သက်သတ်လွတ်စားခြင်းနဲ့ ပတ်သက်ပြီး ဖားအောက်ဆရာတော်ကြီးရဲ့ ဟောကြားချက်

သက်သတ်လွတ်ဆိုတာ

တစ်ချိန်တုန်းက ဘုန်းကြီး အစင်တောထဲနေစဉ်အခါက ကျောင်းဆရာတစ်ဦးက ” သက်သတ်လွတ်ဆိုတာ ဘာအဓိပ္ပါယ်ရှိလဲ “တဲ့ သူကလာမေးတယ်။ မေးလိုက်တဲ့ အချိန်မှာ သူဘာဦးတည်ချက်နဲ့ မေးနေတာ ဘုန်းကြီးလည်း နည်းနည်းသဘောပေါက်ပါတယ်။

ဘုန်းကြီးက ” ဘာမှအဓိပ္ပါယ်မရှိပါဘူး ” လို့လဲပြန်ဖြေလိုက်တော့ သူကစျေးဆစ်တတ်တဲ့ ပုဂ္ဂိုလ်ဖြစ်လေတော့ ” ဘာဖြစ်လို့လဲ”တဲ့ သူကထပ်မေးပါတယ်။ဒီတော့ဘုန်းကြီးက မလွဲမရှောင်သာတဲ့ ပြဿနာလေးတွေ သူ့ကိုရှင်းပြပါတယ်။ အသားငါးကို မစားဘူးလို့ ပြောရင် အဓိပ္ပါယ်ရှိတန်သလောက် ရှိပါတယ်။

သို့သော်လည်း သက်သတ်လွတ်စားနေပါတယ်ဆိုရင်တော့ အဓိပ္ပါယ်နဲနဲကင်းမဲ့တဲ့ သဘောရှိတယ်လို့၊ဘာဖြစ်လို့လဲဆိုတော့ ခုလိုပေါ့ ယင်နားစာတွေကို စားလိုက်ရင် သက်သတ်လွတ်တယ်လို့ ပြောနိုင်ပါတော့မလား။မပြောနိုင်ဘူး။ ဘုန်းကြီးတို့ ဆွမ်းခံတဲ့ အခါ ယင်တွေကမည်းနေတာဘဲ ရှိတတ်ပါတယ်။ ဒီယင်တွေက ဘယ်ကလာလဲ ဟိုဘက်က အိမ်သာစတဲ့ မကောင်းတဲ့နေရာတွေက လာရှိလေတော့ သူတို့စီမှာ မမြင်နိုင်တဲ့ ဘက်တီရီးယားတွေ ပါမနေဘူးလား။

တစ်ချို့ခေတ်မှီတဲ့နိုင်ငံတွေမှာတော့ ဒီလိုယင်နားစာတွေကို မစားသုံးကျပါဘူး။ ဘုန်းကြီးတို့လောင်းလိုက်တဲ့ ဆွမ်းထဲကော ဒီလို ယင်နားစာတွေ ပါမနေဘူးလား။ပါနေမှာဘဲ။ အိမ်ရှင်မတွေ တစ်ခါတစ်လေ ဆန်ထဲမှာ ဆန်ပိုးပါနေတာမရွေးဘဲ ရောချက်လိိုက်တယ်။ဘုန်းကြီးကို လောင်းလိုက်လေတော့ သပိတ်ထဲလဲ ဒီပိုးတွေ ပါမလာဘူးလား။ပါလာတယ်။သက်သတ်တစ်ကယ်လွတ်တယ် ပြောနိုင်ဦးမလား။ မပြောနိုင်ဘူးနော်။

သူများအသားငါးတွေ သတ်ပြီးစားရမယ်လို့ ဘုန်းကြီးဆိုလိုရင်း မဟုတ်ဘူး။အဓိပ္ပါယ်ကို ဆန်းစစ်ပြနေတာပါ။ နောက်တစ်ခုကြည့် ဟင်းသီးဟင်းရွက်တွေမှာ ဘက်တီးရီးယားဆိုတဲ့ပိုးတွေ ပါလေတော့။ပကတိမျက်စိနဲ့ မြင်ဖို့ရန်ခက်ခဲတယ် ။ ခက်ခဲလေတော့ အဲ့ဒီမှာ ပိုးတွေက စားမိရင် တကယ့်သက်သတ်လွတ်တယ်ဆိုတာ မပြောနိုင်ပါဘူးလို့။

