ဆန်နဲ့ ဆီပြီးတော့ ဆား ဈေးတက်ပါပြီ (စက်သုံးဆီဈေးတက်၍ ဆားထုတ်လုပ်မှု ၄၀ % လျော့ကျ)

စက်သုံးဆီ ဈေးနှုန်း မြင့်တက်လာမှုနှင့် မိုးဦးကျရာသီ ဖျက်မိုးကြောင့် မွန်နေလှမ်းဆားထုတ်တဲ့ လုပ်ငန်း အထွက်နှုန်းကျဆင်းမယ်လို့ ဆားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောလိုက်ပါတယ်။ မွန်ပြည်နယ် ဆားထုတ်လုပ်မှုမှာ နေလှမ်းဆားနဲ့ ချက်ဆားဆိုပြီး၂ မျိုးရှိတာပါ။ နေလှမ်းဆားကတော့ မိုးလေကင်းလွှတ်တဲ့ အောက်တိုဘာလလောက်မှာ ညီညာအောင်ပြုပြင်ထားတဲ့ ဆားကွင်းတွေထဲ သင့်တော်တဲ့ ပင်လယ် ဆားငန်ရေ ထည့်သွင်းပြီး နေလှမ်းကာ ဆားအကြမ်းကို ထုတ်လုပ်တာ ဖြစ်ပါတယ်။

ချက်ဆားကတော့ ဆားကွင်းတွေထဲသင့်တော်တဲ့ ပင်လယ်ဆားငန်ရေ ထည့်သွင်းနေလှမ်းပြီး သင့်တော်တဲ့ ဆားချက်အဆင့် ရောက်ရင် ဖိုနဲ့ချက်ပြီး ဆားအချောထုတ်လုပ်ရတာပါ။ လက်ရှိဆားကွင်းတွေထဲ မိုးရေဝင်ရောက်တဲ့ အခြေအနေတွေကြောင့် အခုနှစ်မှာတော့ တစ်နှစ်တာ ဆား ထုတ်လုပ်မှုရဲ့ ၆၀ ရာခိုင်နှုန်းခန့်သာ ထွက်ရှိနိုင်မယ်လို့ ဆားတောင်သူတွေက ခန့်မှန်းထား ပါတယ်။

မွန်ပြည်နယ်ရဲ့ ဆားထွက်ရာဒေသတွေကတော့ ပေါင်မြို့နယ် ထန်းပင်ချောင် ၊ သံဖြူဇရပ်မြို့နယ် ကျိုက်ခမီ စက်စဲ၊ ပင နဲ့ ကရုပန်း၊ ရေးမြို့နယ် နှစ်ကရင် ပလိုင်ကေ ဒေသတွေဖြစ်ပါတယ်။

အခု ၂၀၂၁-၂၀၂၂နှစ် ဆားရာသီမှာ လိုင်စင်တင်ပြီး ဆားထုတ်လုပ်တဲ့ ဆားကွင်းဧက ပေါင်းဟာ ၄၂၄၁ ဒသမ ၉၀ ရှိပြီး ဆား လုပ်ငန်းလုပ်ကိုင်သူ ၈၇ ဦးရှိကာ ဆားထုတ်လုပ်မှုတန်ချိန်အားဖြင့် ၄၂၅၀၁၀ ထုတ်လုပ်ဖို့ လျာထားခဲ့ပေမယ့် ဖျက်မိုးကြောင့် အခုလို အထွက်နှုန်း ၄၀ ရာခိုင်နှုန်းလောက် လျော့ကျခဲ့တာပါ။

ဆားထုတ်လုပ်မှု လျော့ကျလာခြင်းရဲ့ အဓိကအကြောင်းကတော့ စက်သုံးဆီ ဈေးနှုန်း ကြီးမြင့်လာခြင်း ဖြစ်ပါတယ်။ အကျမရှိဘဲ တက်မြဲတက်နေတဲ့ စက်သုံးဆီဈေးနှုန်းကြောင့် ဆားထုတ်လုပ်သူတွေအနေနဲ့ လုပ်ငန်းလည်ပတ်လေ အရှုံးပေါ်လေ ဖြစ်နေပြီး ရပ်နားထားရတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ဆားထုတ်လုပ်တဲ့ ဒေသများဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင် ပြည်နယ် တို့ဖြစ်ကြပါတယ်။ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ နှစ်ခုပေါင်း ဆားထုတ်လုပ်မှုဟာ တစ်နိုင်ငံ အနေအထားဖြင့် ၃၄ ရာခိုင်နှုန်း ခန့်သာရှိပြီး ကျန် ၆၆ ရာခိုင်နှုန်းကတော့ ဧရာဝတီတိုင်းဒေသကြီးကနေ တစ်ပြည်လုံး စားသုံးနိုင်ဖို့အတွက် ထုတ်လုပ်ပေးနေတာပါ။

နိုင်ငံရေး မငြိမ်သက်မှုနဲ့ ရာသီဥတုကြောင့် ဆားထုတ်လုပ်မှု လျော့ကျခဲ့တဲ့ အကျိုးဆက်ကတော့ ဆားဈေးနှုန်း တက်လာနိုင်တာပဲ ဖြစ်ပါတယ်။ ဆားဟာ အခြေခံစားသောက်ကုန်ထဲမှာ ဆန်၊ ဆီတို့လောက် အရေးမကြီးပေမယ့် မရှိမဖြစ် သုံးစွဲနေရတဲ့ မီးဖိုချောင်သုံး ပစ္စည်း တခုပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဆန်နဲ့ ဆီက ဈေးတက်ပြီးနောက်မှာ ဆားဈေးကပါ လိုက်တာလာမှာ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ပိုမို ကျပ်တည်းတော့မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page