ပြောမှ ထလုပ်တဲ့ ရန်ကုန်တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေနဲ့ တိရစ္ဆာန်လေးတွေရဲ့ စိတ်ဆင်းရဲစရာ အခြေအနေ

လူမှုကွန်ရက်ပေါ်မှာ လတ်တလော လူပြောများနေတဲ့ အကြောင်းအရာကတော့ ရန်ကုန်တိရစ္ဆာန်ရုံထဲက ခြေထောက်ဒဏ်ရာရနေတဲ့ ဒရယ်လေးရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ မြင်ရသူတိုင်း စိတ်မချမ်းမြေ့စရာ ဖြစ်ရတဲ့ ဒရယ်လေးဟာ အခုချိန်မှာ အသက်ရှင်လျက် ရှိ၊ မရှိ စုံစမ်းလို့ မရအောင် တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေက ဖုံးကွယ်ထားပါတယ်။

အဆိုပါအကြောင်းအရာကို လူပြောများလာတဲ့နောက်မှာ တိရစ္ဆာန်ရုံပေ့ကနေ ဒရယ်လေးတွေကို ဆေးကု ပေးနေတဲ့အကြောင်း တင်ထားတာကို တွေ့ရပါတယ်။ ဒရယ်တွေရဲ့ သဘာဝအရ မီးဖွားချိန်နဲ့ မိတ်လိုက်ချိန်တွေမှာ ထိခိုက်မိတယ်ဆိုတဲ့အကြောင်း၊ တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေက “နာမကျန်းတိရစ္ဆာန်ဆေးကုသဆောင်” မှာ ထားရှိကုသပေးနေတဲ့အကြောင်းတွေကို ရှင်းပြထားပါတယ်။

လူမှုကွန်ရက် သုံးစွဲသူတွေကတော့ ယခုလို ဆိုးဆိုးဝါးဝါးတွေ ဖြစ်ကုန်တာဟာ တာဝန်ရှိသူတွေရဲ့ ဂရုမစိုက်မှုကြောင့်လို့ ဝေဖန်နေကြပါတယ်။ နိုင်ငံတကာ တိရစ္ဆာန်ရုံတွေနဲ့ နှိုင်းယှဉ်ရင် ဧရိယာကျဉ်းမြောင်းတဲ့ ရန်ကုန်တိရစ္ဆာန်ရုံအနေနဲ့ တိရစ္ဆာန်တွေကို ပစ်စလက်ခတ် ထားတဲ့ နေရာမှာ နာမည်ကြီးနေပါတယ်။

ရန်ကုန်တိရစ္ဆာန်ရုံကို ထူးကုမ္ပဏီက တာဝန်ယူထားပြီး ဝင်ကြေး လူတယောက် ၅၀၀၀ ကောက်ခံနေတာ ဖြစ်ပါတယ်။ တိရစ္ဆာန်ရုံ သွားတဲ့သူတိုင်း ပိန်လှီနေတဲ့ တိရစ္ဆာန်တွေကိုပဲ တွေ့ရတာကြောင့် အပန်းမပြေဘဲ စိတ်မချမ်းသာစရာတွေပဲ တွေ့နေရတယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်ရပ်တွေကို မျက်မြင်တွေ့တဲ့သူတွေက လူမှုကွန်ရက်ပေါ်မှာ တင်လေ့ ရှိပေမယ့်လည်း တာဝန်ရှိသူတွေက ပြုပြင်မှု မရှိဘဲ တိရစ္ဆာန်တွေကို ဂရုမစိုက်ဘဲ ထားမြဲထားနေတယ်လို့ ပြည်သူတွေက ဝေဖန်နေကြတာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ၅ လပိုင်းတုန်းက ရန်ကုန်တိရစ္ဆာန်ရုံကို သွားရောက်ခဲ့သူတဦးရဲ့ ကိုယ်တွေ့ အတွေ့အကြုံကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