တစ်ချို့အိမ်ရှင်မတွေလည်း ရှိပါတယ်။တစ်ခါတလေ အိုးမဆေးဘဲ ထမင်းချက်လိုက်တယ်။ ဒီထဲပုရွက်ဆိတ်တွေက ပါလာတယ်။ ဟင်းထဲလည်း ပါလာတတ်တယ်။ အဲ့ဒါကြောင့် သက်သတ်လွတ် အစစ်ရယ်လို့ပြောလို့ သိပ်မလွယ်ဘူးလို့။ ဘုန်းကြီးက သူ့ကိုရှင်းပြပါတယ်။

သို့သော် ပိုဆိုးတဲ့ ပြဿနာတစ်ခုက အင်္ဂလိပ်လက်ထက်လောက်က ဆိုကြပါစို့ နာမည်ကျော်ဖြစ်တဲ့ ဒီသစ်သီးကျောင်းကို စပြီးတည်ထောင်သွားတဲ့ သစ်သီးဆရာတော်ရဲ့ ဆရာဖြစ်တော်မူတဲ့ မဟာဂန္ဓာရုံဆရာတော်ဘုရား ဆိုတာ စစ်ကိုင်းမှာထင်ရှားပါတယ်။ အင်္ဂလိပ်အမျိုးသားတစ်ဒကာတစ်ဦးက ဆရာတော်ကြီးထံချဉ်းကပ်ပြီးတော့ အရှင်ဘုရားတို့ ဘုရားရှင်ကနေပြီးတော့ သူတစ်ပါးရဲ့အသက်ကို ဒုက္ခ မပေးရဘူး ဆိုပြီးတော့ဒီလိုပညတ်ထားတယ်တဲ့။

အဲ့ဒီလို ပညတ်ထားတဲ့ အပိုင်းမှာ အရှင်ဘုရားတို့ သောက်သုံးနေတဲ့ ရေေတွေကို သိပ္ပံပညာနည်းနဲ့ သေသေချာချာ စမ်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ အဲ့ဒီထဲမှာ ပိုးတွေများစွာ ပါနေတယ်တဲ့။”အဲ့ဒါသူများအသက်ကို ဒုက္ခပေးနေတာ မဟုတ်ဘူးလား” တဲ့။ ဒီမေးခွန်းလေးမေးလာတယ်။

မေးလိုက်တဲ့အခါ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ” တို့ဘုရားရှင်က ရေကိုစစ်ပြီးတော့ သောက်သုံးစေဆိုပြီး ခွင့်ပြုထားတယ်။ တို့လည်းစစ်ပြီးတော့ သောက်တာ ၊ သောက်လိုက်တဲ့အခါ ရေကစစ်ထားတယ် ပိုးရှိတယ်ဆိုတာလည်း မသိဘူး။ မြင်လည်း မမြင်နိုင်ဘူး။ မမြင်နိုင်တဲ့အတွက်ကြောင့် မမြင်နိုင်တဲ့ ဒီပစ္စည်းတွေအတွက် ဆိုရင် အာပါ မဟုတ်လေတော့။ အာပါတ်မသင့်ပါဘူးလို့” ပြန်ဖြေလိုက်တယ်။

အဲ့ဒီတော့ ရေတောင်မှ သက်သတ်လွတ်သေးလား?။မလွတ်ဘူး။ရေတောင် သက်သတ်မလွတ်ဘူးဆို အခြားကော သက်သတ်လွတ်ဆိုတာ ရှိနိုင်ပါတော့မလား။ ဒီထက်ပိုဆိုးတဲ့ ပြဿနာတစ်ခုကို ဘုန်းကြီးစဉ်းစားမိတာ သိပ္ပံပညာနည်းအရ ပြောမယ်ဆို အသက်ရှူလိုက်တဲ့ လေထဲမှာလည်း ကူးစက်တတ်တဲ့ ပိုးမွှားတွေရှိနေတယ်။ ဥပမာ- တီဘီရောဂါရှိတဲ့သူတွေ ချောင်းတံတွေးကနေ ကူးနိုင်တယ်။ သူချောင်;ဆိုးလိုက်တဲ့အခါ သူချောင်ဆိုးတဲ့လေမှာ ပိုးတွေပါတယ်။ မိမိကရှူခဲ့မိမယ်ဆို ကူးစက်နိုင်ပါတယ်။ဒီလိုဆို အသက်ရှူလိုက်ရင် အဲ့ဒီပိုးကောင်တွေ ပါမသွားဘူးလား။ တကယ့်သက်သတ်လွတ် အစစ် ဖြစ်ပါ့မလား?။

