မြနန်းနွယ် မွေးနေ့ပွဲ၊ ဘရသေ့ထွက်ပွဲနှင့် လူငယ်တွေ ဘာသာမဲ့ ဖြစ်လာတဲ့ အကြောင်းရင်း

မြနန်းနွယ် မွေးနေ့ပွဲ၊ ဘရသေ့ထွက်ပွဲနှင့် လူငယ်တွေ ဘာသာမဲ့ ဖြစ်လာတဲ့ အကြောင်းရင်း

ဘယ်ဘာသာဝင်လဲလို့ မေးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓဘာသာပါလို့ ဖြေပါတယ်။ ဒါပေမယ့် ကျွန်တော်က ရှေးရိုးစွဲတော့မဟုတ်ဘူးလို့ နောက်ဆက်တွဲထပ်ဖြေရတယ်။ ဒီလိုဖြေရတာ ဗုဒ္ဓကို အားနာလှတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်အမည်ခံတွေရဲ့ လုပ်ရပ်တွေအရတော့ ကိုယ်လည်းအဲဒီလိုအိုင်ကျူနိမ့် အုပ်စုဝင်လို့အထင်မခံရအောင် ကာပြောရတာပဲ။

မြနန်းနွယ်မွေးနေ့ဆိုပြီး မက်စ်မတပ်ထားတဲ့လူအုပ်စုလိုက်ကြီးနဲ့ သူ့ဘာသာနေနေတဲ့ မြွေကို ဝိုင်းညှင်းပန်းနေကြတဲ့ပုံတွေကိုတွေ့တယ်။ အဲဒီအိုင်ကျူနိမ့်အုပ်စုက ဗုဒ္ဓဘာသာလို့ သူတို့ကိုယ်သူတို့နာမည်တပ်ထားကြသူတွေချည်းပဲ။ မြနန်းနွယ်၊ ဘရသေ့၊ ဘိုးတော် ဘာညာယုံတဲ့သူတွေအကုန်လုံးနီးပါးက ဗုဒ္ဓဘာသာအမည်ခံတွေချည်းပဲ။ အမည်ခံနော် တကယ့်အစစ်အမှန်မဟုတ်ဘူး။ ခရစ်ယာန်ဘိုးတော်ဆိုတာလည်း မကြားဖူးဘူး။ မွတ်ဆလင်ထွက်ရက်ပေါက်ကိုယ်တော်ကြီးဆိုတာလည်းမရှိဘူး။ ဗုဒ္ဓဘာသာဝင်လို့နာမည်တပ်ထားတဲ့ ဉာဏ်နည်းအုပ်စုပဲ ကိုယ့်ဘာသာကိုယ်နာမည်ဖျက်တာ။

ဘာလို့ အဲဒါကိုပဲ ပိုစိတ်မကောင်းဖြစ်ရတာလဲဆိုတော့ လက်ရှိကမ္ဘာ့ကိုးကွယ်သူအများဆုံး ဘာသာတွေထဲမှာ ဗုဒ္ဓဘာသာက ထူးခြားတယ်။ သူက ဆုတောင်းတဲ့အလုပ်ကိုမလုပ်တဲ့ဘာသာ။ ထာဝရဘုရားသခင်၊ အားလုံးထက်ပိုကြီးမြတ်တဲ့ omnipotent superior being ဆိုတာကို ပယ်တဲ့ဘာသာ။ တကယ်တမ်းမှာ ကိုးကွယ်ရာဆိုတာထက်စာရင် လိုက်နာကျင့်သုံးနေထိုင်စရာ လမ်းစဉ်လို့ပြောလို့ရတယ်။ ဘယ်ဘာသာဝင်တွေနဲ့မှ ရန်ဖြစ်စရာမလိုဘူး။ သူ့ဘာသာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျင့်ကြံနေထိုင်လို့ရတဲ့ဘာသာ။

ဗုဒ္ဓဘာသာဝင်ဖြစ်ရတာ ဘာက ဂုဏ်ယူစရာကောင်းလဲဆိုတာ အဲဒီအမည်ခံတာဇံတွေက သိတောင်မသိကြဘူး။ တရားထိုင်ခြင်း (meditation) ဟာ ဗုဒ္ဓကနေအစပြုခဲ့တဲ့ ဗုဒ္ဓဘာသာရဲ့ နည်းလမ်းစစ်စစ်ကြီး။ အခုလက်ရှိ ကမ္ဘာတစ်ခုလုံးမှာ တရားထိုင်ခြင်းရဲ့ အကျိုးကျေးဇူးတွေ၊ ကိုယ်ရောစိတ်ပါ အထောက်အကူပြုတာတွေအကြောင်း နေ့တိုင်းလေ့လာချက်အသစ်တွေထွက်တယ်။ လွန်ခဲ့တဲ့ အနှစ် ၂၅၀၀ လောက်ကတည်းက စတင်ခဲ့တဲ့အရာက သိပ္ပံနည်းကျကမ္ဘာမှာ တန်ဖိုးထားစရာဖြစ်နေပြီ။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်ဆိုသူတွေမှာတော့ အဲဒါရဲ့ အကျိုးကျေးဇူးကို မခံစားကြရရှာဘူး။

