ထောင် (၃) နှစ်ချမှတ်ခံလိုက်ရတဲ့ သက်တော်စောင့် ချယ်ရီထက်ရဲ့ စွမ်းဆောင်ရည်များ
သူမအမည် ချယ်ရီထက်။ လူထုခေါင်းဆောင်အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့အနီးကပ် သက်တော်စောင့် ရဲမေ ချယ်ရီထက် ကိုက် ၅၀ အတွင်းက ပစ်မှတ်ကို ၉၉%ထိအောင်ပစ်နိုင်သူ။
ဒီခလေးမကို စောင့်ကြည့်နေတာ အမေ့နားမှာ ကိုလင်းလင်းမရှိတဲ့အချိန်ထဲကပဲ။ စစ်အာဏာရှင်တွေမွေးထုတ်ပေးလိုက်တဲ့ အထူးတပ်ဖွဲ့ထဲကမို့ အမေ့နားရောက်တော့ ပိုလို့သတိထားစောင့်ကြည့်မိတယ်။
အမေ့နားမှာ တစ်စစနဲ့ ပြည်သူတွေသိလာကြ ချီးကျူးလာကြပေမယ့် မယုံရဲတဲ့စိတ်နဲ့ပဲ ကိုယ့်မှာ မချီးကျူးရဲခဲ့ဘူး။
ခုတော့ ဒေါ်လဲ့လဲ့မော်နဲ့ကိစ္စမှာ ဒီခလေးမလေးကို အပြစ်ပြောတဲ့သူတွေ တွေ့လာရတော့ မြင်သလောက်လေး ဒီခလေးမဘက်က ရပ်တည်ပေးချင်လာမိတယ်။
အမေသွားတဲ့ ခရီးစဉ်တိုင်း ဘယ်ဝန်ကြီးချုပ်မှ လေယာဉ်ပေါ်အထိ တက်ကြိုတာ မတွေ့ခဲ့ရဘူးသလိုပဲ။ မမြင်လိုက်မိတာလည်းဖြစ်မှာပါ။
အပြစ်ကို ဖုံးကွယ်ချင်လို့ ဖားတဲ့အနေနဲ့ ဝန်ကြီးချုပ်ပဲ လေယာဉ်ပေါ်ထိ တက်ချင်သလို တက်မယ်၊ ဆင်းချင်သလိုဆင်းမယ်ဆိုပြီး လုံခြုံရေးချိုးဖောက်ရလောက်တဲ့အထိ ဖြစ်လာတော့ ဒီခလေးမ အမြင်ကတ်သွားပုံရပါတယ်။
အမေ့နားမှာ နေသူမို့ အမေ့စိတ်ကို သိနေသူမို့ ဒီလိုအလုပ်တွေကို အမေမကြိုက်မှန်းသိနေသူဆိုတော့ မျက်နှာအမူအရာကအစ လူပြောစရာဖြစ်သွားခဲ့ရတယ်။
ကျွန်တော်ကတော့ ရှင်းတယ်။ ဒေါ်လဲ့လဲ့မော်ကို နောက်က မဲ့ပြရုံမကလို့ လှေကားကပါ ကန်ချခဲ့ရင်တောင် ဒီခလေးမကို အပြစ်မြင်မိမှာမဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ ဒီခလေးမ အမေ့ပေါ်ထားတဲ့စိတ်ထားဟာ တာဝန်ဆိုတာထက် အမေ့ပေါ်ထားတဲ့ နွေးထွေးတဲ့ မေတ္တာတရားကို မြင်နေမိလို့ပဲ။
ကျွန်တော်တို့တွေ အမေ့အတွက် ခရီးစဉ်တိုင်းမှာစိတ်ပူတာထက် ဒီခလေးမကပိုတယ်။ကျွန်တော်တို့တွေ အမေ့ရဲ့ကျန်းမာရေး မကောင်းဖြစ်မှာကို စိုးရိမ်တာထက် ဒီခလေးမက ပိုစိုးရိမ်တယ်။
ဘာလို့ပြောလည်းဆိုတော့ အမေ့ခရီးစဉ်တိုင်းမှာ ဒီခလေးမ အမေ့အပေါ်ပြုစုစောင့်ရှောက်တဲ့ပုံလေးတွေ တက်လာတာကြောင့်ပဲ။ အပေါ်ယံလားဆိုပြီး ပုံလေးတွေကို သေချာကြည့်မိပြန်တော့ ရင်ထဲကလာတဲ့ အမေ့အပေါ်ထားတဲ့ နွေးထွေးတဲ့ မေတ္တာဆိုတာကို တွေ့လိုက်ရတယ်။
အမေနေပူတဲ့အခါ ကိုယ်နဲ့ကွယ်ပေးတာတွေ၊ ခမောက်လေးတွေယူပြီး အကာအကွယ်ပေးတာတွေ၊ ခန္ဓာကိုယ်နဲ့ အမေ့ခုံလေး လဲသွားမှာကို တွန်းအားပေးထားတာတွေ၊ လှေကားထစ်တွေတက်တိုင်း အမေ့ခြေလှမ်းယိုင်လဲသွားမှာစိုးလို့ မျက်စိဒေါက်ထောက်ကြည့်နေတာတွေ၊
ရေဆိုရေ မီးဆိုမီး အမေတောင်းစရာမလိုအောင် အလိုက်တသိ အရံသင့်အနားက လုပ်ပေးနေတာတွေက ကိုယ်ရံတော်ဆိုတာထက် ပိုတယ်။တနည်းပြောရရင် ကျွန်တော်တို့ အမေ့ကိုချစ်တယ်ဆိုတာထက် သူကပိုပါတယ်။
ဒါကြောင့် ဒေါ်လဲ့လဲ့မော်ကို မဲ့ပြရုံမကလို့ နောက်က ကန်ချခဲ့ရင်တောင် ကိုယ့်အလုပ်ကိုယ်မလုပ်လို့ အနေအထိုင်မတက်လို့ ကန်ချခံရတာလို့ပဲ မြင်မိမှာ။
ဒီခလေးမလေးကိုတော့ အပြစ်မြင်မိမှာမဟုတ်ဘူး ဘာကြောင့်လည်းဆိုတော့ အမေ့အပေါ်ထားတဲ့ ဒီခလေးမရဲ့မေတ္တာစေတနာက ကျုပ်တို့ထက်သာလို့ပဲ။ (Aung Ko)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဒုရဲအုပ်ဟောင်းချယ်ရီထက်ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ နဲ့ ထောင်ဒဏ် ၃နှစ် ချမှတ်လိုက်ပြီး ရမည်းသင်ထောင်ကို ပို့လိုက်တယ်လို့ သိရပါတယ်။
ဒုရဲအုပ်ဟောင်း ချယ်ရီထက်ကို ထောင် ၃နှစ်ချလိုက်တာဟာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ နဲ့ ထောင်ချလိုက်တာဖြစ်ပြီး တရားစွဲဆိုခံထားရတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ကို ဆက်လက်ရင်ဆိုင်သွားဖို့ ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဒုရဲအုပ် ချယ်ရီထက်ဟာ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာပါ။