ကျောင်းအပ်သူ (၃) သန်းရှိဟု စကစ ထုတ်ပြန်၊ အပ်ထားပေမယ့် ကျောင်းမလွှတ်သေးဟု မိဘများပြော

စကစက ဖွင့်လှစ်မယ့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများကို မေ ၂၆ ရက်က စတင်ခဲ့ရာ နှစ်ရက်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းအပ်နှံသည့် ကျောင်းသား၊ကျောင်းသူ ၃၂၃၀၉၉၉ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

မြို့ကြီးတွေမှာပဲ ဖွင့်လှစ်နိုင်တဲ့ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံခဲ့ကြတာဖြစ်ပါတယ်။

ကလေးတွေ အတန်းနောက်ကျမှာ စိုးလို့သာ လာအပ်ထားရတာ ဖြစ်ကြောင်း၊ အခုလို အခြေအနေတွေနဲ့ဆို ကလေးတွေကို စိတ်မချကြောင်း၊ အပ်သာ အပ်ထားရပေမယ့် အခြေအနေကြည့်ပြီးမှသာ ကျောင်းလွှတ်မှာ ဖြစ်ကြောင်း” ကျောင်းသားမိခင်တဦးက ပြောပါတယ်။

အခုဖွင့်မယ်ဆိုတဲ့ ကျောင်းတွေမှာ ဆရာအင်အား မလုံလောက်ကြောင်း၊ နဂိုကတည်းက မလုံလောက်ရတဲ့အထဲ လက်ရှိအချိန်မှာ စီဒီအမ်လုပ်နေလို့ သင်ပေးမယ့် ဆရာအင်အား မရှိကြောင်း၊ လက်ရှိ ဆရာအင်အားနဲ့ဆို တပတ်မှာ နှစ်ရက်လောက်ပဲ ကလေးတွေ စာသင်ရမှာ ဖြစ်ပြီး ကျန်တဲ့အချိန်တွေ ကျောင်းထဲ လွှတ်ထားရမှာ ဖြစ်ကြောင်း ကျောင်းဆရာမဟောင်းတဦးက ပြောပါတယ်။

စကစအနေနဲ့ သင်ရိုးညွှန်းတမ်း ကုန်အောင် သင်တာ မသင်တာ စိတ်မဝင်စားကြောင်း၊ သူတို့ လိုချင်တာ ကျောင်းအပ်တဲ့ အရေအတွက်၊ ကျောင်းတက်တဲ့ အရေအတွက်သာ ဖြစ်ကြောင်း၊ အပြင်မှာ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ဆို အချိန်မရွေး ကျောင်းတွေကို ပြန်ပိတ်မှာ ဖြစ်ကြောင်း၊ မိဘတွေအနေနဲ့ အတန်းလိုချင်တာထက် ကလေးကို ပညာတတ်အောင် သင်ပေးဖို့ နည်းလမ်းကိုသာ စဉ်းစားရမှာ ဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီးဟောင်း တဦးက ပြောပါတယ်။ အမြဲလိမ်နေတဲ့ စကစရဲ့ ထုတ်ပြန်မှုစာရင်းက တကယ်ဟုတ် မဟုတ်ကို ကျောင်းတက်တဲ့ နေ့မှာပဲ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page