လွန်ခဲ့သော နှစ်ပေါင်း (၈) သိန်းခန့်က ကျရောက်ခဲ့သော ဥက္ကာခဲနေရာကို ရှာဖွေတွေ့ရှိခြင်း
“လွန်ခဲ့သော နှစ်ပေါင်း (၈) သိန်းခန့်က ကျရောက်ခဲ့သော ဥက္ကာခဲနေရာကို ရှာဖွေတွေ့ရှိခြင်း”
လွန်ခဲ့သော နှစ်ပေါင်း ၇၉၀၀၀၀ ကျော်က ကမ္ဘာမြေပြင်ပေါ်ကို အရွယ်အစား အတန်အသင့် ကြီးမားတဲ့ ဥက္ကာခဲတစ်လုံး ကျရောက်ဖူးခဲ့ပြီး ကမ္ဘာကြီးရဲ့ ၁၀% လောက်ကို ဖုန်မှုန့်နဲ့ ကျောက်စကျောက်နတွေ ဖုံးအုပ်သွားခဲ့ဖူးတယ်လို့ သိပ္ပံပညာရှင်များ သုတေသနပြုလုပ်ထားကြပါတယ်။ အဲ့ဒီ့နေရာဟာ အင်ဒိုချိုင်းနား ကျွန်းစွယ်မှ အန္တာတိကတိုက် အကြားလောက်မှာ ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ နဲ့ ပစိဖိတ်အနောက်ပိုင်းတို့ကို ဖြစ်ပေါ်စေမယ်လို့ မူလက ခန့်မှန်းထားခဲ့ကြပါတယ်။
ယခုအခါမှာတော့ ဘူမိဗေဒ နဲ့ ဓါတုဗေဒ ဓါတ်ခွဲစမ်းသပ်ချက်တွေအရ ဥက္ကာခဲ ကျသွားတဲ့နေရာဟာ ကျနော်တို့ရဲ့ အိမ်နီးချင်း လာအိုနိုင်ငံ တောင်ဘက်ခြမ်းက ဗိုလာဗင် (Bolaven Plateau) ဆိုတဲ့ မီးတောင်ချော်ရည်ဟောင်းများ (တနည်း) မီးသင့်ကျောက်များ ရှိနေတဲ့ နေရာဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဥက္ကာခဲကျရောက်တဲ့ အရှိန်နဲ့ ပြင်းထန်တဲ့ အပူချိန်ကြောင့် ကျောက်သားများဟာ အရည်ပျော်လုမတတ် (သို့မဟုတ်) အရည်ပျော်သွားခဲ့ပြီး ပြန်လည်အေးခဲလာတဲ့အခါမှာတော့ တက်ခ်တိုက် (tektite) လို့ခေါ်တဲ့ ဖန်ကဲ့သို့ ပြောင်ချောချော ကျွတ်ဆတ်ဆတ် ကျောက်တွေ ဖြစ်လာကြပါတယ်။
အဲ့ဒီ့ကျောက်တွေဟာ ကမ္ဘာအနှံမှာ ရှိနိုင်ပေမယ့်.. ဥက္ကာခဲကျသွားတဲ့နေရာ (ချိုင့်ခွက်) ထဲမှာတော့ အများဆုံးရှိနေမှာ အမှန်ပါ။ နောက်ပြီး ဘူမိသိပ္ပံပညာရှင်တွေ မှန်းဆတဲ့နေရာ (တရုတ်နိုင်ငံတောင်ပိုင်း၊ ကမ္ဘောဒီးယားနိုင်ငံ မြောက်ပိုင်း နှင့် လာအိုနိုင်ငံ) တို့မှာ လွန်ခဲ့တဲ့ နှစ် ၅၀၀၀၀ မှ ၇၈၀၀၀၀ အတွင်း ပေါက်ကွဲခဲ့တဲ့ မီးတောင်များရှိနေခဲ့လို့ ဥက္ကာခဲ ချိုင့်ခွက်ထဲမှာ ချော်ရည်ဟောင်း (မီးသင့်ကျောက်) တွေလည်း ရောထွေးနေတဲ့အတွက် တော်တော်လေး ခက်ခက်ခဲခဲ ရှာဖွေခဲ့ရပါတယ်။
ယခုအချိန်မှာတော့… လာအိုနိုင်ငံတောင်ပိုင်းက သိပ်ကိုလှပတဲ့ တောအုပ်၊ တောင်တန်းနဲ့ ရေတံခွန်များရှိရာ ဗိုလာဗင် (bolaven plateau) ဒေသဟာ လွန်ခဲ့သော နှစ် ၈ သိန်းက ဥက္ကာခဲကြီး ကျရောက်ဖူးခဲ့တယ်ဆိုတဲ့ သမိုင်း သိပ္ပံ အထောက်အထားတစ်ခုပါ ပေါ်ထွက်လာခဲ့ပါပြီ။ သိပ္ပံအသိပညာအပြင်… အနာဂတ် ခရီးသွားလုပ်ငန်းအတွက်လည်း အကျိုးဖြစ်ထွန်းစေမယ့် ရှာဖွေတွေ့ရှိမှု တစ်ခုပဲ ဖြစ်ပါတော့တယ်…။
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)