မရောက်တာ ၁၀နှစ်လောက်ကြာပြီဖြစ်တဲ့ တိရစ္ဆာန်ရုံကို ရောက်တော့ ငယ်ငယ်က မှတ်ဉာဏ်ထဲမှာရှိခဲ့တဲ့ ပြည့်ပြည့်ဖြိုးဖြိုး ကလေးတွေက အခြေအနေအမျိုးမျိုးကြောင့် အစာရေစာ ဝဝလင်လင် မစားရဘူးထင်ပါရဲ့။

သမင်လေးတွေက တခါအကောင်ပေါက်ရင် အနည်းဆုံး ၈ ကောင်ပေါက်တယ်တဲ့။ အဲဒီတော့ တရုံလုံးမှာ အကောင်အရေအတွက် အများဆုံးပဲ ပိန်ပိန်သေးသေးလေးတွေချည်းပဲ။ ဆင်လေးတွေဆို တအား လိမ္မာတာပဲ။ ကျားကိုကြည့်ပြန်တော့လဲ ပိန်ပိန်ပါးပါးလေး၊ အသက်ကြီးလို့လား ဘာလားမသိဘူးပေါ့ စစချင်းက ဒါပေမယ့် အကုန်လုံးက ပိန်လှီနေတာ။

ရေမြင်းကြည့်မလား၊ ဝက်ဝံကြည့်မလား သူတို့သဘာဝကို နားမလည်ပေမယ့် ကလေးတွေရဲ့ ရုပ်လေးတွေက သိမ်ငယ်နေသလို စိတ်ထိခိုက်နေသလိုနဲ့ အစားတခုခုလှမ်းကျွေးတိုင်း သူတို့မျက်လုံးလေးတွေက ထပ်ကျွေးပါဦးလိူ့ ပြောနေသလိုပဲ။

ဟိုးအရင်ကတော့ ၃သိန်းဆို တစ်ရုံလုံး အဝကျွေးလို့ ရတယ်တော့ ကြားဖူးတယ်။ တကယ်ဟုတ်မဟုတ်တော့မသိဘူး။ အဲဒီနေ့က ငှက်ပျောသီးအသေးလေး သုံးဖီးကို ၂၀၀၀ ပဲပေးရတယ်။ တကယ်လို့များ ဒီလိုချိန်သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်အပြင်သွားဖြစ်ရင် ကလေးတွေဆီလဲသွားပြီး အစာကျွေးပေးကြပါ။ နောက်တခါထပ်လာခဲ့ပါဦးလို့ ပြောနေသယောင် သူတို့မျက်လုံးလေးတွေကို အခုထိမမေ့သေးဘူး (Kinoko Kirishima)

လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ကြည့်ရင် ရန်ကုန်တိရစ္ဆာန်ရုံထဲက တိရစ္ဆာန်လေးတွေဟာ အစာ ဝဝလင်လင် မစားရခြင်း၊ ပိတ်လှောင်မှုကို အကြာကြီး ခံရခြင်း၊ ရေမြေသဘာဝနဲ့ မညီတဲ့ နေရာမှာ နေရခြင်းတို့ကြောင့် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်နေတာ အသေအချာပဲ ဖြစ်ပါတယ်။

ဝင်ကြေးကို မြင့်မားစွာ ယူထားပေမယ့် တိရစ္ဆာန်တွေကို ပစ်စလက်ခတ်ထားတဲ့ တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး ပြုပြင် ဆောင်ရွက်သင့်ပါပြီ။ တိရစ္ဆာန်ချစ်သူတွေအနေနဲ့လည်း ဖိအားပေးဖို့ လိုအပ်ပါတယ်။ တဦးတယောက်ချင်းထက် အဖွဲ့အစည်းနဲ့ တရားဝင်သဘော ဖိအားပေးတာက ပိုအကျိုးရှိနိုင်ပါတယ်။ အဲဒါမှသာ စိတ်ဓာတ်ကျနေတဲ့ တိရစ္ဆာန်လေးတွေရဲ့ ဘဝ သာယာစိုပြေနိုင်မှာ ဖြစ်တဲ့အကြောင်း ဖော်ပြလိုက်ရပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page