ဖူးပါတယ်။
အာကာသ ဝါသနာရှင်များအတွက်.. သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)