စင်ကာပူမှာ ကိုဗစ်ကာကွယ်ဆေး အထိုးခံပြီးတဲ့ မြန်မာဆရာဝန် ပြောပြလိုက်တဲ့ ကိုယ်တွေ့ အတွေ့အကြုံ
စင်ကာပူမှာ ကိုဗစ်ကာကွယ်ဆေး အထိုးခံပြီးတဲ့ မြန်မာဆရာဝန် ပြောပြတဲ့ ကိုယ်တွေ့ အတွေ့အကြုံ
ကာကွယ်ဆေးဒိုင်ယာရီ (၁)
စင်ကာပူနိုင်ငံအမျိုးသားကူးစက်ဆေးရုံ National Centre for Infectious Diseases NCID မှာ ကိုဗစ်ကာကွယ်ဆေး Pfizer/BioNTeach ထိုးခဲ့တဲ့ အတွေ့အကြုံပါ။
ဆေးမထိုးခင် အရင်ဆုံးဆေးထိုးဖို့ မိမိအားတဲ့အချိန်နဲ့ ပေးထားတဲ့အချိန်ကိုက်ပြီး ဘိုကင်ယူရပါတယ်။ ဆေးမထိုးခင် Heath declaration လုပ်ရတယ်။
ဓာတ်မတည့်တဲ့ရောဂါရှိမရှိ၊ ကိုယ်ဝန်ရှိမရှိ၊ ကိုယ်ခံအားကျဆင်းနေတဲ့ရောဂါရှိမရှိ၊ ကင်ဆာရောဂါရှိမရှိ၊ ကိုယ်ခံအားကိုသက်ရောက်စေတဲ့ဆေးတွေသုံးနေမနေ၊ သွေးယိုတဲ့ရောဂါရှိမရှိ၊ သွေးကျဲဆေးတွေသောက်ထားမထား စတာတွေကို အွန်လိုင်းကနေ တစ်ရက်ကြိုတင်ရပါတယ်။
ဆေးထိုးရက် day 1 (Jan 14 2021)
ဆေးထိုးမယ့်နေရာရောက်တော့ စာရင်းပေး တန်းစီပြီး ဆေးထိုးမယ့် သူနာပြုဆရာမက လာခေါ်ပါတယ်။ အပေါ်ကမေးခွန်းတွေကို နောက်တစ်ခါ ထပ်မေးပြီး confirm လုပ်ပါတယ်။
ပြီးတာနဲ့ နာမည်မှတ်ပုံတင်တွေနဲ့ register စာရင်းသွင်းတာတွေ ကာကွယ်ဆေးမှတ်ပုံတင် vaccination card ထုတ်ပေးတာတွေ လုပ်ပေးပါတယ်။ ကာကွယ်ဆေးအကြောင်းရေးထားတဲ့ အချက်အလက်စာရွက် information sheet ကိုပေးပါတယ်။
ကာကွယ်ဆေးကို လက်မောင်းအသားကို ထိုးပေးပါတယ် (ညာသန်ဆို ဘယ်ဘက်ကိုထိုးပါတယ်)။ အပ်အသေးစားကိုသုံးထားလို့ လုံးဝမနာသလောက်ပါပဲ။
သူနာပြုဆရာမက ဆေးထိုးပေးပြီး ကာကွယ်ဆေးမှတ်ပုံတင်ထဲမှာပါတဲ့ နောက်တစ်ခါ ထိုးရမယ့်ရက်ချိန်းကို ရှင်းပြပါတယ်။ ဝန်ထမ်းကဒ်မှာ ဆေးထိုးတဲ့အမှတ်အသား စတစ်ကာလေး ကပ်ပေးပါတယ်။ ကာကွယ်ဆေးရဲ့ မလိုလားအပ်တဲ့ ဓာတ်မတည့်မှု ရှိမရှိကို နာရီဝက်စောင့်ကြည့်ရမယ့်အခန်း monitoring room ထဲကို သွားဖို့ လမ်းညွှန်ပါတယ်။
စောင့်ကြည့်ခန်းမှာ လူတယောက်နဲ့တယောက်ကို ၆ ပေခြားထားတဲ့ ထိုင်ခုံတွေနဲ့ ထိုင်ခိုင်းပါတယ်။ အချက်ပေးနာရီလေးတွေကို ၃၀ မိနစ်ချိန်ပြီး ခုံမှာထားပါတယ်။ ၃၀ မိနစ်ပြည့်ရင် အချက်ပေးသံမြည်လာပြီး စောင့်ကြည့်ချိန်ပြည့်ရင် ပြန်လို့ရပါပြီ။ ဒီစာရေးပြီးတာ ဆေးထိုးပြီး နှစ်နာရီတိတိ အချိန်မှာပါ။ ခုထိတော့ ထိုးထားတဲ့နေရာက ဘာမှမခံစားရသေးပါ။ (ဆက်ရေးပါမယ်)
Aunghein PhoeKhwar