မဖြစ်နိုင်ဘူးနော်။ ဒါကြောင့် နည်းနည်းလေး အစွန်းတစ်ဖက်ကို ရောက်နေတဲ့ စိတ်ထား ဘုန်းကြီးက မရှိစေချင်လို့ပြောတာပါ။ အရင်တုံးက ကျန်းမာရေးအရ လက်ဖက်ထဲမှာ စမ်းသပ်လိုက်တော့ ပိုးတွေများစွာ ပါနေဆိုတော့ ဘုန်းကြီးလည်း ဒါကိုကြားပြီး လက်ဖက်မစားတာ နှစ်နဲ့ချီကြာပါတယ်။ နောက်တော့ပြန် စဉ်းစားမိတယ် ရေသောက်နေလည်း ပိုးကပါတယ်။ အသက်ရှူရင်လည်း ပိုးကပါတယ်။

နောက်ဆုံး ကျင်ကြီးကျင်ငယ်ထဲလည်း ပိုးက ပါနေလေတော့ ၊ ကျင်ကြီးကျင်ငယ် စွန့်လိုက်ရင် ဒီပိုးတွေ သေကြေပျက်စီးကုန်မှာ ဆိုးလို့ မစွန့်ဘဲ နေမလား?, စဉ်းစားကြည့်နော်။ တစ်ဖက်စွန်းကို မရောက်စေချင်လို့ဘုန်းကြီးပြောတာပါ။ ဥပါလိသူကြွယ်ကို ဘုရားရှင်ဟောကြားထားတာ တစ်ခုရှိပါတယ်။ ကာယကံနဲ့ မနောကံနေရာမှာ လမ်းလျောက်တဲ့အခါမှာ ကိုယ်က မြင်လဲ မမြင်ဘူး သိလည်း မသိဘဲ ပိုးမွှားတွေကို နင်းမိတယ်။သေကြေပျက်စီးကုန်တယ်။

ဒီလိုနေရာမျိုးမှာတော့ သေစေလိုတဲ့ စိတ်စေတနာ ထင်ရှားရှိမှသာလျှင် ပါဏာတိပါတကံထိုက်ပါတယ်။ လုံ့လပယောဂစသည့် အင်္ဂါရပ်တွေလည်းပါတယ် အဲ့ဒီမှာ အဓိက က သေစေလို စိတ်စေတနာပါ။ ခုလိုသွားလာရင်း သတ္တဝါတွေကို သေစေလိုတဲ့ စိတ်မထားဘဲ နှလုံးသွင်းမှန်နေမယ်ဆို အပြစ် မဖြစ်ပါဘူး။အကယ်၍ ဒီလိုဟာသာ အပြစ်ဖြစ်ပါတယ်ဆို လမ်းမသွားဘဲ နေရတော့မလား။

ဒီနေရာမှာ အဋ္ဌကထာ၊ဋီကာတွေဖွင့်ဆိုထားတာ ဘုရားရှင်ရဲ့အလိုအတိုင်း တကယ့်သက်သတ်လွတ်ဆိုတာ စမ်းစစ်ကြည့်ရင် လွယ်ပါ့မလား?။မလွယ်ဘူးနော်။ ဘုရားရှင်က စားသုံးတဲ့အခါမှာ နိဿရဏ သံသရာမှ ထွက်မြောက်ကြောင်း တရားနှလုံးသွင်းပြီး စားသုံးဖို့ ညွှန်ကြားထားပါတယ်။

