ခေါင်းဆောင်ကြီးများ ကျဆုံးရစဉ်က ဝန်ကြီးဟောင်း ဦးဗဂျမ်း၏ မျက်မြင်ကိုယ်တွေ့ဖြစ်ရပ်
ခေါင်းဆောင်ကြီးများ ကျဆုံးရစဉ်က ဝန်ကြီးဟောင်း ဦးဗဂျမ်း၏ မျက်မြင်ကိုယ်တွေ့ဖြစ်ရပ်…
ရက်ကား ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်ဖြစ်၍ နေ့ကား စနေနေ့ ဖြစ်ပါသည်။ ထိုအခါက ကျွန်တော်သည် လမ်းပန်းအဆောက် အအုံနှင့် ပြန်လည် ထူထောင်ရေး ဌာနကို အုပ်ချုပ်သည်ဖြစ်ရာ ထိုဌာန၏ အတွင်းဝန်မှာ အိုင်-စီ-အက်စ် ဦးအုန်းဖြစ်၍ ဒုတိယအတွင်းဝန်မှာ အိုင်-စီ-အက်စ် ဦးချမ်းသာ ဖြစ်ပါ သည်။
ကျွန်တော်သည် အမှတ် (၈)၊ ကိုယ့်မင်း ကိုယ့်ချင်းလမ်း၊ ဗ-လ-စ ဌာန တွင် နေထိုင်လျက်ရှိရာ ဟင်္သာတခရိုင်သို့ ခရီးထွက်ခဲ့သည်မှအပြန် အအေးမိ၍ အနည်းငယ်ဖျားလျက်ရှိ၏။
ထိုနေ့တွင် ဝန်ကြီးများ အစည်းအဝေးကျင်းပမည် ဖြစ်ရာ ကျွန်တော်သည် နေမကောင်းသဖြင့် အကြောင်းထူးသာမရှိခဲ့လျှင် ထိုအစည်းအဝေးသို့ တက်ဖြစ်မည် မဟုတ်ပေ။ ထိုနေ့ကျင်းပမည့် ဝန်ကြီးများ အစည်းအဝေးတွင် ပြောပြသင့်သော သတင်းထူးတစ်ခု ကို ကျွန်တော် ရရှိထား၏။ သတင်းထူးပုံမှာ စစ်တပ်မှ မလိမ့်တပတ်ဖြင့် စက်သေနတ် (ဘရင်းဂန်း) (အလက် ၂ဝဝ) ထုတ်ယူသွားသူမှာ ဦးစောဖြစ်ကြောင်း၊ ထိုသို့ ထုတ်ယူစဉ်က ဦးစောသည် ရှမ်းဘောင်းဘီ၊ မျက်မှန်နက်၊ ဆွယ်တာ လက်ပြတ်နှင့်ဖြစ်၍ ထုတ်ယူသွားသော မော်တော်ကားရှေ့ခန်း ကားမောင်းသူ၏ဘေးတွင် ထိုင်လျက်ပါကြောင်းများအပြင် ဦးစောတို့လူစုသည် ကုဒီတား (ခေါ်) ‘လက်နက်ဖြင့် အာဏာသိမ်းယူရန်’ ကြံစည်လျက်ရှိကြကြောင်းတို့ကို သတင်းရရှိထား၏။ သို့သော် သတ်ဖြတ်သည်အထိ အကြံပက်စက်ကြမည် ဟူ၍ကား ထိုအခါက ကျွန်တော် လုံးဝမတွေးတော ခဲ့မိပေ။
ရရှိထားသော သတင်းထူးကို ဝန်ကြီးများအစည်း အဝေးတွင် တင်ပြလိုသဖြင့် ကျွန်တော်သည် နေမကောင်း လျက်နှင့်ပင် အဝတ်ထူထူ အထပ်ထပ်ဝတ်၍ အစည်း အဝေးသို့ သွား၏။
