သင်္ဘောသား လစာဒေါ်လာတွေကို ယူလည်း ယူချင်တယ်၊ မယူလည်း မယူချင်ဘူး ဖြစ်နေတဲ့ ဗဟိုဘဏ်

နိုင်ငံခြားငွေနဲ့ ရရှိတဲ့ လစာတွေကို နိုင်ငံအတွင်းကို လွှဲပြောင်းပေးအပ်ခြင်း မလုပ်ဘူးဆိုရင် သင်္ဘောလိုက်ခွင့် ကန့်သတ်မယ်ဆိုတဲ့ ပြောဆိုချက်က မှားယွင်းနေတယ်လို့ စကစ လက်အောက်ခံ ဗဟိုဘဏ်ဥက္ကဋ္ဌရုံး တာဝန်ရှိသူက ပြန်လည်ဖြေရှင်းပါတယ်။

“ပြည်ပရောက် သင်္ဘောသားလစာငွေ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားချက်တွေက အရင်အတိုင်းပါပဲ။ ဘာမှပြောင်းလဲခြင်း မရှိပါဘူး။ ထပ်မံထုတ်ပြန်တာလည်း မရှိပါဘူး’’လို့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်က ပြောပါတယ်။

ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်စာမျက်နှာမှာ သင်္ဘေသားတွေအနေနဲ့ လစာငွေ မလွှဲဘူးဆိုရင် သင်္ဘောလိုက်ခွင့် ထိန်းချုပ်ကန့်သတ်မှုတွေ လုပ်ဆောင်သွားဖို့နဲ့ လစာငွေတွေ ပြန်လွှဲရမယ်ဆိုတဲ့ ခံဝန်ချက် လက်မှတ်ရေးထိုးရမယ်ဆိုတာတွေက သင်္ဘောသားမိသားစု အသိုင်းအဝိုင်းမှာ ပြန့်နှံ့ခဲ့တာပါ။

“အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့လည်း တောက်လျှောက် စောင့်ကြည့်နေပါတယ်။ အခုရက်ပိုင်း ပျံ့နှံ့နေတဲ့ သတင်းတွေက သိသာလွန်းတဲ့ သတင်းမှားတွေပါ”လို့ ဦးအောင်အောင်က ပြောကြားပါတယ်။

ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF) ရဲ့ ထုတ်ပြန်ချက်မှာ သင်္ဘောသား အလုပ်အကိုင် အေးဂျင့်တချို့က နားလည်မူ အားနည်းတဲ့ သင်္ဘောသားနဲ့ မိသားစုတွေကို ဗဟိုဘဏ်ညွန်ကြားချက်အရ (၁) ဒေါ်လာ ၂၁၀၀ ကျပ်နဲ့သာ လဲလှယ်ပေးမယ့် သတင်းများ သင်္ဘောသားတွေအကြား ဖြစ်ပေါ်နေတယ်လို့ ဖော်ပြထားပါတယ်။

“လက်ရှိအချိန်မှာ တစ်ဒေါ်လာလျှင် ကျပ် ၂၉၀၀ နှင့် ၃၃၀၀ ကျပ်အကြား ငွေလဲလှယ်နှုန်းရှိချိန်တွင် ၂၁၀၀ ကျပ်နှုန်းဖြင့် လဲလှယ်ပေးနေခြင်းသည် MLC 2006, ILO, ITF နှင့် နိုင်ငံတော်မှ ပြဌာန်းထားသည့် လုပ်ခလစာအား အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်ကိုယ်စားလှယ်မှ ဖြတ်တောက်ရယူခြင်း မပြုရဆိုသည့် အချက်အား ပြောင်ပြောင်တင်းတင်း ဖောက်ဖျက်နေခြင်းဖြစ်သည်” လို့ ထုတ်ပြန်ပြောဆိုပါတယ်။

ဗဟိုဘဏ်ဥက္ကဋ္ဌရုံးကတော့ ကောလာဟလတွေနဲ့ ပတ်သက်ပြီး ‘ဘဏ်လမ်းကြောင်းကနေပြီးတော့ ဝင်ရောက်သုံးစွဲလာဖို့အတွက်ကိုပဲ ကျွန်တော်တို့က တွန်းအားပေးနေတာပဲရှိပါတယ်။ အတင်းအဓမ္မ ဖြစ်ရမယ်ဆိုနေတာ ဘာမှမရှိပါဘူး’လို့ ဖြေရှင်းချက်ပေးထားပါတယ်။ ဒါပေမယ့်လည်း သင်္ဘောသား လောကမှာတော့ လက်ရှိအချိန်မှာ ဂယက်အကြီးအကျယ် ထလျက်ရှိပြီး ဒေါ်လာဈေးများ ရုတ်တရက် ကျဆင်းမှုဟာ အဆိုပါ ကြေညာချက်ကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page