ဒေါ်လာ မတရားသိမ်းဆည်းမှု၊ တန်ဖိုးမဲ့လာတဲ့ ကျပ်ငွေနဲ့ ဇင်ဘာဘွေ စတိုင်ဖြစ်တော့မယ့် မြန်မာ

ဒေါ်လာဈေးက ထပ်တက်ပြန်ပြီ ဘာတွေဖြစ်ဦးမလဲ ဘာလုပ်ကြမလဲ။ ၂၃၀၀ကျော်သွားပြီလို့ သတင်းတွေကြားရပါတယ်။ ဒီထက်ပိုတယ်လို့ ပြောသူတွေလည်း ရှိပါတယ်။ တရားဝင်ဈေးနဲ့ ဈေးကွက်ပေါက်ဈေး ထပ်ကွာသွားပြန်ပြီပေါ့။

အမေရိကန်ဒေါ်လာနဲ့ယှဉ်ရင် တစ်ကမ္ဘာလုံးကငွေကြေးတွေ ယူရိုက အစ ဈေးကျနေပေမယ့် စီးပွားရှင်တို့ မြန်မာကျပ်ငွေကတော့ ဒေါ်လာနဲ့ယှဉ်ရင် ဈေးက အကျဆုံးထဲမှာ ပါပါလိမ့်မယ်။ ကျပ်က အကျဆုံးတောင် ဖြစ်နိုင်တယ်။

အန္တရာယ်များတဲ့အတွက် သတိထားရောင်းဝယ်နေကြပေမယ့် ဈေးကွက်လိုအပ်ချက်အရ ရောင်းနေဝယ်နေကြတာပဲ။ ဝင်ရမှဝင်ရရော အရင်ကလည်း ရောင်းခဲ့ဝယ်ခဲ့ကြတာပဲ။ ဒေါ်လာစုထားသူတွေတော့ အမြတ်ကြမ်းပြီပေါ့။ စုထားသူတွေကလည်း ပညာရှင်ဖြစ်စရာမလိုဘူး မှန်းကြည့်သိတာပဲလေ။

ဒေါ်လာဈေးက ကားဈေးနဲ့မတူဘူး။ ကျန်တဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေကိုပါ သူက ဆွဲတင်သွားတယ်။ မြန်မာမှာသုံးတဲ့ပစ္စည်းတွေက စီးပွားရှင်မီဒီယာတို့နေတဲ့ မြန်မာက ထုတ်တာနည်းနည်း၊ နိုင်ငံခြားကသွင်းရတာများများ။ မရှိမဖြစ်တဲ့ စက်သုံးဆီ ဆေးဝါး တွေက အပြင်ကပဲ သွင်းကြရတာ။

အိန္ဒိယ၊ ထိုင်း၊ ဂျာမနီ ဘယ်နိုင်ငံကပဲ သွင်းသွင်း ဒေါ်လာနဲ့ချေရရင် နင့်ခနဲ ပိုပေးကြရပြီလေ။ မဝယ်ရင်လည်း လည်ပတ်မှုတွေ အကုန်ရပ်ကုန်မှာ။ စက်ရုံတွေမှာ မီးမလာရင် မီးစက်နိုးရတဲ့ဆီ၊ သယ်ယူပို့ဆောင်ရေးမှာသုံးရတဲ့ဆီ၊ လူစားတဲ့ဆီ စက်စားတဲ့ဆီ၊ ပလတ်စတစ်ပစ္စည်းတွေထုတ်တဲ့ကော်စေ့၊ ကျန်းမာရေးအတွက် ဆေးဝါး အို လက်ညှိုးထိုးမလွဲတဲ့ပစ္စည်းတွေ အပြင်ကချည်းသွင်းရတာ။

ရွှေဈေးလည်း ဒေါ်လာနဲ့တွက်ရောင်းကြတော့ ဒေါ်လာတက်ရင် ရွှေလည်းပါမှာပဲ။ အရင်လို ဆိုင်တွေမှာတော့ အတုံးအခဲ အပိုင်းတွေ ပေါ်ပေါ်တင်တင် ဝယ်လို့မရတော့ဘူးလည်းသိရတယ်။ ရွှေတုံးဝယ်ချင်သူတွေက အများကြီးဆိုပဲ။