အစည်းအဝေးကျင်းပမည့်နေရာသည် အတွင်းဝန် များရုံး၊ အလယ်ထပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းတွင် ဖြစ်၍ စမည့်အချိန်မှာ နံနက် ၁ဝ နာရီ ဖြစ်၏။
အစည်းအဝေးမစမီ မိနစ်အနည်းငယ်ခန့်အလိုတွင် ဗိုလ်ချုပ်နှင့် ကျွန်တော်အစည်းအဝေးခန်းဝတွင် မျက်နှာ ချင်းဆိုင်ဆုံမိပြီး အခန်းတွင်းသို့ အတူဝင်သွားကြ၏။ ထိုနေ့တွင် ဗိုလ်ချုပ်သည် ဝတ်နေကျ စစ်ဝတ် စစ်စား မဟုတ်ဘဲ ထူးထူးခြားခြား အရပ်ဝတ် အရပ်စားနှင့်လာ၏။ ရွှေဖလားရောင် ဗန်ကောက်လုံချည်၊ ပိုးအင်္ကျီတို့နှင့် ဖြစ်၍ ဆံပင်မှာလည်း ခါတိုင်းကဲ့သို့ စုတ်ဖွာဖွာကြီး မဟုတ်ဘဲ ညှပ်ပြီးစဖြစ်၍ သပ်ရပ်၏။
‘ဗိုလ်ချုပ်က ဒီလိုတော့ အချောကြီးပဲ…’ဟု ကျွန်တော်က ပြောင်၍ ပြောလိုက်၏။ ’နိုင်ငံရေးသမားတွေဟာ လွတ်လပ်ရေးရပြီးရင် စစ်သားစိတ်ဖျောက်ပြီး အရပ်သားစိတ် မွေးမြူကြဖို့ အရေးကြီးတယ်’ ဟု ဗိုလ်ချုပ်က ပြန်ပြော၏။
ဗိုလ်ချုပ်၏အခန်းမှာ အတော်ကျယ်၍ မျက်နှာစာတွင် လူဝင်တံခါးကြီး သုံးပေါက်၊ လက်ယာဘက်ဘေးတွင် ဗိုလ်ချုပ်၏ အတွင်းရေး အတွင်းဝန် ဗိုလ်ထွန်းလှ၏ အခန်းသို့ကူးသော တံခါး၊ လက်ဝဲဘက်ဘေးတွင် ဝန်ကြီး များအဖွဲ့ အတွင်းဝန် ဦးရွှေဘော်၏အခန်းသို့ ကူးသော တံခါးသည်လည်းကောင်းရှိပြီးလျှင် အခန်း၏ကျောဘက်တွင် ပြတင်းပေါက်သုံးခုရှိ၏။ အခန်းတွင်း အရှေ့မြောက်ထောင့်တွင် ဗိုလ်ချုပ်၏အလုပ်စားပွဲရှိ၍ ၎င်းအခန်း၏ တောင်ဘက်နံရံတွင် ဝန်ကြီးများအစည်းအဝေးစားပွဲရှိ၏။
ဝန်ကြီးများ အစည်းအဝေးစားပွဲသည် စားပွဲရှည် သုံးခုကို ထောင့်ချိုးဂငယ်ပုံ သုံးဖက်ပိတ် တစ်ဖက်ဖွင့် ဆက်၍ထား၏။ ထိပ်စားပွဲသည် ၁ဝ ပေ ခန့်ရှည်၍ သုံးပေခန့်ကျယ်၏။ ထို ထိပ်စားပွဲ၏ အစွန်းတစ်ဖက် တစ်ချက်တွင် ယှဉ်၍ ဒေါင်လိုက်ဆက်ထားသော စားပွဲများမှာ ၁၈ ပေခန့် ရှည်၍ သုံးပေခန့်ကျယ်၏။
