ဖေ့စ်ဘွတ်ပေါ်မှာ တွေ့ကရာဆေးမြီးတို ရှယ်နေကြသူများ ဒါလေးဖတ်ကြည့်ပါ (ဒေါက်တာ သော်တာပပထွန်း)
ကျမတို့ ကင်ဆာဆောင်သည် ခုတလော ဆီးနှင့်ကျောက်ကပ် ဆေးကုသဆောင်၊ ခွဲစိတ်ဆောင်များနှင့် ချစ်ကြည်ရေး ပွဲများ ကစားနေရသည်မှာ အကြိမ် စိပ်လာသည်။
လူနာ၏ ကျောက်ကပ် အဆိပ်ဓါတ် Createnine level တွေ တက်တက်လာသဖြင့် ကျောက်ကပ်ထိသောဆေးများ ဥပမာ။။ Cisplatin ကို ရှောင်ကွင်း သွင်းနေရသည်။ တကယ်ကတော့ Cisplatin သည် ဈေးသက်သာပြီး ထိရောက်သော ဆေးထဲတွင် ပါသည်။
လွန်ခဲ့သော နှစ်နှစ်ခန့်က ကျမရဲ့လူနာတဦး ကျောက်ကပ်အဆိပ်ဓာတ်များ တက်တက်လာသဖြင့် ကျောက်ကပ် သမားတော်နှင့် ပြသည်။ တတ်နိုင်သောသူများ ဖြစ်သဖြင့် အိန္ဒိယသွားပြန်ပြတော့ Chemo induced acute renal failure (ကင်ဆာဆေးကြောင့် ကျောက်ကပ် ပျက်ဆီးခြင်း ) ဟု ရောဂါနာမည်တပ်ပြီး ကျောက်ကပ် ၄ ကြိမ်ခန့်ဆေးကာ ပြန်လွှတ် လိုက်သည်။ သိန်းပေါင်းများစွာ ကုန်ခဲ့သည်။ ပြန်လာတော့ သူတို့ မှတ်တမ်းတွေ ကြည့်ပြီး ကျမ အတော် စိတ်မကောင်း ဖြစ်ရသည်။
ကျမသည် အမြဲတမ်း ကျောက်ကပ်အဆိပ်ဓါတ်ကို စစ်ပြီး ဆေးပမာဏကို ထိုဓါတ်နှင့် ချိန်ဆတွက်ချက်ပြီးမှ ပေးတတ်သူ ဖြစ်သည်။ ခုတော့ ကျမက တရားခံဖြစ်ရရှာပြီ။ ကျမ AS လေးရဲ့ စုံစမ်းဖော်ထုတ်မှုဖြင့် တရားခံကိုတွေ့ပါသည်။ သို့ရာ တွင် အိန္ဒိယဆရာဝန်များ ကျမကြောင့်ဖြစ်သည်ဟူသော အမြင်ထင်ခံရပြီး ကိစ္စကိုမူ မဖြေဖျောက်နိုင်တော့ပေ။
ထိုကိစ္စပြီးကတည်းက ကျမတို့ ၂ ယောက်သည် သံသယနှင့် လူနာတွေကို ကြည့်တတ်လာသည်။ မေးတတ်လာသည်။ ဒီနေ့လည်း အနီးအနားမြို့မှ လူနာတဦး မကွေးမှ သမားတော်နှင့်ပြပြီး အစာအိမ်ကင်ဆာဟု ယူဆရသဖြင့် ရန်ကုန်လွှတ် သည်။
ရန်ကုန်တွင် အပြင်ဆေးရုံများတွင် အတော်အသင့်ရွာလည်ပြီး ကုန်ကျပြီး ရန်ကုန်ဆေးရုံကြီး ခွဲစိတ်ဆောင်မှာခွဲကာ ရန်ကုန် ကင်ဆာဌာန အပြတွင် ထိုဌာနမှ အမများက မကွေးမှာ ကင်ဆာအထူးကု ရှိသည်ဆိုမှ ရှိပါက အဲ့မှာပဲ ကုချင် သည်ဆိုကာ ပြန်လွှဲပြီး ကျမထံရောက်လာသည်။
