မြန်မာကျပ်ငွေ တန်ဖိုး နှစ်ပေါင်း (၇၀) အတွင်း အဆိုးဝါးဆုံး ကျဆင်းခဲ့ရတဲ့ အဓိက အကြောင်းရင်း

မြန်မာကျပ်ငွေသည် အလွန်ခိုင်မာသော ငွေကြေးဖြစ်ခဲ့ဖူးသည်။ အင်္ဂလိပ်အုပ်ချုပ်ပြီး ၁၈၈၉ ကစ၍ မြန်မာနိုင်ငံမှာ ကျပ်စေ့ကို ရွှေဒင်္ဂါးငွေဒင်္ဂါးဖြင့် သွန်းလောင်း ထုတ်လုပ်ခဲ့သည်။ ငွေဒင်္ဂါး ၁၆ ပြားသည်ရွှေဒင်္ဂါးတပြားနဲ့ တန်ဘိုး တူညီသည်။

၁၉၃၇ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ အစိတ်အပိုင်းမှ ခွဲထွက်ချိန်က မြန်မာငွေဒင်္ဂါး ၁ ပြားဟာအိန္ဒိယ ၁ ရူပီး (Rupee) နှင့် ညီမျှသည်။ ၁၉၄၈ မြန်မာနိုင်ငံလွတ်လပ်ရေး မရမီက မြန်မာနိုင်ငံဟာ အိန္ဒိယ ရူပီးငွေကြေးစနစ်ကို ကျင့်သုံးသည်။

အိန္ဒိယရူပီးနှင့် အုပ်ချုပ်သူအင်္ဂလိပ်၏ ငွေကြေးစနစ် ပေါင်စတာလင် (Sterling) နှင့် ချိတ်ဆက်ထားပြီးငွေလွဲနူန်းသည် အိန္ဒိယ ၁ ရူပီး = အင်္ဂလိပ် ၁ သျှီလင် ၆ ပဲနိရှိခဲ့သည်။ အိန္ဒိယရူပီးနှင့် မြန်မာကျပ်ငွေ တန်ဘိုးတူညီခြင်းကြောင့် ၁၉၄၈ လွတ်လပ်ရေးရသည်အထိ မြန်မာကျပ်ငွေလဲနူန်းမှာ ၁ ရူပီး = ၁ ကျပ် = အင်္ဂလိပ်ငွေ ၁ သျှီလင် ၆ ပဲနိ ရှိသည်(အမေရိကန်ဒေါ်လာ ၀.၀၁၂)။ ထို့ကြောင့်မြန်မာကျပ်ငွေသည် တည်ငြိမ်ပြီး ခိုင်မာသောငွေကြေး (Hard Currency) အဖြစ်ကမ္ဘာ့နိုင်ငံအပေါင်း ယခင်က လက်ခံခဲ့ကြသည်။

ယနေ့ ခန့်မှန်းပေါက်ဈေး အိန္ဒိယ ၁ ရူပီး အမေရိကန်ဒေါ်လာ ၀.၀၁၃ (မြန်မာငွေ ၃၇ ကျပ်)ခန့်ရှိသည်။ နှစ်ပေါင်း ၇၀ အတွင်း အိန္ဒိယနိုင်ငံသည် အမေရိကန်ဒေါ်လာနဲ့ ရူပီးငွေလဲနူန်း အရမ်းကွာဟမသွားအောင် ထိန်းနိုင်ခဲ့ပေမယ့် မြန်မာနိုင်ငံသည်‌ ငွေလဲနူန်းကို မထိန်းနိုင်ခဲ့ပါ။

ထို့ကြောင့် မြန်မာကျပ်ငွေတန်ဘိုးကို ၁၉၄၈ ခုနှစ်‌ ငွေလဲနူန်း ၁ ရူပီး = ၁ ကျပ်ဖြင့်တွက်လျှင်အမေရိကန် ၁ ဒေါ်လာသည် မြန်မာငွေ ၃၇ ကျပ်ခန့်သာရှိသည်။ ဒါပေမယ့် ယနေ့ဈေးကွက်ပေါက်ဈေး ၁ ဒေါ်လာ ၃၀၀၀/ကျပ် နီးပါးရှိသည်။ မြန်မာငွေတန်ဘိုး အလွန်အမင်းကျဆင်းခြင်းကြောင့် အရပ်ရပ်ကုန်စည်ဈေးနူန်းများ မြင့်တက်လာရသည်။

အမေရိကန်ဒေါ်လာဝယ်ဈေးနဲ့ရောင်းဈေးကို (+/-) ၀.၈ ရာခိုင်နူန်းပဲ ကွာခြားရမည်ဆိုသည့် မူလအမိန့်ကိုပယ်ဖျက်ကြောင်း အူကြောင်ကြောင်အမိန့်မျိုးကို ဗဟိုဘဏ်မှ အမိန့်ထပ်မံ ထုတ်ပြန်ခဲ့ဖူးသည်။ မြန်မာ့ငွေကြေးဈေးကွက်က လက်မခံမလိုက်နာနိုင်သော အမိန့်ရာချီ တနှစ်‌ကျော်အတွင်း ဆက်တိုက်ထုတ်ပြန်လိုက် ဖျက်သိမ်းလိုက်လုပ်ခဲ့သော မြန်မာနိုင်ငံဗဟိုဘဏ်နဲ့ ငွေကြေးမူဝါဒချမှတ်သူများကို အံဩမိသည်။