ထိပ်စားပွဲ၏အလယ်တွင် ဗိုလ်ချုပ်ထိုင်၏။ ဗိုလ်ချုပ်၏လက်ဝဲဘက်တွင် ဝန်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော်ထိုင်၏။ လက်ယာဘက်နံဘေးရှိ စားပွဲရှည် တွင် သခင်မြ၊ ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်တို့ တစ်ယောက်ပြီးတစ်ယောက် ယှဉ်၍ထိုင်ကြ၏။ ထိပ်စားပွဲ၏ လက်ဝဲဘက်နံဘေးရှိ စားပွဲရှည်တွင် ကျွန်တော်၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြ၊ မိုင်းပွန် စော်ဘွားကြီးတို့ တစ်ယောက်ပြီးတစ်ယောက် ယှဉ်၍ ထိုင်ကြ၏။
အစည်းအဝေးသည် ချိန်းထားသည့်အတိုင်း ၁ဝ နာရီမှာ အချိန်မှန်စ၏။ အစဉ်အလာအတိုင်း အရေးကြီး သောကိစ္စများ စဉ်းစားသောအခါ သက်ဆိုင်ရာဌာန အတွင်းဝန်သည် လိုအပ်က လာရောက်၍ရှင်းလင်း ပြောပြရ၏။ ထိုနေ့က ကိစ္စအချို့ စဉ်းစားပြီးသည့်နောက် ၁ဝ နာရီခွဲကျော်ကျော်လောက်တွင် စဉ်းစားရန် အလှည့် ကျသဖြင့် သက်ဆိုင်ရာဌာန၏ ဒုတိယအတွင်းဝန်ဖြစ် သော အိုင်-စီ-အက်စ် ဦးအုန်းမောင်သည် အစည်းအဝေး ခန်းသို့ ရောက်ရှိလာပြီး လက်ယာဘက် စားပွဲထိပ် သခင်မြ ၏အနီး၌ ကပ်လျက်ထိုင်၏။
ဦးအုန်းမောင် ရောက်ရှိပြီး နှစ်မိနစ်၊ သုံးမိနစ်ခန့် အကြာတွင် အစည်းအဝေးခန်းမကြီး၏ မျက်နှာစာရှိ တံခါး သုံးပေါက်အနက် မြောက်ဆုံးတံခါးပေါက်ကို တွန်း၍ ဖွင့်ပြီးလျှင် စစ်ဝတ်စုံဝတ်ထားသော လူလေး ငါးယောက် သည် တော်မီဂန်း၊ စတင်းဂန်းစသည့် သေနတ်များကို ကိုင်ဆောင်၍ အစည်းအဝေးခန်းမအတွင်းသို့ ဝင်ရောက် လာကြ၏။ ထိုအခါက ကျွန်တော်သည် သူတို့ဝင်လာသည့် တံခါးကိုမျက်နှာမူ၍ ထိုင်နေသဖြင့် ဝင်လာသည့် အချိန်မှစ၍ ကောင်းစွာသတိပြုမိ၏။ ဝင်လာသူများသည် တပ်မတော်၏ အဝတ်အစားများကို ဝတ်ဆင်လာကြ သဖြင့် တပ်မတော်သားများဖြစ်သည်ဟုပင် ထင်မိ၏။
သူတို့သည် အလွန်အရေးကြီး၍ ရုတ်တရက်ဖြစ်ပေါ်သော ကိစ္စတစ်ခုခုကို ဝန်ကြီးအစည်းအဝေးသို့ အစီရင်ခံလိုသဖြင့် လာကြသည်ဟု တွေးမိ၏။ နားမလည်သေး ရိုင်းသေး သဖြင့်သာ တစ်ယောက်တည်းမလာဘဲ လူအများစု၍ လာခြင်း၊ သေနတ်များ ကိုင်ဆောင်လာခြင်းတို့ကို ပြုလုပ် ကြသည်ဟု တစ်ဆက်တည်းတွေးကာ နောက်နောင် ဝန်ကြီးအစည်းအဝေးသို့ ကိစ္စရှိ၍လာရောက်လျှင် တပ်မတော်သားတစ်ဦးသည် လက်နက်ကို အပြင်မှာ ထားခဲ့ရန်နှင့် တစ်ယောက်တည်းလာရန် အမိန့်ထုတ်ထားပါ ဟု ဗိုလ်ချုပ်အား ပြောမည်ဟူ၍ပင် စဉ်းစားမိ၏။
