ပြည်တွင်းမှာ ဆန်ဈေးတက်နေချိန် ဆန်တန်ချိန် တသိန်းလေးသောင်းကျော် ပြည်ပသို့ စကစ တင်ပို့

ရန်ကုန်မြို့ ဆူးလေဆိပ်ကမ်းကနေ တဆင့် ဆန်တင်သင်္ဘောကြီး ၅ စီးဖြင့် ဥရောပနဲ့ အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၁၄၀၀၀၀ကျော် တင်ပို့ထားတယ်လို့ စကစ လက်အောက်ခံ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်ထားပါတယ်။

ဆန်တင်ပို့ရန်အတွက် ဆူးလေဆိပ်ကမ်းတွင် အလျား (၁၈၃) မီတာရှိ သင်္ဘောကြီး (၂) စီး၊ (၁၈၆) မီတာရှိ သင်္ဘောကြီး (၂) စီးနှင့် (၂ဝဝ) မီတာရှိ သင်္ဘောကြီး (၁) စီး စုစုပေါင်း (၅) စီး တံတားနေရာပြည့် ဆိုက်ကပ်ထားခဲ့ပြီး ဇွန်လ၂၄ရက်ကစတင်ကာ ဥရောပနဲ့အာဖရိကနိုင်ငံများကို မြန်မာနိုင်ငံထွက် ဆန်များ တင်ဆောင်ထွက်ခွာမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။

ဆန်တန်ချိန်စုစုပေါင်း ၁၄၃,၄၀၀တန်ကို တင်ဆောင်ပြီး ထွက်ခွာမယ့်သင်္ဘောကြီး ၅ စီးဟာ ဥရောပနိုင်ငံတွေဖြစ်တဲ့ ဘယ်လ်ဂျီယံနိုင်ငံသို့ (၃)စီး၊ စပိန် နိုင်ငံသို့ (၁)စီးနဲ့ အာဖရိကနိုင်ငံဖြစ်တဲ့ တိုဂိုနိုင်ငံသို့ (၁)စီး တင်ပို့ထွက်ခွာတယ်လို့ သိရပါတယ်။

ပြည်တွင်းဆန်တင်ပို့မှုဟာ ယခုနှစ် ၂၀၂၂ ခုနှစ် ဧပြီလမှ ဇွန်လ (၃)လ အတွင်း စုစုပေါင်းသင်္ဘော (၂၇) စီးဖြင့် ဆန်တန်ချိန် ၅၈၂,၃၃၀တန် ကို တင်ပို့နိုင်ခဲ့ကြောင်းလည်း ဆိပ်ကမ်းအာဏာပိုင်ရဲ့ ထုတ်ပြန်ချက်တွင် ပါရှိပါတယ်။

မြန်မာနိုင်ငံထံမှ ၂ဝ၂၂ ခုနှစ် ဧပြီလတွင် ဆန်အများဆုံးဝယ်ယူသည့်နိုင်ငံများ၌ ကင်မရွန်း၊ တရုတ်၊ အင်ဂိုလာ၊ ဖိလစ်ပိုင် နှင့် ပိုလန် နိုင်ငံတို့ ပါဝင်ပြီး ဆန်ကွဲအများဆုံး ဝယ်ယူသည့် နိုင်ငံများ၌ ဘယ်လ်ဂျီယံ၊ တရုတ်၊ စပိန်၊ နယ်သာလန် နှင့် ပိုလန်နိုင်ငံ တို့ပါဝင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းရဲ့ထုတ်ပြန်ချက်များအရ သိရပါတယ်။

လက်ရှိအချိန်တွင် စက်သုံးဆီ ဈေးနှုန်း ကြီးမြင့်မှု၊ ဓာတ်မြေဩဇာ ဈေး အဆမတန်ကြီးမြင့်မှုနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ပြည်တွင်းမှာ စပါးစိုက် ဧရိယာများ လျော့နည်းလာကြတာကြောင့် ဆန်ဈေးနှုန်းများ တရိပ်ရိပ် မြင့်တက်လာလျက် ရှိပါတယ်။

မြန်မာပြည်ရဲ့ အဓိက ထွက်ကုန်တခုဖြစ်တဲ့ ဆန်က ပြည်တွင်း စားသုံးမှု ဖူလုံနေပေမယ့်လည်း ငွေကြေး ဖောင်းပွမှုတွေကြောင့် အခြေခံလူတန်းစားတွေ အနေနဲ့ ဈေးကြီး ပေးစားနေရတယ်လို့ သိရပါတယ်။ အလုပ်အကိုင် ရှားပါးမှုနဲ့ ဝင်ငွေ လျော့ကျလာမှုကြောင့် အခြေခံ လူတန်းစားတွေ ခက်ခဲနေတဲ့ အချိန်မှာ ပြည်တွင်း ဖူလုံအောင် အရင် မပြုလုပ်ဘဲ နိုင်ငံခြားသို့ ဆန်အများအပြား တင်ပို့နေတာကြောင့် မကြာခင်မှာ မြန်မာပြည်မှာ ဆန်ပြတ်တော့မယ့် အခြေအနေ ဖြစ်လာနိုင်ကြောင်း ဈေးကွက် ကျွမ်းကျင်သူတဦးက သုံးသပ်ထားပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page