၁၉၈၆ – ၈၇ အမေရိကန်တဒေါ်လာ ၄၀ – ၄၅ ကျပ်ခန့်သာ ရှိခဲ့သည်။ ၁၉၈၉ – ၉၀ က အမေရိကန်တဒေါ်လာမြန်မာကျပ် ၁၀၀/ရှိခဲ့သည်။ သို့သော် မြန်မာကျပ်ငွေ ယနေ့ပေါက်ဈေးနဲ့ တွက်ကြည့်ရင် မြန်မာငွေတန်ဘိုး မဟားဒယား အကြီးအကျယ်ကျဆင်းနေပါသည်။ (မြန်မာငွေတန်ဘိုး ကျဆင်းခြင်းကို နိုင်ငံခြား‌ငွေတန်ဘိုးတက်သည်ဟု မဆလခေတ်က စကားလှည့်စားသုံးခဲ့ဖူးသည်)

၁၉၆၂ နောက်ပိုင်းစစ်အာဏာရှင် ဗိုလ်နေဝင်းလက်ထက်မှာ အင်္ဂလိပ် ငွေကြေးပေါင်စတာလင်နှင့် ချိတ်ဆက်ထားသောစနစ်မှ မြန်မာငွေကြေး “ ကျပ် ” နူတ်ထွက်ခဲ့ခြင်းသည် မြန်မာ့ငွေကြေးဈေးကွက်ကို ကြီးမားသောသက်ရောက်မှုများ ရှိနိုင်ပါသည်။

၁၉၅၂ စတင် ကျင့်သုံးသည့် လက်ရှိ “ ကျပ် ” စနစ်ကို ပြားတရာတကျပ် သတ်မှတ်ထားပေမယ့် မြန်မာ့ငွေကြေးစနစ်မှ ပြားဂဏန်းယူနစ်များ ၁၉၈၈ နောက်ပိုင်း အံအားသင့်ဖွယ် ပျောက်ဆုံးခဲ့ရခြင်းဟာ မြန်မာ့ငွေကြေးစနစ်နှင့် မြန်မာနိုင်ငံသားများအတွက် ကြီးမားသောဆုံးရှုံးမှု ဖြစ်ပါသည်။

အဆိုးဝါးဆုံးအချက်က ၁၉၇၀ နောက်ပိုင်းမှစပြီး ငွေလဲနူန်းသေ အမေရိကန် ၁ ဒေါ်လာ မြန်မာငွေ ၆ ဒဿမ….ကျပ်ဖြင့် နှစ်ပေါင်းများစွာ လှေနံဒါးထစ်ငွေလဲနူန်းသေ မှားယွင်းကျင့်သုံးမိခြင်းကြောင့် ဖြစ်သည်။ ဒါ့အပြင် စစ်အစိုးရခေတ်အဆက်ဆက်မှာ ဗဟိုဘဏ် သတ်မှတ်ဈေးနဲ့ ဈေးကွက် သတ်မှတ်ဈေး ကွာဟချက်ကိုအစိုးရနဲ့ဗ ဟိုဘဏ်တာဝန်ရှိသူများ မထိန်းကျောင်းနိုင်ခဲ့ခြင်းသည် မြန်မာ့ဘဏ္ဍာရေး‌‌ဈေးကွက် ပြိုကွဲပျက်စီးရခြင် းအဓိကအကြောင်းဟု ထင်မြင်မိသည်။

ကမ္ဘာ့ဘယ်နေရာမှာ မဆို 1 USD = 1 USD ပါ၊ ဒါပေမယ့် 1 USD လိုချင်လို့ မြန်မာကျပ်‌ငွေ များများပေးရခြင်းဟာ မြန်မာကျပ်ငွေတန်ဘိုးကျဆင်းခြင်း ဖြစ်တယ်။ မြန်မာကျပ်ငွေ နည်းနည်းပေးရခြင်းဟာ မြန်မာကျပ်ငွေတန်ဘိုးတက်ခြင်း ဖြစ်တယ်။

အဆိုးဝါးဆုံးအချက်မှာ စစ်ကောင်စီက ၂၀၂၁ ဖေဖေါ်ဝါရီလအတွင်း အင်တာနက်များ အလုံးစုံ ပိတ်ဆို့ခဲ့ခြင်းသည် အရှိန်အဟုန်ဖြင့် လည်ပတ်ခါစ iBanking, mBanking များ Shock ရစေခဲ့ပြီး ပုဂ္ဂလိကဘဏ်များ အပေါ်ဖေါက်သည်များ၏ Trust ပျောက်ဆုံးခဲ့ရကာ မြန်မာ့ဘဏ်စနစ်အတွက် အထိအနာဆုံး ထိုးနှက်ချက်ဖြစ်ကြောင်း ယူဆမိသည်။ တချိန်က အာရှမက ကမ္ဘာမှာပါ တန်ဘိုးရှိ လူတိုင်းကိုင်ချင်တဲ့ ဗမာတကျပ်တန်(ဓါတ်ပုံ)။

(ငွေကြေးသုတေသန စာတမ်းပြုစုထားခြင်း မဟုတ်ပါ။ လူမှုကွန်ယက်တွင်ဖတ်ရှုနိုင်ရန် ခိုင်မာစိတ်ချရသည့် ဝက်ဘ်ဆိုက်များကို အင်တာနက်တွင် ရှာဖွေ၍ ကိုးကားထုတ်နုတ် ရေးဖွဲ့ထားခြင်းဖြစ်သည်) လွင်ဦး_ရန်ကင်း

Leave a Reply

Your email address will not be published.

x

You cannot copy content of this page