ဝင်လာသူ ယူနီဖောင်းဝတ် လက်နက်ကိုင်တို့သည် အစည်းအဝေးစားပွဲကြီး၏ စားပွဲသုံးခု အနီး(ဂ၊ ငယ်) ဝမ်းဗိုက်၏ အဝင်ဝသို့လာ၍ သုံးယောက်ခန့် ရှေ့နောက် စီကာ ရပ်ပြီးလျှင် ရှေ့ဆုံးမှ ဝင်လာသူသည် ‘ဟိတ်’ ဟု အသံကျယ်စွာ တစ်ခွန်းအော်လိုက်ပြီး ဗိုလ်ချုပ်အား တော်မီဂန်းနှင့် စ၍ပစ်၏။ ဗိုလ်ချုပ်သည် မတ်တတ်ရပ် လိုက်ကာ သေနတ်ပစ်သူတို့ဘက်သို့ လက်ကာပြပြီးလျှင် တစ်စုံတစ်ခုကို ပြောလိုက်၏။ ဘာပြောသည် ဟူ၍ကား ကျွန်တော် နားမလည်လိုက်ပေ။
ထိုသို့ပစ်လိုက်သည်နှင့်တစ်ပြိုင်နက် ပျော်ဘွယ် ဦးမြနှင့် ဦးရွှေဘော်တို့သည် ကျောဘက်ရှိ ပြတင်းပေါက်မှ ကျော်ထွက်ပြီးလျှင် ပြတင်းပေါက်အောက်ရှိ နှစ်ပေခန့် ကျယ်သော ကြမ်းပြင်စွန်းကိုကွယ်၍ ဦးရွှေဘော်၏ အခန်းသို့ ကူးပြေးကြ၏။ ကျွန်တော်သည် ထိပ်စားပွဲနှင့် အလျားလိုက်ယှဉ်ကာ ကြမ်းပေါ်တွင်မှောက်၍ အိပ်လိုက်၏။ ထိုသို့အိပ်လိုက်သောအခါ ကျွန်တော်၏ လက်ဝဲဘက်တွင်ရှိသော ဦးအောင်ဇံဝေ၏ လက်ကိုလည်း ဆွဲ၍ချလိုက်သဖြင့် ဦးအောင်ဇံဝေသည်လည်း ကျွန်တော် နှင့်အတူ အိပ်လိုက်၏။
ထိုသို့ ရန်သူ့လက်နက်နှင့် ကြုံကြိုက်သောအခါ လှဲ၍ အိပ်လိုက်ခြင်းသည် ဂျပန်ခေတ် စစ်အတွင်းက ရရှိခဲ့သော အလေ့အကျင့်အမွေဖြစ်၏။ ဗုံးကြဲလေယာဉ်ပျံ များလာသဖြင့် အာရှလူငယ်သူနာပြုအဖွဲ့များကို ဗုံးကျ ရာသို့ စေလွှတ်သောအခါ ကျွန်တော် အမြဲမှာလေ့ရှိသော နောက်ဆုံး စကားများမှာ (ဗုံးကြဲလျှင်၊ စက်သေနတ်ပစ် လျှင် အမြန်ဆုံးလှဲ၍ အိပ်လိုက်)ဟု ဖြစ်လေရာ ကိုယ်ရေး ကြုံသောအခါ လှဲ၍အိပ်ပြီး ဖြစ်နေသည်ကို သတိပြုမိ၏။ ကျွန်တော်သည် သမ္ဗုဒ္ဓေဂါထာ၊ သိရသ္မိံဂါထာနှင့် စမ္မက္ခန် ဂါထာများကို စစ်အတွင်းက အမြဲရွတ်လေ့ရှိသည့်အတိုင်း ထိုသို့ ကြမ်းပေါ်တွင်မှောက်၍ နေစဉ်အချိန်တွင်လည်း ရွတ်လျက်ရှိသည်ကို