ကျမဆီရောက်လို့ စစ်ဆေးလိုက်တော့ သွေးနီအားကျနေသည်။ ကျောက်ကပ်အဆိပ်ဓာတ်မှာ ပုံမှန်ထက် ၁၃ဆခန့် များ နေသည်။ ဓါတ်ခွဲခန်းက စက်များမှားသလားဆိုပြီး နောက်စက်တလုံးနဲ့ ပြန်ထပ် စစ်ကြည့်တော့လည်း ထိုအတိုင်းပင်။ ကျမကလည်း အရင် ရန်ကုန်က စစ်ချက်များ တခုချင်းပြန်ရှာတော့ အစကတည်းက နည်းနည်းတော့ များနေသည်။ ဒါပေမဲ့ upper limit ကျော်ရုံသာ။ ဒီလောက်ထိမများသေး။
ဒါနဲ့ပဲ “ဆေးရုံလာတက်ရမယ်။ စစ်ဆေးစရာ ထပ်စစ်ပြီး ကျောက်ကပ်သမားတော် ပြရမယ်။ ကျောက်ကပ် ပျက်သွားနိုင် တယ်။ ကင်ဆာဆေးသွင်းတာ ခဏထားဦး” စသဖြင့် ဆေးရုံတက်ရန်မနည်း မဲဆွယ်ရသည်။
ဆေးရုံရောက်တော့ ကျမ AS လေးတွေက သေချာမေးတော့မှ ရန်ကုန်က ပြန်လာပြီး ကျမဆီ လာမပြပဲ ၂လခန့် သမြားနီ တနေ့ အလုံး ၃၀ သဘောၤရွက်ထောင်း၊ ပန်းသီးနှင့် မုန်လာဥနီကို အစိမ်းလိုက် ကျိတ်ဖျော်ပြီး နေ့စဉ်သောက်ပါသည်တဲ့။ ဒါနဲ့ ကျမတို့က မင်းဂွတ်သီး အခွံကျိတ်သောက်တာ ကျန်သေးတယ်။ ကမ်းဇော်ဆီလေးပါ ထည့်လိုက်ဦး ဒူးရင်းသြဇာရွက် ကလေး အုံပါလားမစုံပဲ ဖြစ်နေဦးမယ်ဟု ငေါ့ပြောရပါသည်။
ဒါကြောင့် ဖေ့ဘွတ်ပေါ် စိတ်ထင်ရာရေးကြသော ဆေးမြီးတို ရေးသူများကိုရော ထိုပို့စ်များကို ရှဲသူများကိုပါ ကျမကတော့ ပြောချင်ပါသည်။ Share တချက် Click တချက်နဲ့ လူမသတ်ကြပါနဲ့။
ကင်ဆာလူနာဆိုတာ ကင်ဆာလို့ အပြောခံရတာနဲ့ သက်ဆိုင်ရာ ဆရာဝန်ပြောသမျှကလွဲပြီး မည်းမည်းမြင်ရာ ဆေးမြီးတို ပိုလန် အစက်ချဆေး ကမ်းဇော်ဆီ စပါးကြီးသည်းခြေ သဘောၤရွက်ထောင်းသောက် စသည်များကို မဆင်မခြင် လုပ်ကြ တော့သည်။
ခုလို ကျောက်ကပ် အသည်း ပျက်စီးပါက ကင်ဆာဆေးလည်း သွင်းမရ ဆိုင်းထားရွှေ့ထားရ ။ အဆင်မသင့်ပါက ကျောက်ကပ် ဆေးရသည်အထိ ဖြစ်ရပါသည်။ ကင်ဆာဆေး ဆိုင်းငံ့ထားလို့ ရောဂါက ပိုတိုးလာ၊ ကျောက်ကပ် ဆေးရလို့ လူနာရော နိုင်ငံတော်ရော ကုန်ကျစရိတ် ပိုရသည်မှာ ရင်နာစရာ ကောင်းလှသည်။
ကင်ဆာလူနာနှင့် လူနာရှင်များကိုလည်း စိတ်ထင်ရာ မစမ်းကြဖို့မှာချင်ပါသည်။ သစ်ဥ သစ်ဖု သစ်ရွက်ဆို ဘေးမဖြစ်ဟု မထင်ကြပါနဲ့။
ဖေ့ဘွတ် သုံးသူများ ကင်ဆာလူနာများကို ညှာတာပြီး ဆေးမြီးတို ရှယ်ရန် လက်တွန့်ကြပါရှင်။
ဒေါက်တာသော်တာပပထွန်း