ဘာတွေဖြစ်ကုန်မလဲဆိုတော့ စီးပွားရေးမှာ ကမောက်ကမဖြစ်တာပေါ့၊ မသေချာမရေရာဘူးပေါ့။ ဈေးနှုန်းတွေတက်တာပေါ့။ အရင်က ကျပ်၂၀၀ပေးရတဲ့ဟာ အခု၃၀၀ပေးရမှာပေါ့။ ဝင်ငွေကတော့ ၂၀၀ ကနေ ၃၀၀ မတက်ဘဲ ၂၀၀ မရောက်ရင် ကံကောင်းပေါ့။ ကံမကောင်းတဲ့သူတွေ ဘာဝင်ငွေမှတောင်မရှိတော့ဘူးလေ။

အားလုံးထိတယ် ဟုတ်လား။ ဟုတ်ပါတယ် ဒါပေမယ့် ဆင်းရဲတဲ့သူ ဝင်ငွေမရှိတဲ့သူ ထုံးစံအတိုင်း ပိုထိတာပေါ့။ ချွေးနဲ့ရှာထားရတဲ့ ကျပ်ကလေးတွေက အလိုလိုနေရင်း လက်ထဲကနေ လေတိုက်စားပြီး ပါးပါးလိုက်လာတာပေါ့။

ဒေါ်လာရမယ့် ပို့ကုန်တွေပို့လေ၊ နိုင်ငံခြားငွေရှာမယ့် မြန်မာလုပ်သားတွေ ပတ်စ်ပို့ မြန်မြန်ရအောင်လုပ်ပေးလေ၊ ပြည်တွင်းမှာ လူသုံးကုန်ပစ္စည်းများများထုတ်လေ၊ ရေနံဝယ်ပြီး ဓာတ်ဆီဒီဇယ်ကုန်ချော ဒီမှာပြန်ထုတ်လေ။ အင်း ပြောတာက အမြဲလွယ်ပါတယ်။

အဲတော့ ဘာလုပ်မလဲ။ လျှော့စားကြ လျှော့သုံးကြပေါ့။ ဘယ်မှမသွားကြနဲ့ပေါ့။ ပြည်တွင်းကထုတ်တာပဲ ရွေးစား ရွေးသုံးပေါ့။ ပြည်တွင်းက ထုတ်တာကလည်း ပြည်ပကုန်ကြမ်းနဲ့မှထုတ်လို့ရတာလေ လာမပြောနဲ့၊ ဟုတ်တယ်လေ ပြည်ပကုန်ကြမ်းကလည်း ဒေါ်လာနဲ့ဝယ်ရတာ ဘယ်လိုလုပ်မလဲ။ လျှော့သုံးပေါ့။ ဒေါ်လာနဲ့မဝယ်ရတာသာသုံး။

ဆေးလိုဟာမျိုးက အသက်နဲ့ဆိုင်တယ်လေ လျှော့သုံးလို့မရဘူး။ ဟုတ်တယ်။ ဒါပေမယ့် ငွေမှ မရှိရင် ဘယ်လိုလုပ်မလဲ။ အင်း ဘယ်လိုလုပ်မလဲ။ စီးပွားရှင်မြန်မာတို့ရေ ဘယ်လိုလုပ်မလဲ။ ဒေါ်လာရမယ့် ပို့ကုန်တွေပို့၊ နိုင်ငံခြားငွေရှာမယ့် မြန်မာလုပ်သားတွေ ပတ်စ်ပို့ မြန်မြန်ရအောင်လုပ်ပေး၊ ပြည်တွင်းမှာ လူသုံးကုန်ပစ္စည်းများများထုတ်၊ ရေနံဝယ်ပြီး ဓာတ်ဆီဒီဇယ်ကုန်ချော ဒီမှာပြန်ထုတ်။ အင်း ဒါလည်း ပြောတာက လွယ်တယ်။(စီးပွားရှင်)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page