သတိပြုမိ၏။ ဦးအောင်ဇံဝေသည် ပစ္စည်း ခေါ် ပဋ္ဌာန်းကျမ်း၏ အကျယ်ဖြစ်သော ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ ပါဠိတော်ကို အနှစ်သုံးဆယ်ကျော်မျှ တစ်နေ့ မပြတ် ရွတ်ဖတ်သရဇ္ဈာယ်ခဲ့သည့်အလျောက် ကြမ်းပေါ်သို့ လှဲလိုက်သည့်အချိန်မှစ၍ ရန်သူများ ထွက်သွားသည့် အချိန်အထိ စိတ်တွင် အာရုံပြု၍ ရွတ်ကြောင်း နောက်မှ စုံစမ်းသိရှိရလေသည်။
ထိုသို့မှောက်လျက်ရှိစဉ် ကျွန်တော်၏ လက်ဝဲဘက် နံဘေးသည် ပူခနဲ ဖြစ်သွား၏။ ကျည်ဆန်တစ်ခု ဘေးသို့ ရှပ်၍ ဖောက်ဝင်သွားသည်ဟု ထင်မိ၏။ သို့သော် သေနိုင် သော နေရာမဟုတ်ဟူ၍လည်း တွေးလိုက်သေး၏။
အိမ်ပြန်ရောက်၍ ကြည့်သောအခါ ထိုသို့ ပူခနဲဖြစ် သည့်နေရာ (နံရိုးစွန်းနှင့် တင်ပါးရိုးကြား အသား) တွင် လက်သန်းဖျားခန့် မည်း၍နေသော အဝိုင်းငယ်တစ်ခုကို တွေ့ရ၏။ ထိုနေရာနှင့် တည့်တည့် သက္ကလတ်အပေါ် အင်္ကျီတွင် လက်မဝက်ခန့်ရှည်၍ မန်ကျည်းစေ့ခန့် ကျယ် သော အပေါက်ငယ်တစ်ခုကိုလည်း တွေ့ရ၏။ ထိုသို့ ကျည်ဆန်မှန်သောနေရာတွင် လုံချည်၊ ဘောင်းဘီ၊ ရှပ် အင်္ကျီ၊ ဆွယ်တာလက်ပြတ်နှစ်ခု စွပ်ကျယ်နှင့် အပေါ် အင်္ကျီပါအားလုံး ခုနစ်ထပ်ရှိသည်ကို တွေ့ရ၏။
ကျွန်တော်၏ လက်ယာဘက် လက်သူကြွယ်အဖျား တွင် တစ်ချက်ထိမှန်၏။ ကျည်ဆန်သည် လက်ဖျားမှ ဝင်ပြီးလျှင် အလယ်ဆစ်၏ဘေးမှ ထွက်၏။ လက်ဖျား ဆစ်၏ အတွင်းသားနှင့် အရိုးတစ်ပိုင်းပဲ့၍ ပါသွားသဖြင့် လက်ဖျားဆစ်တွင် စပါးစေ့တစ်ခြမ်းလောက်မျှသော အရိုးတစ်ပိုင်းနှင့် အပေါ်ရေသာ ကျန်ရစ်သည်ဖြစ်ရာ အဖူးကို နုတ်ယူထားသည့် ပြောင်းဖူးနှင့်တူ၏။
သူသတ်ယောကျ်ားတို့ကား သုံးယောက် ပြိုင်တူ ပစ်ကြ၏။ ပထမ ရပ်၍ပစ်ကြ၏။ နောက် ဒူးထောက်၍ ပစ်ကြ၏။ ကျွန်တော်နှင့် ဦးအောင်ဇံဝေတို့ကိုမူကား ကြမ်းပေါ်တွင် မှောက်လျက်ရှိသဖြင့် သေပြီထင်ပြီး မပစ်ဟန်လက္ခဏာရှိ၏။