ဗုဒ္ဓဘာသာရဲ့ အနှစ်သာရက ကိုယ်တိုင်ကြိုးစားအားထုတ်ခြင်းကို အားပေးတယ်။ မမြင်ရတဲ့ အထက်ပုဂ္ဂိုလ်တွေကို တိုင်တည်ဆုတောင်းတာတွေ ပယ်တယ်၊ ထာဝရဆိုတာတွေကိုပယ်တယ်။ ဒါပေမယ့် အများစု ဒီနိုင်ငံမှာလုပ်ကြတာတွေကတော့ အဲဒါတွေချည်းပဲ။ ဘယ်နေရာမှာ ဗုဒ္ဓဘာသာလမ်းစဉ် အနှစ်သာရတွေကို ရှာတွေ့ရလဲဆိုတော့ အရင်က ဗုဒ္ဓဘာသာလုံးဝမရောက်ခဲ့သေးဘဲ အခုမှ ဘက်စုံဖွံ့ဖြိုးလာပြီး ဗုဒ္ဓဝါဒကိုလေ့လာကြတဲ့နိုင်ငံတွေမှာ သွားတွေ့ရတယ်။

ကျွန်တော်က ဗုဒ္ဓဘာသာဖြစ်ရတာ ဂုဏ်ယူတယ်။ ဒီလောက်လက်တွေ့ကျတဲ့ ဘာသာကို လေ့လာခွင့်ရတာ ကျင့်သုံးခွင့်ရတာ ကံကောင်းတာပဲ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်အညံ့စား ဗုဒ္ဓဘာသာအမည်ခံတွေနဲ့တော့ အတူတူ ဉာဏ်တိမ်အုပ်စုလို့ အကြည့်မခံနိုင်ဘူး။ အခုနောက်ပိုင်းခေတ်လူငယ်တွေ ဘာသာမဲ့ဖြစ်လာကြတာကိုတွေ့ရလိမ့်မယ်။ သိပ္ပံနဲ့ အတွေးအခေါ်အားကောင်းလာတဲ့ခေတ်မှာ ရှေးတုန်းကလို အကြောက်တရားနဲ့ခြိမ်းခြောက်ပြီး သွတ်သွင်းမှုက ဘောင်မဝင်တော့ဘူး။ ကြောက်လည်းမကြောက်ကြတော့ဘူး။ အဲဒီတော့ ဘာသာမဲ့ဖြစ်ကုန်တော့တာပဲ။

တွေးကြည့်ရင် ရယ်စရာကောင်းတာကိုး။ လာပါဦးမယ် ကိုယ်နားမလည် မသိရင်မဖြစ်နိုင်ဘူးပြောမရဘူးတို့ဘာတို့။ ကျွန်တော်တို့ပြောတာရှင်းပါတယ်။ အထောက်အထားက အဓိကပဲ။ အထောက်အထားပြနိုင်ရင် လက်ခံမယ်။ မဟုတ်ဘဲ ငရဲကြီးမယ်နော်ဆိုတာနဲ့တော့ အလုပ်မဖြစ်တော့ဘူး။

တကယ်တမ်းမှာ ဗုဒ္ဓဘာသာဝင်လူငယ်တွေ ဘာသာမဲ့ဖြစ်ကုန်တာက သူတို့နဲ့ထိစပ်တဲ့ အညံ့စားဗုဒ္ဓဘာသာဝင်တွေက အဓိကကျတယ်။ ဒီလောက် unique ဖြစ်တဲ့ဘာသာရဲ့အနှစ်သာရကို လက်ဆင့်မကမ်းနိုင်ဘူး။ ညောင်ဆယ်ပင် အဓိဌာန်ဝင်ပြီး ရဟန္တာဆွမ်းကပ်ရတာနဲ့ အချိန်ကုန်နေတယ်။ မြနန်းနွယ်မွေးနေ့ပွဲကျင်းပပြီး ဘရသေ့ထွက်ပွဲဆင်နွှဲနေကြရတယ်။

ဘာတွေလဲ ဘာလို့လဲ ဘယ်လိုကောင်းတာလဲဆိုတော့လည်း ဘယ်သူမှမသိဘူး။ တကယ်တမ်း အဲဒီလိုအမူအကျင့်နဲ့ ပေါက်ကရဘာသာရေးတွေအတွက် ဘာသာအသစ်တစ်ခုတီထွင်သင့်တယ်။ ခင်ဗျားတို့ပေါက်ကရလုပ်တိုင်း ဗုဒ္ဓဘာသာဟာ နာမည်ပျက်ရှာတယ်။ နှစ် ၂၅၀၀ ကျော်က တရားထိုင်ခြင်းကို စတင်ခဲ့တဲ့ လူသားစစ်စစ် အမှန်တကယ်ရှိခဲ့တဲ့ဗုဒ္ဓကို အားနာစရာကောင်းလှတယ်။

ဒေါက်တာသူရိန်လှိုင်ဝင်း

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page