ဒီမှာက ဘယ်လိုပြဿနာပေါ်လဲဆိုတော့ သက်သတ်လွတ်စားတဲ့ အလေ့အကျင့်သည် မွန်မြတ်တဲ့ ကျင့်ဝတ်ဖြစ်တယ်လို့ ယူဆခဲ့ရင် မိစ္ဆာဒိဋ္ဌိဖြစ်တယ်လို့ဆိုပြီး အဋ္ဌကထာ၊ဋီကာတွေဖွင့်ဆိုထားတယ်။ ဘာဖြစ်လို့လည်း မှားယွင်းနေတဲ့ အယူအဆမို့ပါ။ အခုစမ်းစစ်ပြသလို တကယ့်သက်သတ်လွတ်ဆိုတာ ဖြစ်နိုင်ပါ့လား?။ မဖြစ်နိုင်ပါဘူးနော်။

သို့သော် သိလျက်နဲ့ လွန်ကျူးလိုတဲ့ စိတ်စေတနာဖြင့် သတ္တဝါတွေကို ဒုက္ခပေးပြီး စားသောက်တာ ဘုရားရှင် နှစ်ခြိုက်သလား?။ မနှစ်ခြိုက်ပါဘူး။ ဒီနေ့စားနေတဲ့ အသားငါးတွေက မသတ်ဘဲ ဖြစ်ပေါ်လာသလား? ။ ရှားပါတယ်နော်။

သက်သတ်လွတ်စားတဲ့ အလေ့အကျင့်သည် မွန်မြတ်သော ကျင့်ဝတ်ဖြစ်တယ်လို့ ယူဆခဲ့ရင် မိစ္ဆာဒိဋ္ဌိဖြစ်သလို သက်သတ်မလွတ်မှ အသားငါးကိုစားမှသာလျှင် သမ္မာဒိဋ္ဌိဖြစ်တယ်လို့ ယူဆမယ်ဆိုရင် မမှားဘူးလား?။ မှားနေတယ် ဘာဖြစ်လို့လဲ အသားငါးမစားတဲ့ နေ့က အပြစ်ရှိရမယ်ပုံ ဖြစ်နေတော့မယ်။

ဘုရားရှင်က သက်သတ်လွတ်ခြင်း အသားငါးစားခြင်းမစားခြင်းထက် အစွန်း-၃ပါး လွတ်ဖို့ရန်သာ အဓိကပါ။ အာလူးဘဲစားတယ်ထား ဘဝမှ လွတ်မြောက်ဖို့ နိဿရဏသံသရာက ထွက်မြောက်ဖို့ ဉာဏ်အမြင်နဲ့ မစားခဲ့ရင် ဆင်းရဲဒုက္ခမှလွတ်နိုင်ဖို့ မလွယ်ပါဘူး။အပ်စပ်နေတဲ့ အသားငါးဘဲ စားချင် စားပါစေ။ ဘဝမှ လွတ်မြောက်လိုတဲ့ နိဿရဏ ပညာဉာဏ်အမြင်ရှိခဲ့ရင် သံသရာဝဋ်ဆင်းရဲက မလွတ်နိုင်ဘူးလား။လွတ်နိုင်ပါတယ်။

ဘုရားရှင်သည်လည်း နိဿရဏပညာနဲ့ အပ်စပ်သောအသားငါးကို မစားဘူးလား။ သံသရာဝဋ်ဆင်းရဲက မလွတ်နိုင်ဘူးလား။ လွတ်မြောက်သွားပါတယ်။ တစ်ချို့တွေ သက်သတ်လွတ် စားနေတယ် နိဿရဏဉာဏ်ပညာမရှိလေတော့ သံသရာဝဋ်ဆင်းရဲက လွတ်နိုင်လား။ မလွတ်နိုင်ပါဘူး။ သံသရာဝဋ်ဆင်းရဲက လွတ်ဖို့ နိဿရဏဉာဏ်ပညာကို ဘုရားရှင်က သင်ပေးနေတာပါ။ (နိဿရဏ= ထွက်မြောက်ခြင်း,လွတ်မြောက်ခြင်း)

“ဖားအောက်တောရဆရာတော် “

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page