အပစ်အခတ်ရပ်စဲပြီး သူသတ်များ ပြန်ထွက်နေစဉ် တံခါးဝလောက်အရောက်မှာ ဦးအောင်ဇံဝေသည် မှောက်နေရာမှ ထထိုင်ပြီး ဗိုလ်ချုပ်လဲနေသည့်ဘက်ကို လက်ညှိုးထိုး၍ ပြပြီးလျှင် ‘သေကုန်ကြပြီ’ ‘သေကုန်ကြပြီ’ ဟု ညည်းတွားလိုက်၏။
ကျွန်တော်က ဦးအောင်ဇံဝေအား ဆွဲ၍ လှဲလိုက် ပြီးလျှင် ‘မထနဲ့ဦး ပြန်ဝင်လာရင် ခင်ဗျားကို ပစ်လိမ့်မယ်’ ဟုပြော၏။ ကျွန်တော်တို့ မိနစ်ဝက်ခန့် ဆက်၍မှောက် နေကြပြီးလျှင် နှစ်ယောက်အတူ ထကြ၏။ တစ်ခန်းလုံး မီးခိုးဖြင့်မှောင်လျက် ယမ်းငွေ့တထောင်းထောင်းထလျက် ရှိ၏။ ဗိုလ်ချုပ်ကား ပက်လက်လဲလျက်ရှိ၏။
ဦးအောင်ဇံဝေနှင့် ကျွန်တော်တို့သည် ဦးရွှေဘော်၏ အခန်းဘက်သို့ ကူးသွားပြီးလျှင် တယ်လီဖုန်းဆက်ရန် ကြိုးစား၏။ တယ်လီဖုန်းဆက်၍မရ၊ ပျက်နေဟန် ရှိ၏။ ကျွန်တော်၏ အခန်းသို့သွားရန် ဦးရွှေဘော်၏ အခန်း ပြင်သို့ ထွက်လိုက်ရာ ထိုအချိန်က ရန်ကုန် ပုလိပ်မင်းကြီး ဖြစ်သူ ဦးအောင်ချိန်အား အခန်းဝတွင်တွေ့၏။
‘ဘာဖြစ်ကြတာလဲ’ ဟု ဦးအောင်ချိန်က မေးသော အခါ ‘လာလာ လိုက်သာကြည့်တော့’ ဟုပြောကာ ဦးအောင်ချိန်အား ဦးရွှေဘော်၏အခန်းကိုဖြတ်၍ အစည်းအဝေးခန်းသို့ ဦးအောင်ဇံဝေနှင့် ကျွန်တော်တို့က ခေါ်သွား၏။ ကျွန်တော်တို့ ပြန်ဝင်သွားသော အချိန်တွင် မိုင်းပွန်စော်ဘွားကြီးသည် သွေးပေလျက်ရှိသော မေးစေ့နှင့် ပါးစပ်တစ်ခြမ်းကို လက်ယာလက်ဝါးဖြင့်အုပ်ကာ ဗိုလ်ထွန်းလှ၏အခန်းဘက်သို့ လျှောက်သွား၏။ သို့သော် ဗိုလ်ထွန်းလှထွက်လာသဖြင့် လမ်းတွင်ဆုံမိ ကြ၏။ ဗိုလ်ထွန်းလှသည် အစည်းအဝေးခန်းသို့ ဝင်လာ ပြီးလျှင် သူသတ်တို့ထွက်သွားသော တံခါးကိုပိတ်၍ ချက်ထိုးလိုက်၏။
ဦးအောင်ချိန်အား အစည်းအဝေးခန်းတွင် ထားခဲ့ပြီး လျှင် ဦးအောင်ဇံဝေနှင့် ကျွန်တော်သည် ကျွန်တော်၏ အခန်းသို့သွားကြ၏။ အခန်းသို့ရောက်လျှင် ဦးအောင်ဇံဝေ သည် ကျွန်တော့်လက်တွင် ရရှိသောဒဏ်ရာကို ကြည့်၍ ကျည်ဆန်မှာ အဆိပ်ပါမှာ စိုးရသည်။ ချက်ချင်း ဆေးထည့် ပါဟု သတိပေး၏။ ကျွန်တော်သည် ကျွန်တော်၏ အတွင်းရေး အတွင်းဝန် မောင်သန်းမြင့်အား ဆရာဝန် ခေါ်ခဲ့ရန် မှာထားပြီးလျှင် အိမ်သို့ ပြန်၏။ ကုလားဆရာဝန် တစ်ယောက်နှင့် ဗိုလ်လကျ်ာ၏ညီ ဒေါက်တာလှရွှေတို့ မကြာမီရောက် လာပြီးလျှင် လက်ဖျားကို ဆေးထည့် ဂွမ်းတို့ဖြင့် ချုပ်ကြ၏။ ဒေါက်တာလှရွှေက လက်ပြာ နေတာကို သဘောမကျ။
