ပြည်သူကို အထင်သေးခဲ့လို့ အဆုံးသတ်မလှဖြစ်သွားတဲ့ တူရကီ စစ်အာဏာသိမ်းမှု (သင်ခန်းစာ ယူနိုင်ကြပါစေ)

ပြည်သူကို အထင်သေးခဲ့လို့ အဆုံးသတ်မလှဖြစ်သွားတဲ့ တူရကီ စစ်အာဏာသိမ်းမှု (သင်ခန်းစာ ယူနိုင်ကြပါစေ)

၂၀၁၆ ဇူလိုင် ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် တူရကီ နိုင်ငံ၌ စစ်တပ်က လက်ရှိအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းရန် အားထုတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါကိစ္စသည် ကမ္ဘာ့မီဒီယာများသို့ ခေါင်းကြီးသတင်းအဖြစ် လျင်လျင် မြန်မြန် ပျံ့နှံ့သွားသည်။ တစ်ကမ္ဘာလုံးက တူရကီအရေးအခင်းကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ပြီး နောက်ဆုံးတွင် သမ္မတ ယီဆက်ပ်တေရစ်အာဒိုဂန်က အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ပြီဟု ကြေညာခဲ့သည်။

တူရကီပြည်သူများက အန်ကာရာ၊ အစ္စတန်ဘူလ် နှင့် အခြားသော မြို့ကြီးများထဲ ဝင်ရောက်လာသည့် တပ်ဖွဲ့များ၊ တင့်ကားကြီးများကို ပိတ်ဆို့ထားခဲ့ပြီး အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒပြခဲ့ကြသည်။

အာဒိုဂန် ခရီးထွက်နေချိန်တွင် နိုင်ငံကို ကြားဖြတ်ထိန်းချုပ်ရန် ရည်ရွယ်ခဲ့သည့် တူရကီ စစ်တပ်သည် နောက်ဆုံး၌ ၎င်းတို့၏ အစီအစဉ်ကို စွန့်လွှတ်လိုက်ရသည်။ တူရကီနိုင်ငံအတွင်း လက်ရှိအစိုးရကို ထောက်ခံသည့်ပြည်သူများနှင့် မြို့ကြီးများထဲ ချီ တက်လာသည့် စစ်သားများ ထိပ်တိုက်တွေ့ရာမှ ထိခိုက်စေသည့် အရေးအခင်းများ ပေါ်ပေါက်လာသည်။ အကျိုးဆက်အနေဖြင့် အရပ်သား ၁၁၉ ဦး အပါအဝင် ၂၉၀ ကျော် သေဆုံးကာ လူပေါင်း ၁,၅၀၀ မျှ ဒဏ်ရာရရှိခဲ့သည်။

အာဒိုဂန်က အာဏာသိမ်းယူမှု သတင်းကို ကြားသိရသည်နှင့် အစ္စတန်ဘူလ်သို့ လေကြောင်းမှ အလျင်အမြန်ရောက်ရှိလာသည်။ ပြဿနာများ စတင်သည်နှင့် ၎င်းက နိုင်ငံသားများကို ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောခဲ့သည်။ “ခင်ဗျားတို့ လမ်းပေါ် ထွက်ကြပါ။ ခင်ဗျားတို့ကိုယ်တိုင် မဲပေး ရွေးချယ်ထားတဲ့ အစိုးရကို ကာကွယ်ပေးကြပါ။ ပြည်သူလူထုရဲ့ ညီညွတ်မှုထက်ပိုပြီး အားကောင်းတဲ့ စွမ်းအားမျိုး ရှိလိမ့်မယ်လို့ ကျွန်တော် မယုံကြည်ဘူး” ဟု ၎င်းက တိုက်တွန်းခဲ့သည်။

အမှန်တကယ်လည်း တူရကီသမ္မတအာဒိုဂန်ကို ထောက်ခံသူများက လမ်းများပေါ် ထွက်လာကာ စစ်သားများကို တားဆီးသည်။ တင့်ကားများရှေ့ မတ်တတ်ရပ်ပိတ်ဆို့နေသည့် ပြည်သူများ၏ ဓာတ်ပုံများသည် မအောင်မြင်သော အာဏာသိမ်းမှု၏ သမိုင်းဝင်မှတ်တိုင်များ ဖြစ်လာသည်။ နောက်ဆုံးတွင် တူရကီ အစိုးရက အခြေအနေကို ပြန်လည်ထိန်းသိမ်းပြီး နိုင်ငံ အာဏာကို လက်ဝယ်တည်တံ့စေခဲ့သည်။

တူရကီစစ်တပ်သည် ၁၉၆၀၊ ၁၉၇၁၊ ၁၉၈၀၊ ၁၉၉၃ နှင့် ၁၉၉၇ တို့တွင် နိုင်ငံရေးနယ်ပယ်၌ ဝင်ရောက် စွက်ဖက်မှုများ ရှိခဲ့ဖူးပြီး ရလဒ်များမှာ အမျိုးမျိုးထွက်ပေါ်ခဲ့သည်။

တူရကီသည် စစ်တပ်အုပ်ချုပ်မှုကို ခံရသည့် သမိုင်းကြောင်းမျိုး ဖြတ်သန်းခဲ့ဖူးရာ ပြည်သူအများစုက ထိုခေတ်မျိုးသို့ ပြန်သွားရန် မလိုလားကြချေ။ အာဒိုဂန်အနေဖြင့် ၎င်း၏ လုပ်ထုံးလုပ်နည်း ပိုင်းအတွက် ဝေဖန်မှုများစွာ ရင်ဆိုင်ခဲ့ရသည့်တိုင် ယခုအာဏာ သိမ်းမှုကို ရှင်သန် ဖြတ်ကျော်နိုင်ခဲ့ခြင်းမှာ ထိုအချက်နှင့်လည်း သက်ဆိုင်သည်။ အာဒိုဂန်ကို မလိုလားသော၊ မနှစ်သက်သော အတိုက်အခံသဘောထားရှိသည့် ပြည်သူအများအပြားပါ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်ထားသော အစိုးရကို ကာကွယ်ရန် လမ်းပေါ်ထွက်လာကြသည်။

အာဏာသိမ်းသည့် အင်အားစုသည် ထိုအခြေအနေကို လိုသည်ထက် လျှော့တွက်မိခြင်းကြောင့် ပေးဆပ်မှု ကြီးမားသွားခြင်းဖြစ်သည်။ အာဏာသိမ်းရန်ကြိုးစားခဲ့ကြသော စစ်ဘက်အရာရှိ ၁၄၀ ဦး ထောင်ဒါဏ်တစ်သက် ချမှတ်ခံခဲ့လိုက်ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page