သုံးလခံ အလုပ်၊ စက်ရုံလုပ်သားတို့ရဲ့ မျက်ရည်နဲ့ ခေတ်ပျက်ကြီးမှာ စီးပွားဖြစ်ချင်နေတဲ့ စက်ရုံသူဌေးများ

အထည်ချုပ်စက်ရုံမှ လုပ်သားအများအပြား အကြောင်းမဲ့အလုပ်ထုတ်ခံရမှုများနှင့် ဆက်တိုက်ကြုံတွေ့နေရကြောင်း ကာယကံရှင် အလုပ်သမားများနှင့် အလုပ်သမားအဖွဲ့များထံမှ သတင်းရရှိပါတယ်။

ယင်းသို့ အကြောင်းမဲ့အလုပ်ထုတ်ပြီးနောက် နောက်ထပ် လုပ်သားအသစ်ခေါ်ယူရာတွင်လည်း တစ်ရက်လုပ်အားခ ကျပ် ၄၈၀၀ ထက်နည်းသောနှုန်းဖြင့် လုပ် ကိုင်နိုင်သူကိုသာ ဦးစားပေးခေါ်ယူနေကြောင်း အလုပ်သမားတချို့က ပြောပါတယ်။

“ကျွန်တော်တို့စက်ရုံမှာ သုံးလပြည့် ဝန်ထမ်းတွေသာမက လခစားဝန်ထမ်းတွေကိုလည်း အကြောင်းမဲ့အလုပ် ထုတ်တယ်၊ နောက်ထပ်စျေးသက်သက်သာသာနဲ့ ခိုင်းနိုင်မယ့် နေ့စားဝန်ထမ်းတွေ အစားထိုးခန့်တယ်” ဟု ရွှေ ပြည်သာစက်မှုဇုန်ရှိ မြန်မာဟိုင်းရှိုင်းအထည်ချုပ်စက်ရုံ လုပ်သားတစ်ဦးက ပြောပါတယ်။

ထို့ပြင် အထည်ချုပ်စက်ရုံအများစုမှာ အစမ်းခန့်အဖြစ် သုံးလခိုင်းစေပြီးနောက် လခစားဝန်ထမ်းအဖြစ် ပြောင်းလဲခန့်ထားရမည့်အစား အကြောင်းမဲ့အလုပ် ထုတ်မှုများပြုလုပ်နေကြောင်း သိရပါတယ်။

အလုပ်သမားဥပဒေတွင် အစမ်းခန့်သုံးလပြည့်ပြီးပါက လခစားဝန်ထမ်းအဖြစ်ခန့်ရမည်ဟု မပြဌာန်းထားသည့်အတွက် အလုပ်ရှင်များက ယင်းအချက်ကို အသုံးချနေကြောင်း စက်ရုံလုပ်သားများက မှတ်ချက်ပြုပါတယ်။

“အရင်က သုံးလအစမ်းခန့်ပြီးတာနဲ့ လခစားတန်းခန့်ပြီး အခုနောက်ပိုင်း အစမ်းခန့်တွေရဲ့ လုပ်အားကို ခေါင်းပုံဖြတ်နေကြတာ၊ တစ်လထဲကို အလုပ်ထုတ်ခံရတဲ့ အလုပ်သမား နှစ်ဆယ်ကျော်ပြီ။ အဲဒီလူတွေနေရာမှာ နောက်ထပ်နေ့စားတွေ ထပ်ခန့်တယ်”ဟု လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှ အထည်ချုပ်စက်ရုံ လုပ်သားတစ်ဦးကလည်း ပြောပါတယ်။

အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်၍ အလုပ်သမားရုံးများက လျစ်လျူ ရှုထားကြောင်း အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူများက ထောက်ပြပြောဆိုပါတယ်။

“အလုပ်သမားဥပဒေဆိုတာတွေလည်း ဒီအချိန်မှာမရှိတော့သလိုဖြစ်နေပြီ။ အလုပ်သမားတွေ နစ်နာမှု အရမ်းဆိုး နေတယ်။ ကူညီဆောင်ရွက်ပေးမယ့် သမဂ္ဂတွေလည်း စစ်ကောင်စီရန်က ရှောင်နေရတဲ့အတွက် ထိထိရောက် ရောက် ကူညီပေးဖို့ခက်နေတယ်” ဟု မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကလည်း မှတ်ချက်ပြုပါတယ်။

စကစက စစ်အာဏာသိမ်းပြီးနောက်မှာ နိုင်ငံတစ်ဝန်း အထည်ချုပ်စက်ရုံလုပ်သား တစ်သိန်းခွဲခန့် အလုပ်မှထုတ်ပယ် ခံထားရကြောင်း အပြည်ပြည်ဆိုင်အလုပ်သမားရေးရာအဖွဲ့ (ILO) ကလည်း မေလမှာ ထုတ်ပြန်ထားပါတယ်။

မြန်မာ့စီးပွားရေး ပြိုလဲမှုကြောင့် အလုပ်အကိုင် အသစ်များ ရှားပါးလာပြီး ပြည်သူများအနေနဲ့ ဝင်ငွေနဲ့ ထွက်ငွေ အချိုးအစား အလွန်ကွာဟတဲ့ အနေအထားနဲ့ ကြုံတွေ့နေရပါတယ်။ အဲဒါကြောင့် သတ်မှတ်ထားတဲ့ တနေ့တာ လုပ်အားခအောက်ကို လျှော့ပေးလည်း လုပ်မယ့်သူတွေ ရှိလာတဲ့အတွက်ကြောင့် အမြဲတမ်းဝန်ထမ်း မခန့်ဘဲ အစမ်းခန့်သာ ခန့်ထားပြီး အလုပ်ထုတ်ပစ်နေတာ ဖြစ်တယ်လို့ စက်ရုံလုပ်သား တဦးက ပြောပါတယ်။

ကုန်ဈေးနှုန်းတွေ အဆမတန် တက်လာပေမယ့်လည်း လုပ်ခလစာတွေ မတက်လာတဲ့အပြင် ရှိပြီးသား အလုပ်တွေပါ အထုတ်ခံနေရတဲ့ အခြေခံလူတန်းစား ပြည်သူတွေကတော့ ဆင်းရဲတွင်း နက်သထက် နက်နေဦးမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page