အဆိပ်ကြောင့် ဖြစ်ချင်လျှင် ဖြစ်နိုင်သည်ဟုပြောကာ အဆိပ်ဖြေသည့် ထိုးဆေးကို အရှာခိုင်းသဖြင့် မောင်သန်းမြင့်ကို လွှတ်၍ စစ်တပ် တွင်ရှာ၏။ ထိုးဆေးရှာနေစဉ်အတွင်း ဆေးရုံကြီးကို လိုက်ခဲ့ပါ။ ဆေးရုံကြီးမှာ ကိရိယာစုံသည်ဟု ဒေါက်တာ လှရွှေက အကြံပေးသဖြင့် လိုက်သွား၏။
ဆေးရုံကြီးသို့ရောက်သောအခါ ဒေါက်တာဘသန်း နှင့် ဒေါက်တာလှရွှေတို့တိုင်ပင်ပြီးလျှင် ကုသ၍ ဖြစ်နိုင် သော နည်းမျိုးစုံဖြင့် လိုလေသေးမရှိအောင် ကုသကြ၏။ စစ်တပ်တွင်ရှာသော အဆိပ်ဖြေထိုးဆေးလည်း အလွယ် တကူပင် ရရှိလာသဖြင့် ထိုးရ၏။ ဦးဘချိုနှင့် မိုင်းပွန် စော်ဘွားကြီးတို့အား ခွဲစိတ်ကုသရန် ပြင်ဆင်လျက် ရှိကြောင်း၊ ဒဏ်ရာရသူ ကျန်ပုဂ္ဂိုလ်များမှာအားလုံး သေဆုံးကြပြီဖြစ်ကြောင်း ကျွန်တော် ဆေးရုံမှ မပြန်မီ ကြားသိခဲ့ရ၏။
ည ၈ နာရီခန့်တွင် ဒေါက်တာလှရွှေထံမှ စကား ပြောကြေးနန်းနှင့် ဝန်ကြီးများ၏ အလောင်းကို ညွှန်ကြား ချက် တစ်စုံတစ်ရာမရရှိသဖြင့် ရေခဲတိုက်သို့ မပို့ရသေးဘဲ ဆေးရုံမှာပင်ရှိသေးကြောင်း ပြောသည်။ ရေခဲတိုက်သို့ ပို့သာပို့ပါ။ ကျွန်တော် လုံးဝတာဝန်ယူပါမည်ဟု အကြောင်းပြန်ကြားလိုက်၏။
ယခုကဲ့သို့ ဗိုလ်ချုပ်နှင့်တကွ နိုင်ငံ့မျက်နှာဖုံး ခေါင်းဆောင်ကြီးများ ကျဆုံးရခြင်းမှာ မိမိ၏ စေတနာကို မိမိယုံကြည်လွန်းသောကြောင့် ဖြစ်၏။ ထိုသို့မဖြစ်မီ အချိန်တော်ကြာကပင် ဗိုလ်ချုပ်နှင့်တကွ ဝန်ကြီးများအား သတ်ဖြတ်ရန် ကြံစည်စိုင်းပြင်းလျက်ရှိကြကြောင်း အစီရင်ခံစာအမျိုးမျိုး အကြိမ်ကြိမ်ရရှိခဲ့၏။ ထိုသို့ အစီရင်ခံစာများရရှိ၍ ဆွေးနွေးကြသောအခါတွင် ဗိုလ်ချုပ်က ‘ကျွန်တော်တို့လို စေတနာသန့်သန့်ရှင်းရှင်းနဲ့ အဘက်ဘက်က စင်ကြယ်တဲ့သူတွေကို သတ်မယ်ဆိုတာ မဟုတ်နိုင်ပါဘူး။ ကျွန်တော်တို့ကိုသတ်ရင် တစ်နိုင်ငံလုံး က အုံကြွပြီး သူတို့ကိုကော မသတ်ဘဲ နေပါ့မလား’ ဟု ပြောဖူး၏။
ဝန်ကြီးအစည်းအဝေး အခမ်းအနား စသည်တို့တွင် လက်နက်ကိုင် ပုလိပ်အစောင့်အရှောက်၊ စစ်တပ် အစောင့်အရှောက်တို့ကို ဗိုလ်ထွန်းလှက စီမံလျှင် ဗိုလ်ချုပ် သဘောမကျ။ ‘တို့က လူထုရဲ့ အစိုးရပါ။ လက်နက်ကိုင်အစောင့် အရှောက် မလိုပါဘူး’ ဟု ပြောလေ့ရှိ၏။
မြတ်စွာဘုရားသော်မှ ဒေဝဒတ်၊ စိဉ္စမာန စသော ရန်သူများ ရှိနေသေးကြောင်းကို ပညာရှိသော်လည်း သတိဖြစ်ခဲ ဆိုသောစကားအတိုင်း ကျွန်တော်တို့ မဆင်ခြင်မိဘဲ ပေါ့ပေါ့ဆဆနေလွန်းလှသဖြင့်သာ ယခု ကဲ့သို့ ခေါင်းဆောင်ကြီးများ ရေတိမ်မှာ နစ်ကြရရှာ ပေသည်။
ဦးစော၏အကြံသည် တစ်ရက်တည်းစောသွား သဖြင့် အောင်မြင်ခဲ့သည်။ စစ်တပ်မှ ဘရင်းဂန်း အလက် ၂ဝဝ ဦးစောလိမ်၍ထုတ်ကြောင်း သတင်းကို သခင်မြတွင်လည်းကောင်း၊ ကျွန်တော့်တွင်လည်းကောင်း အခိုင် အလုံရရှိထားကြပြီးဖြစ်၍ ထိုနေ့ ဝန်ကြီးများ အစည်း အဝေးနောက်ပိုင်း အထွေထွေခန်းတွင် ဦးစောအား ဖမ်းရန် ညွှန်ကြားဖို့ ဆုံးဖြတ်ဖွယ်ရှိ၏။
ဦးစောနှင့် အပေါင်းပါတို့သည် ဗိုလ်ချုပ်အောင်ဆန်း နှင့် နိုင်ငံ့မျက်နှာဖုံး အခြားခေါင်းဆောင်ကြီးများအား သတ်လိုက်ခြင်းဖြင့် ထိုပုဂ္ဂိုလ်များ အားသာ သေစေ သည်မဟုတ်၊ နိုင်ငံတစ်ခုလုံးကိုပင် သေစေသည် မည်၏။
“ကံကောင်းသူ ဝန်ကြီးများ”
ထိုနေ့ အစည်းအဝေးတွင် မတက်ရောက်သဖြင့် ကံကောင်းသော ဝန်ကြီးများမှာ ဦးကျော်ငြိမ်း၊ ဆမား ဒူးဝါး၊ စောစံဘိုးသင်နှင့် ဦးဝမ်ကိုဟော တို့ ဖြစ်ကြ၏။ ထိုအခါက ပြည်ထဲရေးဌာနဝန်ကြီးဖြစ်သော ဦးကျော်ငြိမ်း မှာ အင်္ဂလန်သို့ သွားနေခိုက်ဖြစ်၍ ပြည်ထဲရေးဌာနကို ပျော်ဘွယ်ဦးမြက အုပ်ချုပ်လျက်ရှိ၏။ ကျန်ဝန်ကြီး သုံးဦး မှာ နယ်သို့ရောက်ရှိ ခရီးလွန်နေ၍ အစည်းအဝေး မတက်ဖြစ်ဟု သိရ၏။
ဦးဗဂျမ်း(သတိုးမဟာသရေစည်)
ဗ-လ-စ-ဌာနချုပ်-ဥက္ကဋ္ဌ